Health

မြို့နယ် ၂၀၄ မြို့နယ်တွင် ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေး တိုက်ကျွေးမည်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ဆင်ခြေထောက် ရောဂါကာကွယ်ဆေး အိမ်တိုင်ယာရောက် တိုက်ကျွေးခြင်း လုပ်ငန်းကို ယခုလ ဒုတိယပတ်အတွင်း ပြည်နယ်နှင့်တိုင်း အသီးသီးမှ မြို့နယ်ပေါင်း ၂၀၄ မြို့နယ်တွင် ဆေးတိုက်အဖွဲ့များက တပြိုင်နက်တည်း ပြုလုပ်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးကျန်း မာရေးဦးစီးဋ္ဌာန၊ ဆင်ခြေထောက် ရောဂါ ကင်းဝေးရေးစီမံချက်မှ သတင်းရရှိသည်။

မြန်မာနိုင်ငံရှိ လူဦးရေ ၃၅ သန်းကျော်ကို ယခုလ ၉ ရက်မှ ၁၅ ရက်အတွင်း အများပြည်သူ အလုပ်အားမည့် အချိန်များတွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း ယင်းစီမံချက်မှ ဒေါက်တာဖြိုးဖြိုးကျော်က ပြောသည်။

“ရုံးချိန်တွေမှာ မဟုတ်ဘဲ လူတွေ ပြန်ရောက်နိုင်တဲ့ အချိန်တွေမှာ တိုက်မှာပါ။ ကျန်ခဲ့ရင် မှတ်ထားပြီး ဆေးပေးထားခဲ့တာမျိုး၊ မှတ်ထားပြီး နောက်တကြိမ် ပြန်လာတိုက်တာမျိုး လုပ်မယ်။ လူတွေရှိနေပေးဖို့ ကျမတို့ ၁ ရက် ကြိုတင်ပြီးလည်း အကြောင်း ကြားမှာပါ” ဟု ဒေါက်တာ ဖြိုးဖြိုးကျော်က ဧရာဝတီသို့ ရှင်းပြသည်။

ဆင်ခြေထောက် ရောဂါပိုးသည် သံကောင် အမျိုးအစား ပိုးတမျိုးဖြစ်ပြီး ခြင်ကိုက်ရာမှ တဆင့် ကူးစက်တတ်သည့် ရောဂါဖြစ်ခြင်းကြောင့် ရောဂါပိုးများ တပြိုင်တည်း သေဆုံးရန် လူအားလုံးကို တပြိုင်နက်တည်း ဆေးတိုက်ကျွေးခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

ထို့အပြင် ဆေးတိုက် အဖွဲ့များသည် အိမ်ခြေ ၁၀၀ တွင် တဖွဲ့နှုန်း ဖွဲ့စည်းထားပြီး ထိုအဖွဲ့များက အသက် ၂ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ တခြားရောဂါ တခုခုကြောင့် အိပ်ယာထဲ လဲနေသူများနှင့် တခြားရောဂါ တခုခုကြောင့် ဆေးတမျိုးမျိုးကို စွဲသောက်နေရ သူများမှလွဲ၍ ကျန်လူများကို တိုက်ကျွေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင် အာရှရှိ ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှု ရှိနေသည့်နိုင်ငံ ၉ နိုင်ငံတွင်ပါဝင်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ရောဂါပိုး အမြစ်တွယ်လျှက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဋ္ဌာန၊ ဆင်ခြေထောက် ရောဂါကင်း ဝေးရေးစီမံချက်က ဆိုသည်။

ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်က မြို့နယ်ပေါင်း ၈ ခုတွင် ရောဂါလက္ခဏာ မရှိသည့် သာမန်လူ ၃ ထောင်ကျော်ကို ကျပန်းနည်း အရ Night Blood Survay လုပ်ကြည့်ရာ လူ ၅ ဦးတွင် ဆင်ခြေထောက် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒေါက်တာ ဖြိုးဖြိုးကျော်က ပြောသည်။

“ရန်ကုန်မှာ ရှိတော့ရှိတယ်၊ ကျမတို့ ခန့်မှန်းထားတဲ့ ကိန်းဂဏန်းထက် ပိုများတယ်လို့ ခန့်မှန်းပြီး ဒီနှစ်မှ ဆေးစတိုက်တာ။ အဖြစ်များတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်း ဒေသတွေမှာ တိုက်ခဲ့တာ ၁၀ ကြိမ်မြောက်လောက် ရှိခဲ့ပြီ။ ဒီဆေးက တနှစ်တကြိမ်နဲ့ ၅ နှစ်ဆက်တိုက် တိုက်ရတာ” ဟု သူက ဆက်လက်ပြောသည်။

ဆင်ခြေထောက် ရောဂါတွင် ဆင်၏ ခြေထောက်ကဲ့သို့ ကြီးထွားလာပါက ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ကြောင်း၊ ရောဂါ မဖြစ်မီတွင် ချမ်းတုန်၍ ဖျားခြင်း၊ ခန္ဓာကိုယ် တနေရာတွင် နီရဲပူလောင်ကာ ယောင်ရမ်းနာကျင်ခြင်း၊ အဖြူရောင် ပျစ်ချွဲသော ဆီးသွားခြင်း၊ အကျိတ်များ ယောင်ရမ်းခြင်း၊ အင်ပြင် ထွက်ခြင်း၊ ပန်းနာရင်ကြပ် ရောဂါကဲ့သို့ ရင်ကြပ်ခြင်း၊ အမျိုးသားများ လိင်အင်္ဂါ ကြီးထွားလာခြင်း စသည့်လက္ခဏာ များပြကာ၊ ထိုမှတဆင့် ခြေထောက် တဘက် တဖြည်းဖြည်း ကြီးထွားလာကြောင်း ကျန်းမာရေး ဦးစီးဋ္ဌာနမှ သိရသည်။

ယခုကဲ့သို့ ကာကွယ်ဆေး တိုက်ကျွေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး မန္တလေးတိုင်းတွင် ၅ ကြိမ်မြောက်၊ မကွေးတိုင်းတွင် ၁၀ ကြိမ်မြောက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၉ ကြိမ်မြောက်၊ ချင်းပြည်နယ်တွင် ၇ ကြိမ်မြောက်နှင့် နေပြည်တော်တွင် ၅ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။

ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေးသည် ၅ နှစ်ဆက်တိုက် တိုက်ရသည့် ဆေးဖြစ်ရာ၊ ရွှေ့ပြောင်းသွားလာ လုပ်ကိုင်နေသူများကို ပုံမှန် တိုက်ကျွေးနိုင်ရေးတွင် အခက်အခဲရှိကြောင်း ဒေါက်တာဖြိုးဖြိုးကျော်က ပြောသည်။

“ကျမတို့အနေနဲ့ ဆေးတိုက်နိုင်ပါတယ်။ ဒါပေမယ့် ဒီနှစ်တိုက်တဲ့လူတွေကို စာရင်းမှတ်ထားပြီး ၅ နှစ်ဆက်တိုက် တိုက်သွားရမှာ ဆိုတော့ သူတို့ကို ကိုင်တွယ်ရမယ့် ပြဿနာက နည်းနည်းခက်တယ်။ နောက်နှစ် ဒီနေရာမှာ သူတို့က ရှိချင်မှ ရှိတော့မယ်လေ” ဟု သူက ဆက်ပြောသည်။

ကမ္ဘာပေါ်တွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှု ရှိနေသည့် နိုင်ငံပေါင်း ၈၀ ရှိပြီး လူသန်းပေါင်း ၂၁၀ သည် ကူးစက် ခံရနိုင်သည့် ဒေသ များတွင် နေထိုင်ကြောင်း၊ သန်း ၄၀ ကျော်မှာ ရောဂါ ခံစားနေရသည့် လက္ခဏာများ ရှိနေကြောင်း ကျန်းမာရေး ဦးစီးဋ္ဌာန၏ ကိန်းဂဏန်းများ အရသိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading