စီးပွားရေး ပညာရှင် ပါမောက္ခ ဒေါက်တာ ခင်မောင်ကြည် (၈၇) နှစ် သည် ယနေ့နံနက်ပိုင်းက စင်ကာပူနိုင်ငံတွင် ကွယ်လွန်သွားကြောင်း သတင်းရရှိသည်။
ဝါရင့် စီးပွားရေး ပညာရှင်ကြီး တဦးဖြစ်သည့် ဒေါက်တာ ခင်မောင်ကြည်သည် မကွယ်လွန် မြန်မာ့ စီးပွားရေးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆို အကြံပြုခဲ့သူလည်း ဖြစ်သည်။
လူငယ်ကျောင်းသားဘဝက မြန်မာလွတ်လပ်ရေး လှုပ်ရှားမှုတွင် ကျောင်းသားခေါင်းဆောင် တဦးအဖြစ် တာဝန်ယူခဲ့သည်။
ဒေါက်တာ ခင်မောင်ကြည်သည် ရန်ကုန်တက္ကသိုလ်မှ B.Com ဘွဲ့၊ အမေရိကန် နိုင်ငံ ဟားဗတ် တက္ကသိုလ်မှ M.B.A ဘွဲ့နှင့် ကော်နဲလ် တက္ကသိုလ်မှ Ph.D ဘွဲ့များ ရရှိခဲ့သည်။
၁၉၅၄ ခုနှစ်မှ ၁၉၇၈ ခုနှစ်အထိ ရန်ကုန် စီးပွားရေး တက္ကသိုလ်တွင် ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံ သုတေသန အသင်း(Burma Research Society) တွင် ဥက္ကဋ္ဌ တာဝန်ယူခဲ့ကြောင်း၊ အမျိုးသားရေး လမ်းညွန်မူဝါဒများ ရေးဆွဲရေး ဆိုင်ရာ အကြံပေးကော်မတီ( ၃၃ ဦး ကော်မတီ) တွင် အဖွဲ့ဝင်တဦးဖြစ်ကြောင်း သိရသည်။
ထို့နောက် မလေးရှားနိုင်ငံ ပါတန်နီယန်တက္ကသိုလ် (Universiti Pertanian Malaysia) ၌ ၁၉၇၈-၇၉ တွင် စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး ပါမောက္ခ၊ စင်ကာပူ အမျိုးသား တက္ကသိုလ် (NUS) ၌ ၁၉၇၈-၁၉၈၈ တွင် တွဲဖက်ပါမောက္ခအဖြစ် ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၈၈-၉၀ တွင် နိုင်ငံတကာ ရေပေးတူးမြောင်းများ စီမံခန့်ခွဲမှု သိပ္ပံ (International Irrigation Management Institute) တွင် အထက်တန်း စီမံခန့်ခွဲမှု အထူးကျွမ်းကျင်သူအဖြစ် တာဝန်ယူခဲ့ကြောင်း သိရသည်။ ၁၉၉၁ ခုနှစ်တွင် စင်ကာပူ အမျိုးသားတက္ကသိုလ်၏ စီးပွားရေးဆိုင်ရာ မူဝါဒများဌာန၌ အဆင့်မြင့် အကြံပေးပညာရှင် ဖြစ်လာခဲ့သည်။
မြန်မာစီးပွားရေးနှင့် ပတ်သက်၍လည်း ပြည်တွင်းစက်မှုလုပ်ငန်းများ အခြေအနေကို သုတေသနပြုခြင်း၊ စီးပွားရေး လုပ်ငန်းများ အခြေအနေကို လေ့လာခြင်း၊ ဈေးနှုန်း သတ်မှတ်မှုလုပ်ငန်းများ၊ နိုင်ငံပိုင်စက်ရုံများ ပြန်လည်ဖွဲ့စည်းရေး ကိစ္စများတွင် သုတေသနပြုခဲ့သူ ဖြစ်သည်။
၂၀၀၀ ပြည့်နှစ်တွင် စင်ကာပူ အမျိုးသားတက္ကသိုလ်မှ ထုတ်ေသော Economic Development of Burma – A Vision and A Strategy (မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး တွေးမြင်ချက်နှင့် မဟာဗျူဟာ) စာတမ်းကို ဒေါက်တာ ခင်မောင်ကြည်သည် ဒေါက်တာ ရော်နယ် ဖင်ဒလေ၊ ဒေါက်တာ အာရ် အမ် ဆွန်ဒရမ်၊ ဒေါက်တာ မြမောင်၊ ဒေါက်တာ မျိုးညွန့်၊ ဦးဇော်ဦးအပါအင် မြန်မာ့စီးပွားရေး ပညာရှင်များနှင့် ပူးပေါင်း ရေးသားပြုစုခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် ထုတ်ေသော ယင်းစာတမ်း မြန်မာပြန်တွင် ပါမောက္ခ ဒေါက်တာ ခင်မောင်ကြည်က ထပ်မံ ရှင်းလင်းဖြည့်စွက်ပေးခဲ့သည်။