ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ပေါ်က လိုင်စင်မဲ့ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ လောင်းကစားရုံတွေ အားလုံးပိတ်သိမ်းသွားပြီ ဖြစ်တယ်လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့ ထိပ်တန်း တာဝန်ရှိသူတွေက ယမန်နေ့ က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
မြဝတီမြို့ အမှတ် (၄) ရပ်ကွက်ထဲမှာရှိတဲ့ လောင်းကစားရုံ တရုံကို ရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ပြီးနောက် တချိန်တည်းမှာပဲ အခြားဆိုင်တွေပါ ပိတ်သိမ်းသွားတာဖြစ်တယ်လို့ မြဝတီမြို့နယ် ရဲတပ်ဖွဲ့ တာဝန်မှူး ဒုရဲအုပ် မောင်မောင်နိုင် က ပြောပါတယ်။
“ရပ်ကွက် ၄ ထဲက တစ်ဆိုင်ကို ဖမ်းလိုက်တာနဲ့ ကျန်တဲ့ ဆိုင်တွေအားလုံးလည်း ဖမ်းသံကြားတော့ သူ့အသိနဲ့သူ ပိတ်သွား ကြ တာ၊ ကျနော်တို့ ဖမ်းလိုက်တာကတော့ တဆိုင်တည်းပါ”လို့ တာဝန်မှူး ဒုရဲအုပ် မောင်မောင်နိုင် က ဧရာဝတီကို ပြောပါတယ်။
မြဝတီမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်ငွေ ကလည်း “ဟုတ်ပါတယ်၊ ၄ ရက်နေ့က ကျနော်တို့ ဖမ်းဆီးပြီးကတည်းက ပိတ်ကုန် တာ ပါ”လို့ ဆိုပါတယ်။
မြဝတီမြို့ပေါ်မှာ လောင်းကစားရုံတွေ များပြားလွန်းတာ၊ အာရှလမ်းမကြီးပေါ်လို နေရာမျိုးပေါ်မှာအထိ ပေါ်ပေါ်ထင်ထင် ဖွင့်နေ တာ၊ ဒီလောင်းကစားရုံတွေမှာ အစိုးရဝန်ထမ်းတွေပါ လာကစားနေတာနဲ့ ကစားသူတွေရဲ့ အကျိုးဆက် အဖြစ်အပျက်တွေနဲ့ ပတ် သက်ပြီး ဧရာဝတီ သတင်းဌာနက ဓာတ်ပုံမှတ်တမ်းတွေနဲ့ အတူ မဖမ်းဆီးမီ ၄ ရက်အလိုမှာ ဆောင်းပါး တပုဒ် ဖော်ပြခဲ့ပါသေး တယ်။
မြဝတီမြို့ခံတွေနဲ့ လောင်းကစားရုံတွေမှာ လောင်းကြေးထည့်ပြီး လိုက်ကစားနေတဲ့သူတွေကတော့ မြို့ပေါ်မှာ လောင်းကစား ရုံပေါင်း ၅၀ ကျော် ရှိတယ်လို့ ပြောဆိုပေမယ့် ရဲတပ်ဖွဲ့ကတော့ ၂၁ ခုပဲရှိတယ်လို့အတည်ပြုပါတယ်။ လောင်းကစားရုံတွေ ကိုလည်း ရဲတပ်ဖွဲ့က ဂိမ်းဆိုင်လို့ အသုံးပြုခေါ်ဆိုပါတယ်။
ဒီလ ၄ ရက်နေ့က အမှတ် (၄) ရက်ကွက်၊ ပြည်သာယာလမ်းထဲမှာရှိတဲ့ ဆိုင်တစ်ဆိုင်ကိုဝင်ဖမ်းရာမှာ လောင်းကစားခုံ ၁၃ လုံး၊ စိတ်ကြွဆေး ၂၀၁၅ ပြား၊ ပိုက်ဆံ ကျပ် ၁ သိန်း ၆ သောင်းကျော်နဲ့ သေနတ် တလက် သိမ်းဆည်းရရှိခဲ့တယ်လို့ ဒု ရဲအုပ် မောင်မောင်နိုင် က ပြောပါတယ်။
“စီမံချက်ရယ်လို့တော့ မဟုတ်ဘူးခင်ဗျ၊ ဂိမ်းဆိုင်တွေက များနေတော့၊ ကျနော်တို့လည်း အသိပေးတာကြာပြီပေါ့နော် ဂရုမစိုက် ဘူး၊ ဖမ်းတာကတော့ လူ ၂၀ လောက် အုပ်စုလိုက် အင်နဲ့ အားနဲ့သွားပြီးတော့ ဖမ်းတာပါ၊ ဖမ်းဖို့ရည်ရွယ်တာတော့ ကြာပါပြီ၊ ကျနော်တို့လည်း ဒီမှာက မဖမ်းရင်လည်း မဖြစ်ဘူးလေ၊ တအားများနေတာကြတော့၊ သတိပေးတာလည်း များနေပြီ ဒါကြောင့် ဝင်ဖမ်း တာပါ” လို့ သူက ဆိုပါတယ်။
ဒီလောင်းကစားရုံတွေထဲမှာ ၄ ပေ၊ ၆ ပေလောက် အကျယ်အဝန်းရှိတဲ့ လောင်းကစားခုံတွေရဲ့ မျက်နှာပြင်မှာ ပင်လယ် သတ္တဝါ မျိုးစုံပုံတွေကို ခလုပ်နှိပ်ပြီး အဆက်မပြတ် ပစ်ခတ်ကြရတဲ့ ကစားနည်းမျိုးတွေဖြစ်ပြီး ကျပ်ငွေ သောင်းဂဏန်းကနေ သိန်းရာချီပြီး ကစားလို့ရပါတယ်။ လောင်းကစားခုံတွေအားလုံးကတော့ တရုတ်စာတွေနဲ့ပါ။
ဖွင့်လှစ်ထားတဲ့ လောင်းကစားရုံတွေဟာ တရားဝင်လိုင်စင်နဲ့မဟုတ်ဘဲ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေက ဖွင့်လှစ်ထားတာဖြစ်ကြောင်း၊ ဒီလိုဖမ်းလိုက်တဲ့ အတွက်ကြောင့် ရဲတွေနဲ့ လက်နက်ကိုင်တွေကြားမှာ ပြဿနာ မရှိနိုင်တဲ့ အခြေအနေကိုလည်း ရှင်းပြပါတယ်။
“ကျနော်တို့ ရဲဘက်ကတော့ ဖွင့်ခွင့်ပေးထားတာ တဆိုင်မှ မရှိပါဘူး၊ ငြိမ်းချမ်းရေးအဖွဲ့တွေက လာပြီးတော့ဖွင့်ကြတာ၊ သေနတ် တွေနဲ့ ဆိုတော့လည်း ပုံစံမကျဘူးပေါ့ဗျာ၊ အခုဖမ်းလိုက်တဲ့ဆိုင်ကလည်း ကလို့ထူးဖော ငြိမ်းချမ်းရေး အဖွဲ့က ဖွင့်တဲ့ ဆိုင်ပါ၊ ကျနော်တို့နဲ့ သူတို့ကြားမှာ ပြဿနာတော့ ဖြစ်မလာနိုင်ပါဘူး၊ ဘာလို့လည်းဆိုတော့ ဖမ်းဆီးတဲ့အချိန်တုန်းက မူးယစ်ဆေးဝါး တွေပါ ပါတယ်၊ အဲဒါမပါရင်တော့ ဖြစ်နိုင်ပါတယ်၊ ကျနော်တို့မှာလည်း လုပ်ရတာ ခက်ပါတယ်” လို့ ရဲအရာရှိက ပြောပါတယ်။
ဖမ်းဆီးလိုက်တဲ့ လောင်းကစားရုံတွေဟာ သုံးဘီးဆိုက်ကားသမားကအစ ကုန်သည်သူဌေးတွေပါမကျန် လူတန်းစားမရွေး ဝင်ရောက် ကစားနေကြပြီး ခုလို ဖမ်းဆီးလိုက်တယ်ဆိုတဲ့ သတင်းအတွက် မြို့ခံအချို့က ဝမ်းသာကြပေမယ့် အပြီးအပြတ် ပျောက်ကွယ်သွားလိမ့်မယ်ဆိုတာကိုတော့ မယုံကြည်ဘူးလို့ ဆိုကြပါတယ်။
“ဖမ်းတာကတော့ အရင်နှစ်တွေတုန်းကလည်း ဖမ်းတာပဲ၊ ဆိုင်ကပိုတောင်များလာသေးတယ်၊ အရင်နှစ်တုန်းက ရဲက အဖမ်းပြတယ်၊ ဟိုကပြန်ဖွင့်တာပဲ၊ ဆိုင်တွေက အခုပိတ်တယ်ဆိုပေမယ့် အထဲမှာ ပစ္စည်းတွေက ဆိုင်တော်တော်များများ ဒီအတိုင်ကြီးပဲ၊ အချိန်မရွေးပြန်ဖွင့်လို့ရနေတာပဲ” လို့ မြဝတီမြို့သား တဦးကလည်း ဧရာဝတီကိုပြောပါတယ်။
မြဝတီရဲတပ်ဖွဲ့ကတော့ အရင်နှစ်တုန်းက လောင်းကစားရုံတွေကို ဝင်ဖမ်းခဲ့ပြီး လောင်းကစားခုံ အလုံးပေါင်း ၉၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
မြဝတီမြို့ဟာ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းတွေထဲက အဓိကကျတဲ့ လမ်းကြောင်းပေါ်က မြို့ဖြစ်ပြီး လောင်း ကစား ရုံတွေအပါအဝင် လိင်ဖျော်ဖြေရေး ရုံတွေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲမှုတွေ ပေါများကြောင်း နာမည်ကြီးနေတဲ့ မြို့ဖြစ်ပါတယ်။