သတင်း

သူရ ဦးရွှေမန်း ‘ဝ’ အဖွဲ့နှင့် ကျိုင်းတုံ၌ တွေ့ဆုံဆွေးနွေး

This article has been converted from Zawgyi One to Unicode

ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့နှင့် ‘ဝ’ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ (UWSP) ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံ မြို့ တိုင်းစစ်ဌာနချုပ် ရိပ်သာတွင် တွေ့ဆုံကြောင်း သတင်းရရှိသည်။

ယင်းတွေဆုံပွဲတွင် သူရ ဦးရွှေမန်းနှင့် အတူ ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဌ ဦးသိန်းဇော် တို့လည်း ပါဝင်ပြီး UWSP မှ အထူးဒေသ (၂) ဒု တပ်မှူးကြီး ဦးအိုက်လွန်း၊ ပြည်ပဆက်ဆံရေးဌာန တာဝန်ခံ ဦးကျောက်ကော်အန်း၊ ပြန်ကြားရေးဌာန တာဝန်ခံ ဦးအောင်မြတ် တို့ တက်ရောက်ကြောင်း သိရသည်။

ဦးရွှေမန်းအဖွဲ့နှင့် လိုက်ပါလာသူ တဦးက “ဆွေးနွေးတာ အဓိက ကတော့ ငြိမ်းချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးပါပဲ၊ အသေးစိတ်တော့ ပြောလို့မရဘူး၊ ဦးရွှေမန်း က လွှတ်တော်ပြီးတော့ ဒီဒေသက ပြည်သူတွေရဲ့ အခြေအနေကို လိုက်လေ့လာတာပါ၊ လိုက် လေ့လာ ရင်း နဲ့ ရောက်တဲ့ဒေသက ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့လည်း တွေ့ပြီးတော့ သူတို့ သဘောထားတွေမေးတယ်၊ နားထောင်တယ်၊ ဒီသဘောပါပဲ”ဟု ဧရာဝတီသို့ ပြောသည်။

သူရ ဦးရွှေမန်း ဦးဆောင်သည့် အဖွဲ့သည် ယနေ့တွင် ကွမ်လုံနှင့် လောက်ကိုင် ဒေသများကိုသွားရောက်၍ ဒေသဖွံ့ဖြိုးရေး အခြေ အနေများကို လေ့လာခဲ့ပြီး ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း၊ နောက်ရက်တွင် ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) အဖွဲ့နှင့်လည်း လားရှိုးမြို့တွင် တွေ့ဆုံရန်ရှိကြောင်း သူကဆက်ပြောသည်။

ယခုတွေ့ဆုံပွဲ ဆွေးနွေးချက်များနှင့် ပတ်သက်၍ တက်ရောက်ခဲ့သည့် အဓိကတာဝန်ရှိသူများကို ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခြင်းမရှိသဖြင့် အသေးစိတ် ဖော်ပြနိုင်ခြင်းမရှိပါ။

သို့သော်လည်း ‘ဝ’ ပြည်နယ်သတ်မှတ်ပေးရေး အပါအဝင် ၂၀၁၅ ရွေးကောက်ပွဲ၌ ‘ဝ’ လူမျိုးများ မဲပေးနိုင်ရေး အတွက် သန်းခေါင် စာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်များ ပြုလုပ်ပေးရေး၊ နှစ်ဖက်တပ်များအကြား ဖြစ်ပွားသော ပဋိပက္ခများကို ညှိနှိုင်းဖြေရှင်းရေး နှင့် ဒေသဖွံ့ဖြိုးရေး ပူးပေါင်းလုပ်ဆောင်ရေး တို့ကို ဆွေးနွေးဖလှယ်ဖြစ်ခဲ့သည်ဟု UWSP ၏ ကျိုင်းတုံမြို့ ဆက်ဆံရေးရုံး တာဝန်ရှိသူ တဦးက ပြောသည်။

UWSP အနေဖြင့် ‘ဝ’ ကိုယ်ပိုင်ပြည်နယ် ရရှိရေး အတွက်ကို ၁၉၈၉-၉၀ ငြိမ်းချမ်းရေး ယူစဉ် ကာလ ကတည်းက အစဉ်တစိုက် ကြိုးပမ်းမှုပြုလုပ်ခဲ့ကြောင်း၊ ၁၉၉၃ ခုနှစ်တွင် ကျင်းပခဲ့သော ညောင်နှစ်ပင် အမျိုးသား ညီလာခံတွင်လည်း တင်ပြ တောင်းဆို ခဲ့ဖူးကြောင်း သိရသည်။

ယခုနှစ် ဇူလိုင်လ အစောပိုင်းက သံလွင်မြစ် အရှေ့ခြမ်း ထိုင်း-မြန်မာ နယ်စပ်တွင်ရှိသော ‘ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ၁၇၁ စစ်ဒေသ လှုပ်ရှားနယ်မြေတွင် ‘ဝ’ စစ်တပ်နှင့် အစိုးရ စစ်တပ်တို့ စစ်ရေး တင်းမာမှုဖြစ်ပွားခဲ့ပြီး ဦးသိန်းဇော် ဦးဆောင်သည့် အစိုးရ အဖွဲ့များနှင့် UWSP ကိုယ်စားလှယ်များ ကျိုင်းတုံမြို့ပေါ်တွင် ဇူလိုင်လ ၁၂ ရက်နေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသေးသည်။

ယင်းတွေ့ဆုံပွဲတွင် ထာဝရငြိမ်းချမ်းရေး ရရှိသည်အထိ အတူလက်တွဲ ဆောင်ရွက်သွားရေး၊ နှစ်ဖက်တပ်များအကြား တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များ ပေါ်ပေါက်လာပါက တွေ့ဆုံဆွေးနွေးအဖြေရှာရေး အပါအဝင် အချက် (၅) ချက်သဘောတူညီမှု ရရှိခဲ့ကြပြီး တွေ့ဆုံပွဲအပြီးနောက် စစ်ရေးတင်းမာမှု လျော့ကျသွားခဲ့ကြောင်း UWSP ဗဟိုဦးစီး အဖွဲ့ဝင်တဦးက ဧရာဝတီသို့ ပြောသည်။
ဦးရွှေမန်းသည် ၎င်း၏ ရှမ်းပြည်နယ်ခရီးစဉ်ကို ယခုလ ၂ ရက်နေ့က စတင်ခဲ့ပြီး တောင်ကြီးမြို့ ပင်လုံရိပ်သာ၌ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေးဖွဲ့ချုပ် (PNO)နှင့် ရှမ်းပြည်နယ် ပြန်လည် ထူထောင်ရေး ကောင်စီ/ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) တို့နှင့် ထိုနေ့ မနက်ပိုင်းက တွေ့ဆုံခဲ့ကြသည်။

ယင်းဆွေးနွေးပွဲကို တက်ရောက်လာသည့် အဖွဲ့များက ပဏာမ ငြိမ်းချမ်းရေး ရယူထားပြီးဖြစ်သော်လည်း တိုက်ပွဲများ ဆက်ဖြစ်နေ ခြင်းကို တင်ပြဆွေးနွေးခဲ့သည့်အပြင် ဒေသဖွံ့ဖြိုးရေး ဆိုင်ရာများကိုလည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သူရဦးရွှေမန်းက ထိုနေ့ မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ နိုင်ငံရေး ပါတီများ၊ NGO အဖွဲ့များ၊ လူထု အခြေပြု အဖွဲ့များ(CBO) နှင့်လည်း တွေ့ဆုံခဲ့ပြီး ဒေသတွင်း အခြေအနေများကို ဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေးနွေးပွဲကို တက်ရောက်လာသူများကလည်း အစိုးရအနေနှင့် ပြည်နယ်များအပေါ် ဘတ်ဂျက် ခွဲဝေရေး၊ ခိုင်မာသည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရေး၊ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

ထို့အပြင် သိမ်းဆည်း လယ်ယာမြေများ ပြန်ပေးရေး၊ ရှမ်းပြည်နယ်အတွင်း၌ အစိုးရအဖွဲ့ဝင်များ၏ မတရား အနိုင်ကျင့်မှုများ အရေး ယူ ဆောင်ရွက်ပေးရေး၊ မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ခွင့်ပြုချက် မရှိဘဲ ဆန္ဒပြခြင်းကို အရေးယူသည့် ပုဒ်မ ၁၈ တို့အား ဖျက်သိမ်းပေးရေး စသည်တို့ကိုလည်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။

Loading