ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားပြီး နောက်ပိုင်း လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခအသွင်မျိုး ဖန်တီးလှုံ့ဆော်မှု ပြန်လည်ခေါင်းထောင်လာခြင်းကို ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခပ်စိပ်စိပ် ဖြစ်လာနေသော အဖြစ်အပျက်များက သက်သေပြနေသည်။
ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်နေ့က သီချင်းပြိုင်ဖွင့်ရမှာ အစ္စလမ်ဘာသာဝင်နှင့် ဗုဒ္ဓဘာသာဝင် အိမ်နီးချင်းတို့ စကားများရန်ဖြစ်ရာမှ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခဖြစ်စေရန် လှုံ့ဆော်ခဲ့သည်။ သြဂုတ်လ ၃၀ ရက်နေ့က ရန်ကုန်တိုင်း ဥက္ကံမြို့နယ်တွင် အခြေခံပညာကျောင်းတွင် ဗုဒ္ဓဘာသာဝင်ကျောင်းသားနှင့် ဘာသာခြားများ ရိုက်ပွဲဖြစ်ပွားသည်ဟု ကောလဟလများ ပျံ့နှံ့ကာ လုံခြုံရေးတိုးမြှင့်လိုက်ရသည်။
ထို့အပြင် သာကေတမြို့နယ်ရှိ ရေကန်တကန်ကို ဘာသားခြားများက အဆိပ်ခတ်သည်ဟူ၍၎င်း၊ တောင်ဥက္ကလာပ မြို့နယ်တွင်လည်း ဆိုက္ကားစီးလာသော အမျိုးသမီးကို အငြိုးဖြင့် မျက်နှာကို ဓားနှင့်လှီးခဲ့မှုတွင်လည်း ဘာသာခြားများက လုပ်ခဲ့သည်ဟု၎င်း၊၊ မကွေးတိုင်းဒေသကြီးအတွင်း အသက် ၆ နှစ်အရွယ် ကလေးမလေးကို ဘာသာခြား အမျိုးသားတဦးမှ မုဒိန်းမှု ကျူးလွန်ရန် ကြိုးစားခဲ့သည်ဟု၎င်း ကောလာဟလများ ဖြစ်ပေါ်ပျံ့နှံ့ခဲ့သည်။
နောက်ဆုံး စက်တင်ဘာလ ၄ ရက်နေ့ကလည်း သင်္ဃန်းကျွန်းမြို့နယ် ယုဝတီလမ်းအတွင်းရှိ အစ္စလာမ်ဘာသာရေး စာသင်ကျောင်းကို မီးတုတ်ဖြင့်ပစ်ခဲ့ပြီး ဘာသာရေးနှင့် လူမျိုးရေး ပဋိပက္ခဖြစ်ပေါ်စေရေး ဖန်တီးခဲ့သည်။
ထိုသို့ မကွေး၊ ရန်ကုန်နှင့် ပဲခူးတိုင်းတို့တွင် ပြဿနာများ ဖြစ်ပွားစေရေး ဖန်တီးခဲ့သော်လည်း လုံခြုံရေးတပ်ဖွဲ့များ၊ အာဏာပိုင်များနှင့် ရပ်ကွက်နေ လူထုတို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် အခြေအနေကို ကြိုတင်ထိန်းသိမ်းထားနိုင်ခဲ့သည်။
ယခုလို ဖန်တီးလှုံဆော်မှုများကို သတိရှိရမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ကုလသမဂ္ဂ၏ အထွေထွေ ညီလာခံကျင်းပရန် နီးကပ်နေချိန်တွင် မြန်မာနိုင်ငံ၏ ဂုဏ်သိက္ခာကို ထိပါး အောင်လုပ်မည့်သူများကို သေချာစွာ စိစစ်ရန်လိုအပ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန့်က ဧရာဝတီသို့ ပြောသည်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလမှာ အင်မတန်မှ ဆွပေးလို့ ကောင်းတာက ဘာသာရေးနဲ့ လူမျိုးရေးပဲ။ အဲဒီတော့ ပထမအနေနဲ့ အခြေခံ ဥပဒေမှာ ဘာသာရေးနဲ့ ပတ်သက်ပြီး ပေးထားတဲ့ သတ်မှတ်ချက်တွေ၊ ပြဌာန်းချက်တွေကို အကောင်အထည်ဖော်ပေးရမယ်။ စာလုံးတွေနဲ့တင် မရဘူး” ဟု ၎င်းက ဆိုသည်။
ယခုလို ဖြစ်ပျက်မှုများသည် တရားဥပဒေစိုးမိုးမှုပေါ်တွင် မူတည်ကြောင်း၊ ဥပဒေစိုးမိုးမှု မရှိလျှင် တနိုင်ငံလုံး အတိုင်းအတာ အထိ ဖြစ်သွားနိုင်ကြောင်း၊ တဘက်တွင် ဒီမိုကရေစီကို လိုလားသူများရှိသလို အခြားတဘက်တွင် ဒီမိုကရေစီကို မလိုလားသည့် အုပ်စုများမှ တမင်ဖန်တီးနေသည်ဟု သုံးသပ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝိအဖွဲ့ချုပ်မှ ဥက္ကဌ ဦးကျော်စိုးက ဧရာဝတီသို့ ဆိုသည်။
ဘာသာပေါင်းစုံမှ ငြိမ်းချမ်း ချစ်ကြည် ညီညွတ်ရေးရရှိအောင် မည်သို့ပင် လုပ်ဆောင်နေသော်လည်း အစိုးရဘက်မှ ယခုလို ကိစ္စရပ်မျိုးကို ကိုင်တွယ်ဖြေရှင်းမှု မရှိလျှင် ဆိုးရွားနိုင်မည်ဖြစ်ကြောင်း၊ ယခုဖြစ်နေသော ကိစ္စများသည် ဗုဒ္ဓဘာသာဝင်နှင့် အစ္စလာမ်ဘာသာဝင် အချင်းချင်း တဦးနှင့်တဦး မေတ္တာတရားရှိပြီးသားများကို ပျက်ယွင်းသွားအောင်၊ တိုင်းပြည်ဆူပူမှုဖြစ်စေရန်နှင့် ဒီမိုကရေစီလမ်းကြောင်း သွေဖယ်သွားစေရန် ဖြစ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“သေချာတယ်လေ။ ဒီနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ကိစ္စမှန်မျှ အားလုံးဟာ ပြသနာကို တမင်ဖန်တီးတဲ့ အုပ်စုကနေ အချိန်တရပ် ယူပြီးတော့ စီမံချက်နဲ့ကို လုပ်နေတယ်လို့ ပြောလို့ရတယ်။ နည်းနည်း နည်းနည်း စ ရင်းနဲ့ တနိုင်ငံလုံးအထိလုပ်မယ့် အနေအထားမျိုး ရှိတယ်” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲ တပ်ဖွဲ့မှူး ရဲမှူးကြီး မြင့်အေးကလည်း မိမိတို့ ရဲတပ်ဖွဲ့များအနေဖြင့်လည်း အရပ်ဘက်အဖွဲ့အစည်းများနှင့် စုပေါင်း စောင့်ရှောင့်ပေးလျှက်ရှိကြောင်း၊ ကောလာဟလများ ထွက်ပေါ်လာလျှင်လည်း မိတ်ဘက်အဖွဲ့အစည်းများနှင့်ဖြစ်စေ၊ မီဒီယာနှင့်ဖြစ်စေ အမြန်ဆုံးဖြိုခွင်းရမည်သာ ဖြစ်ကြောင်း၊ လူအုပ်စုများ ဖြစ်လာလျှင်လည်း အုပ်စုမဖွဲ့နိုင်စေရန် ဟန့်တားရမည်ဖြစ်ကြောင်း၊ ထိုသို့ ပြုလုပ်နေစဉ် စည်း ကမ်းဖောက်ဖျက်ခဲ့လျှင်လည်း ပြတ်ပြတ်သားသား အရေးယူရမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“မိတ္ထီလာလိုမျိုး ရန်ကုန်မှာ ဖြစ်မယ်ဆိုရင် ဖြစ်စရာအများကြီးပါ။ ဒါပေမယ့် ကျနော်တို့က နိုင်နင်းစွာ ထိန်းသိမ်းထားနိုင်ပါတယ်။ အမှုအခင်းတွေလို တိုက်ရိုက် ကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ဟန့်တားနိုင်ရင် ဟန့်တားမယ်၊ ထိန်းသိမ်းသင့်တာကို ထိန်းသိမ်းမယ်။ ထိန်းသိမ်းလို့မှ မရတော့ရင်တော့ ပြတ်ပြတ်သားသားကို အရေးယူသွားမယ်။ မြန်မာလူမျိုးဆိုတာ သိတဲ့အတိုင်း ပဲလေ။ သတင်းကြားတဲ့နေရာမျိုး၊ ရုတ်စုရုတ်စုဖြစ်တဲ့နေရာမျိုးဆို ဝိုင်းအုံကြည့်တတ်တဲ့ ဓလေ့က ရှိကြတယ်” ဟု ရဲမှူးကြီး မြင့်အေးက ဆိုသည်။