ရှမ်းပြည်နယ် မြောက်ပိုင်း၊ မန်တုံမြို့ပေါ်ရှိ ပြည်သူ့စစ် ဘိန်းဖြတ်စခန်းတွင် ဘိန်းဖြတ်ရန် ရောက်ရှိလာသူ များပြားကြောင်း မန်တုံ ပြည်သူ့စစ်အဖွဲ့ ဘိန်းဖြတ်စခန်း တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ ဘိန်းဖြတ်စခန်းကို ယခင်လ ၂၈ ရက်နေ့က မန်တုံမြို့ပေါ်ရှိ ပြည်သူ့စစ် တပ်စခန်းတွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တပတ်အတွင်း ဘိန်းလာဖြတ်သူ ၂၇ ဦးရှိကြောင်း မန်တုံ ပြည်သူ့စစ်အဖွဲ့ ဘိန်းဖြတ်စခန်း တာဝန်ရှိသူ မိုင်းခွန်လီက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ ဘိန်းဖြတ်စခန်း ဖွင့်တော့မယ်ဆိုတာ မဖွင့်ခင်ကတည်းက လိုက်ပြောထားတာတွေ ရှိတယ်။ အခု ဘိန်းလာဖြတ်တဲ့ လူတွေကလည်း ဒီမြို့ပေါ် ရက်ကွက်တချို့က လူတွေပဲ ရှိသေးတယ်၊ နယ်တွေဘာတွေက မလာသေးဘူး” ဟု မိုင်းခွန်လီက ဆိုသည်။
ဘိန်းဖြတ်စခန်းကို မန်တုံပြည်သူ့စစ်အဖွဲ့ နာယက ပြည်သူ့လွှတ်တော်အမတ် ဦးတာ့အိုက်မုန်း၏ လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာ အစိုးရ ဌာနထံ ခွင့်ပြုချက်ယူပြီး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဦးတာ့အိုက်မုန်းသည် ယခင် ပလောင် (တအာင်း) ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA) ၏ အကြီးအကဲတဦးဖြစ်ပြီး ၁၉၉၁ ခုနှစ်တွင် အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရထံ လက်နက်အပ်နှံခဲ့သူဖြစ်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် တအာင်း(ပလောင်) အမျိုးသားပါတီ (TNP) ပါတီ ကိုယ်စားလှယ်အဖြစ် မန်တုံမြို့ ကိုယ်စားပြု အနိုင်ရရှိခဲ့သည်။
ယခုအခါ မန်တုံမြို့နယ်အတွင်း ဒေသခံ တအာင်း (ပလောင်) လူမျိုး ၇၀ ရာခိုင်နှုန်းမှာ ဘိန်းနှင့် တခြားမူးယစ်ဆေးများ သုံးစွဲမှု မြင့်တက်နေခြင်းကြောင့် ဘိန်းဖြတ်စခန်း တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း မိုင်းခွန်လီက ပြောသည်။ မိုင်းခွန်လီသည် ဦးတာ့အိုက်မုန်း၏ သားဖြစ်ပြီး မန်တုံပြည်သူ့စစ်တပ်ဖွဲ့၏ အတွင်းရေးမှူးလည်း ဖြစ်သည်။
“အခုကျနော်တို့ ဒီမန်တုံဘက်မှာဆိုရင် ၁၀၀ မှာ ၇၀ ရာခိုင်နှုန်းလောက် ဘိန်းနဲ့ မူးယစ်ဆေးဝါး သုံးစွဲနေကြတယ်။ အများဆုံးက ဆယ်ကျော်သက် အသက် ၂၀ ဝန်းကျင် လူငယ်တွေ။ ကျောင်းပြေးပြီး လက်ဖက်ခင်းထဲမှာ ခိုးပြီးသုံးနေတဲ့အထိ ဖြစ်နေတယ်။ ကျောင်းပညာရေးမှာ ထိခိုက်သလို ကြာရင် ကျနော်တို့ တအာင်းလူမျိုးတွေ ဘိန်းစားဖြစ်ပြီး လူမျိုးတုန်းကုန်တော့မယ်။ ဒါ့ကြောင့် ဘိန်းဖြတ်ပေးဖို့ ရည်ရွယ်ချက်နဲ့ ဒီစခန်းကို ဖွင့်ခဲ့တာ” ဟု မိုင်ခွန်လီက ရှင်းပြသည်။
လတ်တလောတွင် ဘိန်းဖြတ်စခန်း၌ ဆေးဝါး စုံလင်မှု မရှိသေးကြောင်း ဘိန်းဖြတ်နေသူများကို ဆေးဝါးကုသမှုဆိုင်ရာ အတွက် မန်တုံမြို့ပေါ်မှ ပုဂ္ဂလိက ဆရာဝန်များ အကူအညီဖြင့် ကုသပြီး အားကစားနှင့် ကိုယ်ကာယ လေ့ကျင့်ခန်းနှင့် နေထိုင်၊ စားသောက်ရေးများကို ပြည်သူ့စစ်အဖွဲ့က တာဝန်ယူဆောင်ရွက်ပေးကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ပဲခူးတိုင်း အနောက်ပိုင်း ပြည်မြို့နယ်တို့တွင်လည်း ဘိန်းနှင့် မူးယစ်ဆေးဝါး ဖြတ်ပေးသည့် စခန်းများရှိသော်လည်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခြင်းမရှိပေ။ တအာင်း (ပလောင်) ပြည်သူ့စစ် တပ်ဖွဲ့ အနေဖြင့် ဘိန်းဖြတ်စခန်း ပြုလုပ်ခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်ပြီး PSLA လက်ထက်က လုပ်ဆောင်ရန် ကြိုးပမ်းသော်လည်း အောင်မြင်မှုမရှိဟု ဆိုသည်။
ပြည်သူ့စစ်တပ်ဖွဲ့ အနေဖြင့် ဘိန်းဖြတ်စခန်း ဖွင့်လှစ် လုပ်ဆောင်လာသည့် အပေါ် ကြိုဆိုကြောင်း၊ သို့သော်လည်း ရှမ်းပြည်နယ် မြောက်ပိုင်း မြို့နယ် အများစုတွင် မူးယစ်ဆေးဝါး သုံးစွဲမှု ပြန့်နှံ့နေသည့်အတွက် စခန်း အရေအတွက် အားဖြင့် နည်းပါးနေသေးကြောင်း တအာင်း (ပလောင်) ကျောင်းသားနှင့် လူငယ်များ အဖွဲ့ (TSYU) ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းမျိုးအောင်က ဧရာဝတီသို့ ပြောသည်။
“သူတို့ အခုလို လုပ်ဆောင်လာတာ ကောင်းပါတယ်။ ဒီဒေသက မူးယစ်ဆေးဝါး သုံးစွဲမှုတွေများတဲ့ ဒေသဖြစ်တဲ့အတွက် စခန်းတခုထဲကတော့ နည်းတာအမှန်ပါ။ နောက်တခုက ဆေးဖြတ်ဖို့ လုပ်တဲ့အခါမှာတော့ ပြည်သူ့စစ်တွေ အနေနဲ့ အာဏာသုံးပြီး မလုပ်ဘဲ စည်းရုံးတဲ့နည်းနဲ့ လုပ်ဖို့တော့လိုတယ်” ဟု မိုင်းမျိုးအောင်က ပြောသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းသည် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်သုံးစွဲမှုတို့တွင်လည်း ထင်ရှားပြီး ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့များ၊ ဒေသခံများနှင့် တရုတ်လူမျိုးများ စိုက်ပျိုးကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ခေါင်းဆောင်များက ပြောသည်။