ရခိုင်ပြည်နယ်လွှတ်တော် တရားသူကြီး ဒေါ်စီစီ ကို အဂတိ လိုက်စားသည်ဟူသော စွပ်စွဲသည့်အမှုဖြင့် ပြည်နယ် လွှတ်တော် က စုံစမ်းရေး ကော်မတီ တခု ဖွဲ့၍ စုံစမ်း စစ်ဆေးရန် စီစဉ်နေကြောင်း သိရသည်။
ဒေါ်စီစီ သည် အာဏာ အလွဲသုံးစား ပြုလုပ်၍ လာဘ်ငွေ ယူသည်ဟု ဆိုကာ လွှတ်တော်သို့ တိုင်ကြား လာသည့် အတွက် စုံစမ်း စစ်ဆေးမည့် ကော်မတီတရပ်ကို စက်တင်ဘာလ ၂ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ကြောင်း၊ စုံစမ်း စစ်ဆေးမှု ရလဒ်ကို လွှတ် တော်၌ ထပ်မံကြားနာရမည် ဖြစ်ကြောင်း ရခိုင်ပြည်နယ် လွှတ်တော်၏ ဒု ဥက္ကဋ္ဌ ဦးသာညွှန့်က ဧရာဝတီ ကို ပြောသည်။
“ဒေါ်စီစီအမှုကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့တခု ဖွဲ့ထားပြီးပါပြီ၊ ကော်မတီ အနေနဲ့ ဖွဲ့စည်းတဲ့ ရက်ကနေ ၁၅ ရက်အတွင်း စုံစမ်း စစ်ဆေးမှု ရလဒ်တွေကို နောက်တကြိမ် လွှတ်တော်မှာ တင်ပြရမယ်၊ ပြီးရင် ဆန္ဒရယူ မဲခွဲဆုံးဖြတ်ရမှာ ဖြစ်တယ်”ဟု ဦးသာ ညွှန့်က ဆိုသည်။
အဖွဲ့ဝင် ၅ ဦးပါဝင်သော စုံစမ်း စစ်ဆေးမည့်ကော်မတီသည် ဒေါ်စီစီအမှုအား မကြာမီ စစ်ဆေးမည်ဖြစ်ကာ အောက်တိုဘာ လ ၁၆ ရက်နေ့ အပြီးသတ် ဆောင်ရွက်သွားမည်ဟု စုံစမ်းရေး ကော်မတီဝင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင် မြကျော် က ဧရာဝတီ ကို ပြောသည်။
“မြောက်ဦးမှာ ငွေ သိန်း ၄၃၀၀ ကျော် လိမ်လည်မှု တခုကို တရားစွဲဆိုထားတာ ရှိတယ်၊ ဒီအမှုကို မြို့နယ်၊ ခရိုင်က တဆင့် ပြည်နယ်အဆင့် ရောက်တော့မှ တရားသူကြီး ဒေါ်စီစီက လာဘ်ငွေယူပြီး အမှုကို ပယ်လိုက်တာရဲ့နောက် ဆက်တွဲဖြစ်လာ တဲ့ ပြဿနာပါ”ဟု ဦးအောင်မြကျော် က ရှင်းပြသည်။
မြောက်ဦး မြို့နယ်မှ စီးပွားရေး လုပ်ငန်းရှင် ဒေါ်မသန်းတင် ဆိုသူ အမျိုးသမီးသည် ဒေသခံ ၉၀ ဝန်းကျင်နှင့် ဆန်စပါး အရောင်းအဝယ် လုပ်ထားသည့် ကျပ် သိန်း ၄၃၀၀ ကျော် လိမ်လည် ထားကြောင်း၊ ၎င်းကို မကျေနပ်သည့် ဒေသခံများ က မြို့နယ်၊ ခရိုင်အဆင့်တွင် တိုင်ကြားခဲ့ကြကြောင်း သိရသည်။ ထိုငွေလိမ်မှုသည် ၂၀၁၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ငွေလိမ်လည်သည်ဟု စွပ်စွဲခံရသူ ဒေါ်မသန်းတင်သည် ဒေသခံများ၏ တိုင်ကြားထားမှုကို ပြည်နယ်အဆင့်သို့ ပြောင်းလဲ အ ယူခံဝင်ရန် တရားသူကြီး ဒေါ်စီစီနှင့် ပူးပေါင်း ခဲ့ကြောင်း၊ ပြည်နယ်အဆင့် သို့ရောက်သည့်အခါ တရားသူကြီး ဒေါ်စီစီက ထို အမှုသည် တရားစွဲရန် မသင့်ဟုဆိုကာ ပယ်ချလိုက်ကြောင်း ဦးအောင်မြကျော် က ဆိုသည်။
လွှတ်တော် တရားသူကြီး ဒေါ်စီစီက ပယ်ချလိုက်ခြင်းကို မကျေနပ်သည့် ဒေသခံများက လွှတ်တော် ကိုယ်စားလှယ်များထံ တိုင်ကြားခဲ့သည့်အတွက် တရားသူကြီးအား အယုံအကြည်မရှိ အဆို တင်သွင်း၍ စုံစမ်းရေးကော်မရှင် ဖွဲ့စည်းလိုက်ခြင်း ဖြစ် သည်။
လွှတ်တော်တရားသူကြီး ဒေါ်စီစီအား လာဘ်လာဘ ယူပြီး အာဏာအလွဲသုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော် ကိုယ် စားလှယ် ၁၄ ဦးက သြဂုတ်လ ၃၀ ရက်က ဖွဲ့စည်းပုံ ဥပဒေအတိုင်း စွပ်စွဲ ပြစ်တင်မှု လုပ်ဆောင်ခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံအရ လွှတ်တော် တရပ်ရပ်သည် တရားသူကြီး တဦးဦးအား ပြစ်တင် စွပ်စွဲမည်ဆိုပါ ကိုယ်စားလှယ် အရေ အတွက်၏ ၄ ပုံ ၁ ပုံ က လက်မှတ်ရေးထိုး၍ လွှတ်တော် ဥက္ကဋ္ဌ ထံတင်ပြနိုင်သည်။ ဥက္ကဋ္ဌ လက်ခံပါက စုံစမ်းစစ်ဆေးရေး ကော် မတီ၊ ကော်မရှင် ဖွဲ့စည်း၍ စုံစမ်းစစ်ဆေးနိုင်မည် ဖြစ်သည်။
အကယ်၍ စုံစမ်းစစ်ဆေးရေး ကော်မတီ၏ တွေ့ရှိချက်များကို လွှတ်တော်၌ တင်ပြပြီး မဲခွဲကာ ကိုယ်စားလှယ် ၃ ပုံ ၂ ပုံ က ထောက်ခံပါက ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၃၁၁ အရ ပြစ်တင်စွပ်စွဲခံရသူ တရားသူကြီးသည် ရာထူးမှ ဖြုတ်ချခံရနိုင်သည်။
ရခိုင်လွှတ်တော်၏ တရားသူကြီး ဒေါ်စီစီအမှုသည် ရခိုင်ပြည်နယ်အတွင် အဂတိ လိုက်စားသည့် ဝန်ထမ်းများနှင့် ပတ်သက် ၍ စုံစမ်း စစ်ဆေးမည့် ပထမဆုံး အမှု ဖြစ်ပြီး ရာထူးအားဖြင့်လည်း အမြင့်ဆုံး ဝန်ထမ်း တဦးဖြစ်သည်။
လွှတ်တော် တရားသူကြီး ဒေါ်စီစီ ကို သမ္မတ ဦးသိန်းစိန်၏ အမိန့်ဖြင့် ခန့်အပ် တာဝန်ပေးထားခြင်း ဖြစ်သည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားသူကြီး တဦးသည် နိုင်ငံတော်သစ္စာဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံ ဥပဒေ ပါ ပြဌာန်း ချက် တရပ်ရပ်ကို ဖောက်ဖျက် ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဥပဒေ အရ ပေးအပ်ထားသည့် တာဝန်မကျေ ပွန် ခြင်းတို့ ရှိပါက လွှတ်တော် ကိုယ်စားလှယ်များက စွပ်စွဲပြစ်တင်နိုင်ကြောင်း ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၃၁၁ တွင် ပြဌာန်း ထားသည်။