Ethnic Issues

အခြေခံ ဥပဒေသစ် တိုင်းရင်းသား အဖွဲ့များ ရေးဆွဲတော့မည်

This article has been converted from Zawgyi One to Unicode

ပြည်တွင်း ပြည်ပ တိုင်းရင်းသားအဖွဲ့များ စုပေါင်း၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် တခုကို ၃ လအတွင်း အပြီး ရေးဆွဲမည် ဟု သိရသည်။

ဖွဲ့စည်းပုံ ဥပဒေ သစ်ကို ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သော တိုင်းရင်း သား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) တို့ ပူးပေါင်း၍ မကြာမီ ရေးဆွဲတော့မည် ဖြစ်သည်။

“ကျနော်တို့မှာက ကုန်ကြမ်းတွေ အဆင်သင့်ဖြစ်နေပါပြီ၊ ဒါကြောင့် ၃ လ အတွင်း အပြီးရေးဆွဲမယ် ပြောတာပါ၊ မပြီးရင် တလ ထပ်ပြီး အချိန်ယူရင် ပြီးစီးမှာပါ၊ ကျနော်တို့ နှစ် ၂၀ လောက် လုပ်ဆောင်ထားတဲ့ မူဝါဒတွေ အများကြီး ရှိပြီးသားတွေထဲက ကောင်းနိုးရာရာတွေကို ယူပြီး ရေးဆွဲဖို့ဖြစ်ပါတယ်”ဟု ဖွဲ့စည်းပုံသစ် ရေးဆွဲရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ဧရာဝတီ ကို ပြောသည်။

ပြည်ပရောက် ပြည်ထောင်စုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ်(UNLD) အဖွဲ့ဝင်များ၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ(NCUB)၊ တိုင်းရင်းသား လူမျိုးများနှင့် ဥပဒေ ပညာရှင်များ ရေးဆွဲခဲ့သော ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အခြေခံ၍ လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေ ဖြစ်မည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းတခု အဆင်သင့် ရှိထားစေရန် ရည်ရွယ် ရေးဆွဲမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။

ဖွဲ့စည်းပုံသစ်ရေးဆွဲရခြင်း ရည်ရွယ်ချက်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် ဒီမိုကရေစီ အနှစ်သာရ ကင်းမဲ့နေပြီး စစ်မှန် သော ဖက်ဒရယ် ပြည်ထောင်စုမူနှင့် ကိုက်ညီမှုမရှိ၍ ဖက်ဒရယ်ကို အခြေခံသော ဖွဲ့စည်းပုံ ဥပဒေသစ် တခုကို လွှတ်တော် ပြင်ပရှိ အဖွဲ့အစည်းများ၊ တတ်သိပညာရှင်များပါဝင်၍ ဖက်ဒရယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း) တခု ရေးဆွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ဆိုသည်။

အဓိက အချက် တခုတွင်၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အများစုက လက်မခံဟု ပြောဆိုနေကြကြောင်း၊ သို့သော် ထို ထက် ကောင်းမွန်ပြီး အများလက်ခံနိုင်မည့် ဖွဲ့စည်းပုံ ဥပဒေ မရှိသေးကြောင်း၊ ထို့ကြောင့် အသစ်ရေးဆွဲရခြင်း ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် (ALD) ဥက္ကဋ္ဌ ဦးအေးသာအောင် က ဧရာဝတီ ကို ပြောသည်။

“အစိုးရ အဖွဲ့နဲ့ လွှတ်တော်တို့က လက်ခံတာ မခံတာ တပိုင်းပေါ့၊ ၂၀၀၈ ဖွဲ့စည်းပုံက ဒီမိုကရေစီမကျဘူး၊ တိုင်းရင်းသား အခွင့် အရေး မရှိဘူးပြောနေကြတယ်၊ ဒီတော့ တခုကို မပြည့်စုံဘူး ပြောရင် ပြည့်စုံတဲ့အရာ တခုတော့ ကိုယ့်မှာ ရှိဖို့လိုအပ် တာပေါ့”ဟု ၎င်းက ဆိုသည်။

ဖွဲ့စည်းပုံသစ် ရေးဆွဲရာတွင် UNFC နှင့် UNA တို့မှ တိုင်းရင်းသား ခေါင်းဆောင်များ၊ ဥပဒေ ပညာရှင်များ၊ ဥပဒေ အကြံပေးများ၊ နိုင်ငံခြားသား ဥပဒေ အကြံပေး ပညာရှင်များ ပါဝင်ကြမည်ဖြစ်သည်။ ဖွဲ့စည်းပုံသစ် ရေးဆွဲရန် ကော်မတီ တရပ်လည်း ဖွဲ့စည်းထားပြီး ဦးဆောင် လမ်းညွှန်သူများအဖြစ် UNFC ဒု ဥက္ကဋ္ဌ ဦးအန်ဘန်လ၊ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်း ဦး၊ ရခိုင် တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင် တို့ ပါဝင်ကြောင်း သိရသည်။
ဖွဲ့စည်းပုံ အသစ်တွင် UNFC အပါအဝင် တိုင်းရင်းသား အဖွဲ့အစည်းများ လုပ်ဆောင်ခဲ့ကြသည့် ညီလာခံများ၊ အစည်းအဝေး များ စသည်တို့၌ ဆွေးနွေးသဘောတူညီမှု ရရှိခဲ့သည့် မူဝါဒများ၊ စာတမ်းများမှ ကောင်းမွန်သည့် အချက်အလက်များကို ကောက်နုတ်၍ ဖွဲ့စည်းပုံသစ်၌ ထည့်သွင်း ရေးဆွဲကြမည် ဖြစ်သည်။

“အဓိကတော့ မကြာသေးခင်က လုပ်ခဲ့တဲ့ UNFC နဲ့တိုင်းရင်းသား ပေါင်းစုံ ညီလာခံက ဘုံသဘောတူညီချက်တွေ ပါဝင်မှာပါ၊ ကျနော်တို့ လိုချင်တာက တိုင်းရင်းသား အားလုံး သဘောတူတဲ့ ဒီမိုကရေစီ ကို အခြေခံတဲ့ ဖက်ဒရယ် စစ်စစ်ပါ”ဟု ခွန်ဥက္ကာ က ဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ဇူလိုင်လ ၂၉ ရက်မှ သြဂုတ်လ ၁ ရက်နေ့အထိ ကျင်းခဲ့သော UNFC ညီလာခံမှ လက်ရှိ ပြည်ထောင် စု မြန်မာနိုင်ငံအား အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရှိသော အမျိုးသားပြည်နယ်များဖြင့် စုပေါင်းဖွဲ့ စည်းသွားရန်၊ ပြည်ပရန်မှ ကာကွယ်ရန် ပြည်ထောင်စုကို အခြေခံသည့် ဖက်ဒရယ် တပ်မတော် တည်ထောင်ရန်တို့ကိုလည်း မူအားဖြင့် သဘောတူ ခဲ့ကြပြီး ဖွဲ့စည်းပုံ သစ် တခု ရေးဆွဲရန်လည်း သဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

ထိုညီလာခံသို့ ပြည်တွင်း ပြည်ပ အခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေး ပါတီများ၊ ပြည်တွင်းမှ တိုင်း ရင်းသား ခေါင်းဆောင်များ၊ တတ်သိပညာရှင်များ စသည်ဖြင့် လူ ၁၀၀ ကျော် တက်ရောက် ဆွေးနွေးခဲ့ကြသည်။ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားရန်တို့ကိုလည်း ထိုညီလာခံ က သဘောတူခဲ့ကြသည်။

အသစ်ရေးဆွဲမည့် ဥပဒေသစ်ကို ၂၀၁၅ မတိုင်မီ အစိုးရက ဦးဆောင်ပြုလုပ်မည့် တိုင်းရင်းသားပေါင်းစုံ ပါဝင်သော အစည်း အဝေးကြီး သို့မဟုတ် ညီလာခံ၌ တင်ပြမည်ဖြစ်ကာ အားလုံး၏ ဆန္ဒသဘောထား ခံယူသွားရန်လည်း ရည်ရွယ်ထားကြ ကြောင်း၊ လိုအပ်ပါက လွှတ်တော်က ဖွဲ့စည်းထားသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး လေ့လာသုံးသပ်ရေး ကော်မရှင်ထံ တင်ပြသွား ရန်ရှိကြောင်းလည်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပေါ်ပေါက်လာသော ပြည်ထောင်စု လွှတ်တော်သည် ၂၀၀၈ ဖွဲ့စည်းပုံပါ အချက်တချို့ကို ပြင်ဆင်နိုင်ရန် လေ့လာသုံးသပ်ရေး ကော်မရှင် တခုကို ဖွဲ့စည်းထားသည်။ ထိုကော် မရှင်က ဖွဲ့စည်းပုံ၏ ပြင်ဆင်ရန် လိုအပ် သည့် အချက်များကို ဒီဇင်ဘာလ မကုန်မီ ကြေညာသွားမည်ဟု ပြောဆိုထားသည်။

ယင်းကော်မရှင်၌ အာဏာရ ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်အများနှင့်တပ်မတော်သား ကိုယ်စားလှယ် ၂၀ ကျော် ပါဝင်နေ ကာ တိုင်းရင်းသားပါတီ ကိုယ်စားပြု ကိုယ်စားလှယ် အနည်းငယ်သာ ပါဝင်နေသည့်အတွက် တိုင်းရင်းသားတို့ လိုလားတောင်း ဆိုနေသည့် တန်းတူရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ အာဏာခွဲဝေရေး၊ သယံဇာတ ခွဲဝေရေးတို့ကို အပြည့်အ၀ ရရှိမည် မဟုတ်ဟု သံသယ ရှိနေကြသည်။

ပြည်ထောင်စု လွှတ်တော် နာယကနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက မူ တိုင်းရင်းသား အခွင့်အရေး အတွက် ဖက်ဒရယ် စနစ်တည်ဆောက်ရန် ကြိုးပမ်းနေကြောင်း၊ ဖက်ဒရယ် စနစ်အတွက် ဖွဲ့စည်းပုံပါ အချက်တချို့ကို ပြင်ဆင်ရန် လိုအပ်ပါက လေ့လာသုံးသပ်ရေး အဖွဲ့က ပြင်ဆင်သွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ပြည်သူများနှင့် တွေ့ဆုံပွဲများတွင် ပြောဆိုသွားကြောင်း သိရသည်။
“ဦးရွှေမန်း ကိုယ်တိုင်က ဖက်ဒရယ် အကြောင်းကို ပြောလာတဲ့အတွက် ကြိုဆိုပါတယ်၊ ဒါပေမယ့် သူပြောတဲ့ ဖက်ဒရယ်မူက ဘာလဲ၊ မြန်မာ့နည်း မြန်မာ့ဟန်လား၊ သူပြောတာနဲ့ ကျနော်တို့ ပြောနေတဲ့ ဖက်ဒရယ်မူက တူချင်မှတူမယ်၊ မြန်မာ့နည်း မြန်မာ့ ဟန် ဖက်ဒရယ် ပုံစံ ဖြစ်လာမှာကို ကျနော်တို့ စိုးရိမ်တယ်၊ ဒါကြောင့်လဲ ဖွဲ့စည်းပုံသစ် ရေးဆွဲရတာပါ”ဟု ခွန်ဥက္ကာ က ဆို သည်။

ဦးရွှေမန်း၏ ခရီးစဉ်တွင် မြန်မာနိုင်ငံ၌ ပြည်ထောင်စု တပ်မတော် တခုတည်းသာ ရှိရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပြီး လက် နက်ကိုင်စွဲ၍ ဖက်ဒရယ် စနစ်ဖြစ်ပေါ်လာမည် မဟုတ်ကြောင်းလည်း ဦးရွှေမန်းက တိုင်းရင်းသား အဖွဲ့များနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားကြောင်း သိရသည်။

ထို့အတူ ၂၀၀၈ ဖွဲ့စည်းပုံသည် အချိန်ယူရေးဆွဲထားခြင်း ဖြစ်သည့် အတွက် ဖွဲ့စည်းပုံ အသစ် ထပ်မံရေးဆွဲရန် မလိုအပ် ကြောင်း၊ လက်ရှိ ဖွဲ့စည်းပုံကိုသာ ပြင်ဆင်စရာ ရှိပါက ပြင်ဆင်ခြင်းသည်သာ သင့်လျော်မည် ဖြစ်ကြောင်းလည်း ဦးရွှေမန်း က မီဒီယာ တချို့ကို မကြာသေးခင်က ပြောဆိုခဲ့သေးသည်။

တိုင်းရင်းသား ခေါင်းဆောင်များကမူ ၂၀၀၈ ဖွဲ့စည်းပုံ၌ တိုင်းရင်းသားတို့ လိုလားသည့် အချက်များကို ပြင်ဆင်၍ တိုင်းရင်း သား တန်းတူရေး အခွင့်အရေး အပြည့်အ၀ အာမခံချက်ရှိပါက ကန့်ကွက်စရာ မလိုအပ်ကြောင်း ပြောဆိုထားကြသည်။

UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ခု ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်း ခဲ့ခြင်းဖြစ်သည်။

UNA တွင် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ALD)၊ မွန် ဒီမိုကရေစီ ပါတီ၊ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ စသည်တို့ ပါဝင်သည်။

Loading