[irrawaddy_gallery]
၈၈ အရေးတော်ပုံရဲ့ ထင်ရှားတဲ့ ဓာတ်ပုံတပုံလို့ ဆိုရမယ့် ကျောင်းသူလေး မဝင်းမော်ဦးကို လူနှစ်ဦးက ချီမလာတဲ့ ဓာတ်ပုံမှာ ပါဝင်ခဲ့သူ ဒေါက်တာ ဝင်းဇော်ရေးတဲ့ “ရှင်သန်နေဆဲ” ဆိုတဲ့ စာအုပ်မိတ်ဆက်ပွဲကို စစ်အာဏာသိမ်း ၂၅ နှစ်ပြည့်တဲ့လဖြစ်တဲ့ ၂၀၁၃ စက်တင်ဘာမှာ စတင် ဖြန့်ချိ လိုက်ပါတယ်။
၈၈ အရေးတော်ပုံရဲ့ ပုံရိပ်များစွာနဲ့ ဒေါက်တာ ဝင်းဇော် ဖြတ်သန်းခဲ့တဲ့ ၈၈ အရေးတော်ပုံကာလ အခြေအနေများ ပါဝင်တဲ့ “ရှင်သန်နေဆဲ” ဆိုတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး ဒီနေ့ နေ့လယ် ၁ နာရီက မြန်မာနိုင်ငံ ဆရာဝန်များ အသင်းခန်းမမှာ ဒေါက်တာဝင်းဇော်က စာအုပ် မိတ်ဆက်ပွဲ ပြုလုပ်ခဲ့တာပါ။
“ဆေးကျောင်းသားတဦး၊ လူတဦး အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာ လုပ်လိုက်တဲ့ သဘောပါ။ ကျနော်တို့ရဲ့ ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့လည်း အမှန်အတိုင်း ရှိစေချင်လို့၊ ၈၈ အရေးတော်ပုံတုန်းက ပါဝင်ခဲ့တဲ့ သူတွေအားလုံးကို လေးစား ဂုဏ်ပြုချင်လို့၊ ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်ဖို့ အတွက် “ရှင်သန်နေဆဲ” ဆိုတဲ့ နာမည်နဲ့ စာရေးဆရာ မဟုတ်ပေမယ့်လည်း ရေးဖြစ်ခဲ့တယ်” လို့ ဒေါက်တာဝင်းဇော်က ပြောပြပါတယ်။
ပွင့်လင်းမြင်သာမှု မရှိသေးတဲ့ အချိန်တုန်းက ပြည်တွင်းပြည်ပ မီဒီယာတွေနဲ့ ဘလော့ဂ် စာမျက်နှာတွေမှာ မဝင်းမော်ဦးကို ချီပွေ့ခဲ့တဲ့ပုံပါ လူနှစ်ဦးစလုံးက ကွယ်လွန်သွားပြီ ဖြစ်တဲ့အကြောင်း၊ ချီပွေ့ခဲ့သူ နှစ်ဦးမှာ ဒေါက်တာမင်းသိန်းနဲ့ ဒေါက်တာ စောလွင်ဆိုပြီး မှားယွင်း ဖော်ပြမှုတွေ ရှိခဲ့တာကို အခုလို ပွင့်လင်းမြင်သာမှု ရှိလာတဲ့အချိန်မှာ လွတ်လပ်စွာ ရေးသားထုတ်ဝေခွင့် ရတာကြောင့် ပြန်လည်ရှင်းလင်း ဖော်ပြ ဖြစ်ခဲ့တယ်လို့လည်း ဒေါက်တာဝင်းဇော်က ရှင်းပြပါတယ်။
စာအုပ်မိတ်ဆက်ပွဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယကကြီး ဦးတင်ဦးကလည်း ၈၈ အရေးတော်ပုံဆိုတာ စိတ်အထိ ခိုက်ရဆုံး အရေးတော်ပုံကြီး ဖြစ်ခဲ့တဲ့အပြင် မဝင်းမော်ဦးကို ချီပွေ့လာတဲ့ပုံကို စပြီးတွေ့ရတုန်းက အရမ်းကို တုန်လှုပ်မိခဲ့တဲ့ အကြောင်း၊ စာအုပ်မိတ်ဆက်ပွဲမှာ မိန့်ခွန်းပြောလေ့ ရှိကြပေမယ့် မင်္ဂလာပါလို့တော့ မနှုတ်ဆက်ချင်ဘူး ဆိုတဲ့အကြောင်း သူက ဆိုပါသေးတယ်။
“ရှင်သန်နေဆဲ” လို့ အမည်ရတဲ့ စာအုပ်ထဲမှာတော့ ၈ လေးလုံး ပြည်သူ့ အရေးတော်ပုံကြီးကို စစ်တပ်က အာဏာသိမ်း လိုက်ပြီး စက်တင်ဘာ ၁၉ ရက်နေ့မှာ ဒဏ်ရာရနေတဲ့ မဝင်းမော်ဦးကို အနောက်ဘက်က သယ်မသူဟာ ဒေါက်တာဝင်းဇော်ဖြစ်ပြီး အရှေ့ဖက် (ခြေထောက်) က သယ်မသူဟာ ဒေါက်တာစောလွင် ဖြစ်တဲ့အကြောင်း၊ ဓာတ်ပုံရိုက် မှတ်တမ်းတင်တဲ့ သူက Steve LEHMAN ဆိုသူ ဖြစ်တဲ့အကြောင်း၊ အခု အချိန်မှာတော့ ဒေါက်တာစောလွင်က ကွယ်လွန်သွားပြီဖြစ်ပေမယ့် စာရေးသူ ဒေါက်တာ ဝင်းဇော်အနေနဲ့ ဆက်လက် ရှင်သန်နေဆဲဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။
ဒီစာအုပ်ရဲ့ အမှာစာရေးသူ သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်က “ဒေါက်တာဝင်းဇော်ရဲ့ “ရှင်သန်နေဆဲ” စာအုပ်ဟာ သူရဲကောင်း သမိုင်းခေတ်ရဲ့ သမိုင်းသစ် နိဒါန်း စာပေကျမ်းဂန် တစောင်ဖြစ်တယ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးရော၊ အရေးတော်ပုံ တပ်သားတိုင်းရော၊ အရေးတော်ပုံ သူရဲကောင်းတွေရော၊ ဘယ်တော့မှ စခန်းမသိမ်း၊ ဘယ်တော့မှ တပ်မဖျက် ဇွဲမာန် စိတ်ဓာတ် သတ္တိအားမာန် အပြည့်အလျှံနဲ့ ရှင်သန်ကြရပါလိမ့်မယ်၊ ရှင်သန်ဆဲ ဖြစ်တယ်လို့လည်း သမိုင်းသက်သေ ထူကြရပါလိမ့်မယ်” လို့ ရေးသားထားပါတယ်။
ဒေါက်တာဝင်းဇော်ရဲ့ “ရှင်သန်နေဆဲ” စာအုပ်မှာ ဓာတ်ပုံရှင်းလင်းချက်၊ ရှင်သန်နေဆဲ ဆိုတဲ့ စကားလုံးရဲ့ ရည်ရွယ်ချက်၊ မဆလ အစိုးရ လက်အောက်က ရုန်းထွက်ကြပုံတွေ၊ ငါမသေဘူး ရေကူးနေတယ်လို့ ဆိုတဲ့ စာရေးသူ ကိုယ်တိုင် ဖြတ်သန်းခဲ့တဲ့ သမိုင်းရက်စွဲတွေ အကြောင်း၊ ၁၀ ပေခန်းထဲမှာ စစ်ထောက်လှမ်းရေးတွေ သူ့ကို စစ်ဆေး တုန်းက အတွေ့အကြုံတွေ အပြင် စာရေးသူရဲ့ အမည်မှန်နဲ့ လူကို မသိဘဲ ဒေါက်တာမင်းသိန်း ဆိုပြီး ဖြစ်နေတဲ့အကြောင်း ရှင်လင်းချက်တွေ အပါအဝင် ၈ လေးလုံး ပုံရိပ်တွေ၊ ၁၈ ရက် စက်တင်ဘာ ၁၉၈၈ ခုနှစ်က သူကိုယ်တိုင် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေ အကြောင်း၊ ကြွေလွင့်ခဲ့ရတဲ့ မဝင်းမော်ဦးရဲ့ အကြောင်းတွေကို အခန်းလိုက် ဖော်ပြပြီး ၈ လေးလုံး ငွေရတု အခမ်းအနား ဓာတ်ပုံတွေ အပါအဝင် ပုံပေါင်း ၂၉၇ ပုံနဲ့ ဒေါက်တာဝင်းဇော်ရဲ့ ပြည့်ပြည့်စုံစုံ ရေးသား ဖော်ပြထားတာ တွေ့ရပါတယ်။
စာအုပ်ရဲ့ အရှေ့ မျက်နှာဖုံးမှာ ကမ္ဘာကျော်သွားတဲ့ ဒဏ်ရာရနေသူကို မျက်မှန်နဲ့ လူနှစ်ဦးက သယ်လာတဲ့ ပုံအပြင်၊ ကွယ်လွန်သူ မဝင်းမော်ဦးနဲ့ ဒေါက်တာစောလွင်တို့ရဲ့ မှတ်ပုံတင် ဓာတ်ပုံကလေးတွေ၊ လက်ရှိ ဆရာဝန်တဦးအဖြစ် ရှင်သန်နေဆဲ ဒေါက်တာ ဝင်းဇော်ရဲ့ လှုပ်ရှားမှု ဓာတ်ပုံတို့ကို ဖော်ပြထားပြီး နောက်ဖုံးမှာတော့ ၈၈ အရေးတော်ပုံ ကာလက မြို့မ ကျောင်းသားဟောင်းတွေရဲ့ ဆန္ဒပြ ဓာတ်ပုံနဲ့ အတူ “နင်းပြားအောက်က တို့ဘဝများ တော်လှန်ရုန်းထွက် ဒီမိုကရေစီ အတွက် ဆက်လက် ရှင်သန်နေမည်သာ …၊ ၈၈၈၈ တွင် ကြွေလွင့်ခဲ့ရသော သူရဲကောင်းများသို့ အမှတ်ရ ဦးညွတ်ခြင်းဖြင့် မပြီးဆုံး သေးသော ဒီမိုကရေစီ အရေးတော်ပုံကြီး ဆက်လက် “ရှင်သန်နေဆဲ” ဟူ၍သာ” လို့ ဖော်ပြထားပါတယ်။
စာအုပ်တန်ဖိုးကတော့ ကျပ် ၂၅၀၀ ဖြစ်ပါတယ်။