သံလွင် အထက်ပိုင်း ရေကာတာများ စဆောက်တော့မည်
This article has been converted from Zawgyi One to Unicode
သံလွင်မြစ်အထက်ပိုင်းရှိ ကွမ်လုံနှင့် နောင်ဗပန်တောင်း ရေအားလျှပ်စစ်စက်ရုံများကို ယခုနှစ်အတွင်း စတင်တည်ဆောက်တော့မည်ဟု သိရသည်။ ကွမ်လုံ စီမံကိန်းမှ ၁၄၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည်ဟုသိရပြီး နောင်ဖမန်တောင်းမှ ၁၂၀၀ မဂ္ဂါဝပ် ထုတ်နိုင်မည်ဟု သိရသည်။
ရေအားလျှပ်စစ်စီမံကိန်း ဌာန ညွှန်ကြားရေးမှုး ဦးအောင်ကိုကိုက ဧရာဝတီသို့ ပြောကြားချက်အရ ကွမ်းလုံစီမံကိန်းကို တရုတ်နိုင်ငံမှ HANERGY HOLDING GROUP LTD နှင့်ဖက်စပ် (JV)စနစ်ဖြင့် ဖက်စပ်ကုမ္ပဏီထောင်ကာ လုပ်ဆောင် သွားမှာဖြစ်ကြောင်း၊ နောင်ဗပန်တောင်းကိုမူ ပြည်တွင်းရှိအေးရှားဝေါလုပ်ငန်းနှင့် လုပ်ကိုင်မှာဖြစ်ကြောင်း သိရသည်။
“တရုတ်နဲ့လုပ်တာက win win စနစ်ပေါ့။ ကျနော်တို့ဘက်ကလည်း ပြည်သူတွေအကျိုးရှိမှလုပ်တာ နှစ်ဦးနှစ်ဖက် အဆင်ပြေမယ့်ဟာကို ရွေးပါတယ်။ ရေအားလျှပ်စစ်က အရင်းအနှီး များတယ်။ နိုင်ငံအနေနဲ့နည်းပညာ၊ အရင်းအနှီးအရ တစ်ဦးတည်း မလုပ်နိုင်ဘူး။ ဒီမှာနိုင်ငံတကာ အရင်းအနှီးကို ဒီအတိုင်း ခွင့်ပြုတာ မဟုတ်ဘူး။ သူတို့ဆီက နည်းပညာရအောင်ပါ လုပ်ပါတယ်။ ဒါကြောင့် ဖက်စပ်လုပ်ကိုင်ခွင့်ပေးပါတယ်။ တည်ဆောက်ရေးကာလက ၅ နှစ်ကနေ ၇ နှစ်ကြာမယ်။ လုပ်ကိုင်ခွင့်ကာလကတော့ FDI ဥပဒေအရ နှစ် ၃၅ နှစ် လုပ်ခွင့်ပေးထားပါတယ်”ဟု ဦးအောင်ကိုကိုက ပြောသည်။
စီမံကိန်းခံစားချက်အရ နိုင်ငံအနေဖြင့် ထုတ်လွှတ်သည့် ရေအားလျှပ်စစ်မဂ္ဂါဝပ်မှ ၂၅ ရာခိုင်နှုန်းကို ရရှိနိုင်မည်ဖြစ်သည်။
စီမံကိန်းကြောင့် ပြောင်းရွှေ့ရမည့် တိုင်းရင်းသားကျေးရွာများနှင့်ပတ်သက်၍ ဦးအောင်ကိုကိုက “တိုင်းရင်းသားရွာတွေက သက်ဆိုင်ရာပြည်နယ်ဝန်ကြီးတွေဆီ တင်ပြ လုပ်ဆောင်နိုင်ပါတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေလည်း သက်ဆိုင်ရာ သစ်တောဝန်ကြီးဌာနကို တင်ပြထားပြီးပါပြီ။ ဆောင်ရွက်ရမှာတွေကိုလည်း ပူးပေါင်းဆောင်ရွက်မှာပါ”ဟု ပြောသော်လည်း မည်သို့လျော်ကြေးပေးမည်၊ မည်သို့ပြောင်းရွေ့ရမည်ကိုမူ အသေးစိတ်မပြောနိုင်သေးကြောင်း ဆိုသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်င်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်းသိရပြီး ယခုနှစ်အတွင်း စတင်တည်ဆောက်မည့် အထက်ပါ စီမံကိန်းနှစ်ခုသာ သဘာဝပတ်ဝန်းကျင်စစ်ဆေးခြင်း၊ မြေစမ်းခြင်းများပြုလုပ်ပြီးစီးကာ သက်ဆိုင်ရာလျှပ်စစ်ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနတို့မှ ခွင့်ပြုပေးပြီးဖြစ်ကြောင်းသိရသည်။
“သံလွင်မြစ်အထက် ကွမ်းလုံကတော့ JV ထိုးဖို့ ကြိုးစားနေတယ်။ နောင်ဗပန်ထောင်းက MOUလုပ်ဖို့လုပ်နေတယ်။ ကျန်စီမံကိန်းတွေက လေ့လာနေဆဲရှိတော့ ပြောလို့မရသေးဘူး။ လုပ်ဖြစ် မလုပ်ဖြစ် မသိဘူးပေါ့ ”ဟု ဦးအောင်ကိုကိုက ပြောသည်။
သံလွင်မြစ်ပေါ်တွင် အခြားစီမံကိန်းများ ဖြစ်သည့်တာဆန်း၊ ဒါးဂွင်၊ ဟက်ကြီး၊ ဝဲကြီးတို့ကို ထိုင်းနိုင်ငံနှင့် လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်း သိရသည်။ ဆည်စောင့်ကြည့်ရေးအဖွဲ့များ၏အဆို တာဆန်းမှာ ၇၁၁၀ မဂ္ဂါဝပ်၊ ဒါးဂွင်မှ ၇၉၂ မဂ္ဂါဝပ်၊ ဝဲကြီးမှ ၄၅၄၀ မဂ္ဂါဝပ်၊ ဟက်ကြီးမှ ၁၂၀၀ မဂ္ဂါဝပ်တို့ အသီးသီး ထုတ်ယူနိုင်ရန် ရာထားထားသည်။
“သံလွင်မှာလုပ်မယ့် စီမံကိန်းတွေ အကုန်လုံးဆို လျှပ်စစ်မီတာ ၁၀၀၀၀ မဂ္ဂါဝပ်လောက် (မြန်မာက) ရမယ် မျှော်လင့်တယ်။ ခုက ၂ ခုပဲ ဒီနှစ်ထဲစမယ်။ ကျန်တာကတော့ သဘာဝပတ်ဝန်းကျင်အရ မသင့်လျှော်ဘူးဆို မလုပ်ပါဘူး။ စစ်တမ်းကောက် စစ်ဆေးနေပါတယ်”ဟု ညွှန်ကြားရေးမှုး ဦးအောင်ကိုကိုက ပြောသည်။
သံလွင်မြစ် အထက်ပိုင်း ရေကာတာစီမံကိန်းများကို ၂၀၀၈ ခုနှစ်၊ ဧပြီလတွင် တရုတ်နိုင်ငံမှ ကုမ္ပဏီ ၃ ခုက မြန်မာနိုင်ငံ သံလွင်မြစ်မှနေ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာချုပ်တရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။ သဘောတူညီချက်၏ အသေးစိတ် အချက်အလက်များကို ယခုအချိန်ထိ တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်စီမံကိန်း ၄၆ ခုရှိပြီး ကျန်လုပ်ဆောင်ရန်ရေးဆွဲထားသည့် ရေအားလျှပ်စစ်စီမံကိန်း ၆၀ ကျော်ရှိကြောင်း၊ အကောင်အထည်ဖော်ရန် စစ်ဆေးနေပြီး စစ်ဆေးမှုအရ သဘာဝပတ်ဝန်းကျင်နှင့် ထိခိုက်မှုမရှိပါက လုပ်ဆောင်သွားမည်ဟု ရေအားလျှပ်စစ်ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှုး ဦးတင့်လွင်ဦးကလည်း ပြောဆိုသည်။