ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနားကို ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီးဋ္ဌာနက ဦးဆောင်ကာ ရန်ကုန်မြို့ရှိ မြန်မာ စီးပွားရေး ကွန်ဗင်းရှင်း စင်တာ (MCC) တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ရခိုင်တိုင်းရင်းသား ရေးရာဝန်ကြီး ဦးဇော်အေးမောင်က ဧရာဝတီသို့ ပြောသည်။
ဗြိတိသျှဘုရင်ခံ ဆာရယ်ဂျီနယ် ကရက်ဒေါက်ကို မြန်မာပြည်မှ ထွက်သွားရန် နှင်ထုတ်ခဲ့သည့် ရခိုင်တိုင်းရင်းသား ဆရာတော် ဦးဥတ္တမ ပျံလွန်တော်မူသည့် အထိမ်းအမှတ် နေ့ကို နှစ်စဉ် ရခိုင်ပြည်နယ်အတွင်း ပြုလုပ်ခဲ့ပြီး အစိုးရက လုံခြုံရေးချ စောင့်ကြည့်ခြင်းများ ပြုလုပ်ခံခဲ့ရသည့် အခမ်းအနား တခုဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားများထံမှ သိရသည်။
“ဦးဥတ္တမ ဆိုတာက ရခိုင်အမျိုးသား တခုတည်းအတွက် မဟုတ်ဘူး။ ပြည်ထောင်စု တခုလုံးအတွက် လွတ်လပ်ရေး ကြိုးပမ်း ခဲ့တာပါ။ နိုင်ငံရေး မျက်စိဖွင့်ပေးခဲ့တဲ့ ဆရာတော်ရဲ့ အထိမ်းအမှတ်နေ့ကို ဘာကြောင့် ပိတ်ခဲ့တယ်ဆိုတာ ကျနော်တို့ နားမလည်ဘူး။ တနိုင်ငံလုံး အတိုင်းအတာနဲ့ လုပ်သင့်တာ ကြာပါပြီ” ဟု ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြတ်ကျော်က ဧရာဝတီသို့ ပြောသည်။
ထို့အပြင် ယခုကဲ့သို့ ပွင့်လင်းစွာ ကျင်းပခွင့်ပေးခြင်းသည် တိုင်းရင်းသားစည်းလုံးမှုနှင့် တဦးအပေါ် တဦး ယုံကြည်မှု ခြေတလှမ်း တိုးခြင်းဟု ယူဆကြောင်း သူက ဆိုသည်။
ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်ကလည်း “အခုလို လုပ်ခွင့်ရတာဟာ ဒီမိုကရေစီ လမ်းကြောင်းကို သွားနေတယ်ဆိုတဲ့ ပြယုဂ်တခုလို့ မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
MCC တွင်ပြုလုပ်မည့် ယင်းအခမ်းအနားကို ဆရာတော် ပျံလွန်တော်မူခဲ့သည့် စက်တင်ဘာ ၉ ရက်တွင် နေ့လည် ၁၂ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ပြီး အထိမ်းအမှတ် ပြပွဲများနှင့် ရခိုင်သမိုင်းပညာရှင်များ၏ ဟောပြောပွဲများလည်း ပါဝင်ရန် စီစဉ်ထားကြောင်း သိရသည်။
“တိုင်းရင်းသား အားလုံးကို ဖိတ်စာရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ တက်ရောက်နိုင်ပါတယ်လို့ ဖိတ်ခေါ်ပါတယ်” ဟု ဦးဇော်အေးမောင်က ပြောသည်။
၇၄ နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့ အခမ်းအနား အကြိုဟောပြောပွဲကို ရခိုင်ပြည်နယ် မောင်တောမြို့တွင် စက်တင်ဘာ ၂ ရက် နေ့က ပြုလုပ်ခဲ့သည်။
၁၉၃၉ ခုနှစ် စက်တင်ဘာ ၉ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော် ဦးဥတ္တမသည် အင်္ဂလိပ် အစိုးရက မြန်မာပြည်ကို အုပ်ချုပ်ခဲ့စဉ် မြန်မာအမျိုးသားများ နိုင်ငံရေး စိတ်ဓာတ် မြင့်မားလာစေရန် ဟောပြောမှု၊ နှိုးဆော်မှုများကြောင့် ထောင်ဒဏ် အကြိမ်ကြိမ် အပေးခံခဲ့ရသည့် သံဃာတော် တပါးဖြစ်သည်။
ထို့အပြင် ထိုစဉ်က သြဇာရှိခဲ့သည့် သူရိယ သတင်းစာမှတဆင့် မြန်မာနိုင်ငံကို ကျွန်ပြု အုပ်ချုပ်နေသည့် ဗြိတိသျှဘုရင်ခံအား မြန်မာနိုင်ငံမှ ထွက်သွားရန် နှင်ထုတ်ခဲ့ရာ သူ့အား လွတ်လပ်ရေး မီးရှူးတန်ဆောင်ဟု တင်စားခေါ်ဝေါ်ခဲ့သည်။