မြန်မာနိုင်ငံ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် အောက်တိုဘာလ အတွင်း ကျင်းပနိုင်ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA) နှင့် ယနေ့ နံနက်ပိုင်းက လားရှိုးမြို့ တိုင်းရွှေလီ ရိပ်သာတွင် တွေ့ဆုံစဉ် ပြောခဲ့ကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲတွင် သူရ ဦးရွှေမန်းနှင့် အတူ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒု ဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်နှင့် ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒု ဥက္ကဋ္ဌ ဦးသိန်းဇော် တို့လည်း ပါဝင်ပြီး SSPP/ SSA မှ နာယက ဗိုလ်မှူးကြီး ဆေထင် ဦးစီးသည့်အဖွဲ့များနှင့်တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။
“ဒီတွေ့ဆုံပွဲကတော့ ထွေထွေထူးထူး မရှိပါဘူး။ အောက်တိုဘာမှာ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးဖို့ ကိစ္စကို အဓိက ပြောသွားတယ်။ ကျနော်တို့ အနေနဲ့ကတော့ အပစ်အခတ် ရပ်စဲရေးထက် တိုင်းရင်းသား အားလုံးနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်သူ့ ကိုယ်စားလှယ်တွေ၊ အစိုးရအဖွဲ့တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ပိုလုပ် စေချင်ပါတယ်” ဟု ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/ SSA) မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလက ဧရာဝတီသို့ပြောသည်။
မြန်မာအစိုးရ တပ်မတော် ဘက်မှ ထုတ်ပြန်ထားသည့် သဘောထား ၆ ချက်သည် အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး နောက်ပိုင်းမှ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း၊ ထို သဘောထား ၆ ချက်သည် လက်နက်ကိုင် တိုင်းရင်းသားများ အတွက် အခက်အခဲ ဖြစ်စေကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အနေဖြင့် တပ်ပိုင်းဆိုင်ရာ သဘောထား တူညီချက် ရရှိစေရေးအတွက် တွေ့ဆုံသွားရန် ရှိကြောင်းလည်း ဦးစိုင်းလက ဆိုသည်။
“သူရ ဦးရွှေမန်းက လက်နက်ကိုင် တပ်ဖွဲ့တွေ အားလုံးကို သွားတွေ့တာကတော့ ငြိမ်းချမ်းရေးနဲ့ ယုံကြည်မှု တည်ဆောက်ဖို့ အတွက် တဘက်တလမ်းက ကြိုးစားနေတာလားလို့ တွေးမိတယ်။ တကယ်ဆိုရင် အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ကပဲ လုပ်ရမှာလေ။ အခုတော့ ဒီနေ့အထိ အဲဒီအဖွဲ့က အစိုးရမျှော်မှန်းချက်ဖြစ်တဲ့ တတိုင်းပြည်လုံး အပစ်ခတ် ရပ်စဲရေး မလုပ်နိုင်သေးတာ တွေ့ရတယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ဧရာဝတီသို့ပြောသည်။
ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များအား သူရ ဦးရွှေမန်းက တွေ့ဆုံ ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ငြိမ်းချမ်းရေးနှင့် ဒေသ ဖွံ့ဖြိုးရေးကို အဓိက ဆွေးနွေးခဲ့ကြောင်း ပြောသည်။
“ဦးရွှေမန်းက ဒီဒေသမှာရှိတဲ့ ပြည်သူတွေရဲ့ အခြေအနေကို လိုက်လေ့လာတာပါ၊ ပြီးတော့ ငြိမ်းချမ်းရေး အဖွဲ့တွေနဲ့လည်း တွေ့တာပေါ့။ သူတို့ သဘောထားတွေ မေးတယ်၊ နားထောင်တယ်၊ ဒီသဘောပါပဲ” ဟု သူက ဆိုသည်။
သူရ ဦးရွှေမန်း၏ ရှမ်းပြည်နယ် ခရီးစဉ်တွင် ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/ SSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်နယ်ရှိ ဒေသခံများ၊ ပြည်သူ့စစ် များနှင့်လည်း တွေ့ဆုံခဲ့ကြောင်း သိရသည်။