သတင်း

ထိုင်းက ဗီဇာ သက်တမ်းလွန် မြန်မာ အလုပ်သမားများ နေရပ်ပြန်ရေး ဥပဒေ ပြင်ဆင်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံရှိ ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသည့် မြန်မာ အလုပ်သမားများ ၃ နှစ် နေရပ်ပြန်ရမည်ဟူသော ထိုင်း ဥပဒေကို နှစ်နိုင်ငံ တာဝန်ရှိသူများက ပြင်ဆင် ပြောင်းလဲလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ယမန်နေ့က ကျင်းပသော ထိုင်းနှင့် မြန်မာ အစိုးရအဆင့် အစည်းအဝေး၌ ထိုင်း ဥပဒေပါ ၃ နှစ် နေရပ် ပြန်ရမည် ဟူသည့် စကားရပ် အစား “ကာလ ကန့်သတ်ချက် မထား”ဟူသည့် စကားရပ်ဖြင့် အစားထိုး ပြင်ဆင်ရန် သဘောတူ လိုက်သည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးတင်ဝင်း က ပြောသည်။

“နောက်ဆုံးမှာ အပြန်အလှန် ညှိကြတဲ့အခါကျတော့ အချိန်ကန့်သတ်ချက် မထားဘဲ ဆိုတဲ့ စကားလုံးလေး ပြင်လိုက်တယ်။ ဒါကို ၂ ဖက် သဘောတူလိုက်ကြတယ်။ အဲဒီလို ပြင်လိုက်တဲ့အတွက်ကြောင့် တညအိပ်သွားပြီး ပြန်လာလို့ ရတယ်။ နေ့ချင်း တောင် ပြန်လို့ ရတယ်ဆိုတဲ့ အဓိပ္ပာယ် ယူလို့ရတယ်”ဟုလည်း သံအမတ်ကြီးက ဧရာဝတီ ကို ပြောပြသည်။

ယင်း အစည်းအဝေးသို့ မြန်မာ-ထိုင်း ၂ နိုင်ငံ၏ နိုင်ငံခြားရေး၊ အလုပ်သမား ၊ လူဝင်မှု ကြီးကြပ်ရေး စသည့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူုး ချုပ်များ၊ ဒု ညွှန်မှူးများ တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။

စက်တင်ဘာလ ၂ ရက်နေ့က ထိုင်းနိုင်ငံ အလုပ်သမား ဝန်ကြီးကိုယ်စား ညွှန်ကြားရေးမှူးချုပ်က မဟာချိုင် ဒေသ ဆွေးနွေးပွဲ၌ မူလက ၃ နှစ် နေရပ်ပြန်ရမည့်အစား ၁ လသာ ပြန်ရန်အတွက် ပြင်ဆင်ထားကြောင်း သို့သော် စက်တင်ဘာ ၅ ရက်နေ့ ဆွေးနွေးပွဲပြီးမှသာ အသေးစိတ် ထုတ်ပြန်မည် ဖြစ်ကြောင်း ပြောဆိုထားသည်။

ထိုင်းနိုင်ငံဘက်က အလုပ်သမားများ ကိုင်ဆောင်ရသည့် ယာယီ နိုင်ငံကူးလက်မှတ် ဗီဇာ သက်တမ်း ပြည့်လျှင် သက်တမ်းရှိနိုင်ငံကူး လက်မှတ်ကိုလည်း ပယ်ဖျက်ကြောင်း၊ မြန်မာ ဘက် က အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ် သက်တမ်း ရှိနေ သေး သရွေ့ ဗီဇာ သက်တမ်း တိုးနိုင်ရေး တောင်းဆိုခဲ့သောကြောင့် မပယ်ဖျက်ရသေးသည့် နိုင်ငံကူးလက်မှတ်များသည် ဗီဇာ သက်တမ်း တိုးနိုင်မည် ဖြစ်ကြောင်း သံအမတ်ကြီး ဦးတင်ဝင်းက ပြောသည်။

“ပတ်စ်ပို့က သက်တမ်းရှိနေသေးရင် ဆက်သုံးခွင့် ပြုလို့ တချို့တွေ အသစ်လုပ်ဖို့ လိုမယ်။ တချို့တွေ မလိုဘူးပေါ့” ဟု ဦးတင်ဝင်းက ဆိုသည်။

လက်ရှိ မြန်မာ အလုပ်သမားများ ကိုင်ဆောင်ရသည့် ယာယီနိုင်ငံကူး လက်မှတ် သက်တမ်းမှာ ပထမ ထုတ်ပေးခဲ့သော စာ အုပ်သက်တမ်းသည် ၅ နှစ်၊ နောက်ပိုင်း ထုတ်ပေးသည့် စာအုပ်သည် ၆ နှစ် ဖြစ်ပြီး ဗီဇာ သက်တမ်း မှာ ၄ နှစ် ဖြစ်သည်

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး တရားဝင် အသိအမှတ်ပြုပြီး ယာယီနိုင်ငံ ကူး လက်မှတ်များကို ၁ သန်း ၇ သိန်းနီးပါး ထုတ်ပေးထားကြောင်း သိရသည်။ ထိုင်းနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး (လဝက) ဥပဒေအရ ဗီဇာ သက်တမ်း ၄ နှစ်ပြည့်ပါက မြန်မာနိုင်ငံသို့ ၃ နှစ် ပြန်ရမည်ဟု ယခင်က ပြဌာန်းထားသည်။

ထိုဥပဒေ ကြောင့် ဗီဇာ သက်တမ်း ၄ နှစ်ကျော်နေသော မြန်မာ အလုပ်သမား ၄ သိန်းခန့်သည် အခက်အခဲဖြင့် ရင်ဆိုင်နေရ ၍ ၂ နိုင်ငံ အစိုးရ အဆင့်မြင့် အရာရှိများ ညှိနှိုင်းဆောင်ရွက်မှုကြောင့် ယခုအခါ မြန်မာ အလုပ်သမားများ အတွက် အခွင့် အလမ်း ကောင်းများ ရှိလာနေကြောင်း ဦးတင်ဝင်းက ပြောဆိုသည်။

“အဖမ်းမခံရဖို့၊ မဖမ်းဖို့လည်း သူတို့ (ထိုင်းအာဏာပိုင်များ) ကို သေသေချာချာ တိုက်တွန်းပါတယ်။ သူတို့ ဘက်က လည်း ဖမ်းတာ ဆီးတာတွေ မလုပ်ဖို့ ဝန်ကြီးက သေချာ ညွှန်ကြား ထားတယ်လို့ ပြောပါတယ်”ဟုလည်း ဦးတင်ဝင်းက ဆိုသည်။

ထိုင်း လုပ်ငန်းရှင်များကလည်း ထိုင်းနိုင်ငံ လဝက ဥပဒေအရ ဗီဇာ သက်တမ်း ၄ နှစ်ရှိ ရွှေ့ပြောင်း အလုပ်သမားများ သည် ယခုအခါ ကျွမ်းကျင်လုပ်သားများ ဖြစ်နေပြီး ၃ နှစ်ကြာ နေရပ်ပြန်ပါက ကျွမ်းကျင်လုပ်သား ပြတ်လတ်မှု ပြဿနာ ရင်ဆိုင် ရမည့်အတွက် မလိုလားကြကြောင်း ပြောဆိုမှုများ ရှိနေသည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး (One Stop) ရုံးများဖြစ်သည့် မြဝတီ မြို့တဖက်ကမ်း မဲဆောက်၊ တာချီလိတ်မြို့ တဖက် ကမ်း မယ်ဆိုင်နှင့် ကော့သောင်းမြို့ တဖက်ကမ်း ရနောင်းမြို့များတွင် အဆိုပါ ဗီဇာ သက်တမ်းတိုး ကိစ္စများ နေ့ချင်းပြီး ဆောင်ရွက်ပေးရန် စီစဉ်ထားပြီး နောက်ထပ် ရုံးခွဲ ၂ နေရာ တိုးချဲ့ရေး ဆွေးနွေးနေကြောင်း၊ ဗီဇာ သက်တမ်း တိုးသူများသည် ထိုင်းနိုင်ငံမှ ထွက်၍ မြန်မာနိုင်ငံသို့ အဝင်ပြရမည် ဖြစ်ကြောင်းလည်း သိရသည်။

Loading