Military

အမေရိကန်-မြန်မာ စစ်ဘက်ဆက်ဆံရေး ဘယ်လောက် တိုးတက်မလဲ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

သမ္မတ အိုဘားမား အစိုးရအဖွဲ့က လွန်ခဲ့သော ၂၅နှစ် ဒီမိုကရေစီအရေး ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းသတ်ဖြတ်ခြင်းများ ဖြစ်ပွားခဲ့ပြီးကတည်းက မြန်မာနိုင်ငံအပေါ် ဖြတ်တောက်ထားခဲ့သော စစ်ရေးလေ့ကျင့်ပေးမှုကို ပြန်လည် စတင်ရန် ဆန္ဒရှိနေသည်။

တိုက်ခိုက်ရေးနှင့် ပတ်သက်သော အကူအညီ မဟုတ်သော်လည်း တိုင်းရင်းသားလူနည်းစုများနှင့် ဆက်လက် တိုက်ခိုက်နေဆဲဖြစ်ခြင်းကြောင့် မြန်မာစစ်တပ်ကို လက်တွဲရန် အမေရိကန်အစိုးရ၏ ဆောင်ရွက်မှုသည် အလျင်စလိုနိုင်လွန်းသည်ဟု အမေရိကန် လွှတ်တော်အမတ် အချို့က ဆန့်ကျင်ကန့်ကွက်ကြသည်။

အမေရိကန် အစိုးရအနေဖြင့် ယခင် စစ်အစိုးရ အဖွဲ့ဝင်ဟောင်းတယောက်ဖြစ်သော်လည်း သမ္မတဦးသိန်းစိန်၏ ဒီမိုကရေစီကို ဦးတည်သော ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ချမှတ်ထားသည့် ပိတ်ဆို့ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခဲ့ပြီးဖြစ်သည်။ သို့သော်လည်း စစ်ရေးပူးပေါင်းမှုကို ပြန်လည်တည်ဆောက်ခြင်းသည် အလွန် သတိကြီးစွာ လုပ်ဆောင်ရမည့် ကိစ္စဖြစ်ပြီး ဝါရှင်တန်အတွက် အနည်းငယ်သာ ကျန်တော့သည့် တွန်းအားတွေထဲက တခုဟု ရှုမြင်ကြသည်။

အာရှဒေသတွင် အမေရိကန်၏ သြဇာကို မြှင့်တင်နိုင်ရန် ကြိုးစားနေသော အိုဘားမား အစိုးရအဖွဲ့က သတိထားသော်လည်း လျှင်လျှင်မြန်မြန်နှင့် လှုပ်ရှားနေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံအားပေးမှုကြောင့် အမေရိကန် စစ်ဘက်မှ ဥပဒေကျွမ်းကျင်သူများ မြန်မာနိုင်ငံသို့ နှစ်လတာ ကာလအတွင်း ဒုတိယမြောက်ခရီးစဉ် အဖြစ် မကြာသေးမီ ရက်သတ္တပါတ်များအတွင်းက ရောက်ရှိလာခဲ့ပြီး လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးတို့နှင့် ပတ်သက်သည်များကို မည်သို့ ကူညီသင်ကြား ပေးနိုင်မည် ဆိုသည်ကို လေ့လာခဲ့ကြ၏။

ဘရူနိုင်းနိုင်ငံတွင် ကျင်းပခဲ့သော ပြီးခဲ့သည့် ဒေသတွင်း အစည်းအဝေးတခုတွင် အမေရိကန် ကာကွယ်ရေးဝန်ကြီး ချက်ဟေဂယ်နှင့် ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းသည်လည်း ဆယ်စုနှစ် ၂ခု အတွင်း မြန်မာနှင့် အမေရိကန် စစ်ဖက်အကြီးအကဲများ ပထမဆုံးတွေ့ဆုံကြခြင်း ဖြစ်သည်။

အိုဘားမား အစိုးရက မြန်မာစစ်တပ်နှင့် စစ်ဘက်ရေးရာ တရားစီရင်ရေး၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး စသည် တို့ကို စစ်တပ်ချင်း ပြောဆိုဆွေးနွေးခြင်းသည် ပြုပြင်ပြောင်းလဲရေးကို အထောက်အပံ့ဖြစ်စေနိုင်မည်ဟု ထင်မြင်ယူဆနေသည်။

အိုဘားမား အစိုးရကို ထောက်ခံသူမှာ အမေရိကန်လွှတ်တော် အတွင်းတွင် မြန်မာနိုင်ငံရေးရာ ပေါ်လစီ နှင့်ပတ်သက်၍ သြဇာလွှမ်းသည့် ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် မစ်ချ် မက်ကောနဲလ် ဖြစ်သည်။ သူက “သင့်တင့်မျှတသော၊ တိကျသော ရည်ရွယ်ချက်ရှိသည့် စစ်ဘက်ချင်း ဆက်ဆံရေး”ကို ထောက်ခံကြောင်း သြဂုတ်လအတွင်းက ကြေညာခဲ့သည်။

သို့သော်လည်း ထိုသို့ ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လွန်ခဲ့သော ၂ နှစ် နိုင်ငံရေးပွင့်လင်းမှုများ စတင်ခဲ့သည့် ကာလ အတွင်းမှာပင် ပြည်သူ ၁၀၀၀၀၀ ကျော် အိုးအိမ်မဲ့ ဖြစ်စေခဲ့သည့် စစ်ပွဲကို ဆက်လက် ဆင်နွှဲနေခဲ့သော စစ်တပ်ကို နိုင်ငံ တကာ အသိုင်းအဝိုင်းတွင် တရားဝင် အသိအမှတ်ပြုလိုက်သလို ဖြစ်သွားနိုင်သည် ဆိုသည့် လူ့အခွင့်အရေး လှုပ်ရှားသူတို့၏ စိုးရိမ်မူကို ရည်ညွှန်း၍ အခြား လွှတ်တော်အမတ်များက ဆန့်ကျင်ကန့်ကွက်ကြသည်။

“မြန်မာနိုင်ငံနဲ့ အမေရိကန်တို့ စစ်ရေးအရ ဆက်သွယ်ဆောင်ရွက်ဖို့ အရမ်းစောလွန်းပါသေးတယ်” ဟု အမေရိကန် လွှတ် တော်၏ အရှေ့အာရှဆိုင်ရာမူဝါဒ ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ရီပတ်ဘလစ်ကန် အမတ် စတိဗ်ချာ့ဘော့က AP သတင်းဌာန သို့ ပြောသည်။ “မြန်မာစစ်တပ်ဟာ အစိုးရ ရဲ့ အရပ်ဘက် ဖွဲ့စည်းပုံကို ဆက်လက်ထိန်းချုပ်ထားရုံတင် မကပါဘူး နိုင်ငံထဲမှာ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေဆဲဖြစ်တဲ့ တိုင်းရင်းသားလူနည်းစုတွေ အပေါ်မှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ လက်သည် တရားခံလည်း ဖြစ်ပါတယ်” ဟု သူက ဆိုသည်။

အနောက်နိုင်ငံ တချို့ကတော့ တော်တော် ရှေ့ကိုရောက်နေကြပြီဖြစ်သည်။ ဥပမာ အဆင့်မြင့် ကာကွယ်ရေး ဆွေးနွေးပွဲသို့ တက်ရောက်ရန် မြန်မာအရာရှိ ၃၀ကို ဗြိတိန်နိုင်ငံက ဖိတ်ကြားခဲ့သည်။ သြစတေးလျကလည်း လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို အထောက်အကူဖြစ်မည့် စစ်ဖက်ဆိုင်ရာအခြေခံ ချိတ်ဆက်ဆောင်ရွက်မှုများ ပြုလုပ်ရန်အတွက် ကတိပြုခဲ့ပြီး ဖြစ်သည်။

အမေရိကန်အနေဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ မပြုလုပ်မီ ၁၉၈၀မှ ၁၉၈၈ ခုနှစ်ကာလများအတွင်းတုန်းက မြန်မာနိုင်ငံသို့ စစ်လက်နက်ပစ္စည်း ဒေါ်လာ ၄.၇ သန်းဖိုး ရောင်းချပေးခဲ့ဖူးသည်။ ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဌာနနှင့် ကာကွယ်ရေးဌာနတို့ ပူးပေါင်း၍ နိုင်ငံပေါင်း ၁၂၀ ကို ကူညီနေသည့် နိုင်ငံတကာ စစ်ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် (IMET) တွင် မြန်မာစစ်ဖက်အရာရှိ ၁၆၇ ဦးကို အမေရိကန်နိုင်ငံရှိ စစ်သင်တန်းကျောင်းများတွင် လေ့ကျင့်သင် တန်းပေးခဲ့ဲ့ဖူးသည်။

ဒီမိုကရေစီရေး ဆန္ဒပြသူ ထောင်ပေါင်းများစွာကို သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့သည့် ၁၉၈၈နှစ် အရေးအခင်းပြီးဆုံးချိန်မှ စ၍ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ခြင်း မရှိတော့ဘဲ လက်နက်ရောင်းဝယ်ခြင်းကိုလည်း ယခုအချိန်အထိ တင်း ကျပ်ထားဆဲဖြစ်သည်။ ထိုကာလများအတွင်း မြန်မာနိုင်ငံက ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယား စသည့် နိုင်ငံများ ဖက်သို့ ခြေဦးလှည့်သွားပြီး စစ်ရေးထောက်ပံ့မှုများနှင့် လေ့ကျင့်ရေး အကူအညီများ ရယူခဲ့သည်။

ယခု ပြန်ကောင်းလာသော အမေရိကန်-မြန်မာ ဆက်ဆံရေးအတွင်း အမေရိကန်တို့ အကြီးအကျယ် သတိထားနေရသည့် အခြေအနေတခု ရှိနေသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး နှင့် လူ့အခွင့်အရေး ကိစ္စများ မဟုတ်ပါ။ ယင်းသည် “မြန်မာနိုင်ငံ အနေဖြင့် မြောက်ကိုရီးယားနှင့် ပတ်သက်နေမှုကို ရပ်တန့်ဖို့ ဖြစ်သည်” ဟု မြန်မာက မြောက်ကိုရီးယားနှင့် နောက်ကြောင်း မရှင်းဖြစ်နေသည့်အပေါ် အမေရိကန်တို့အနေဖြင့် အကဲဆပ်ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ နောက်ဆုံးကြေညာချက်တွင် ထပ်မံ ဖော်ပြခဲ့သည်။

တဖက်တွင်လည်း မြန်မာနိုင်ငံ၏ စစ်ရေးတွင် မြောက်ကိုရီးပါဝင်ပတ်သက်နေခြင်းကြောင့် မြန်မာနိုင်ငံကို အထီးကျန်ပြီး အင်အား ချည့်နဲ့စေသော စီးပွားရေးပိတ်ဆို့ကန့်သတ်မှုများ အစား ပူးပေါင်းဆောင်ရွက်ရေး လမ်းကြောင်းနှင့် ကိုင်တွယ်ဖြေရှင်းရန် အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်နိုင်ပါသည်။

အမှန်တကယ်လည်း မြောက်ကိုရီးယားက မြန်မာနိုင်ငံသို့ အမြောက်များ၊ ရွှေ့ပြောင်းနိုင်သည့် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်စနစ်များနှင့် အခြား စက်လက်နက်ပစ္စည်းများ တင်ပို့ပြီး ဆန်နှင့် အခြား စားသောက်ကုန်များနှင့် လဲလှယ်ခဲ့သည်။ မြောက်ကိုရီးယားမှ လှိုဏ်ခေါင်းတူး ပညာရှင်များသည်လည်း နေပြည်တော်သို့ ရောက်လာခဲ့ကြပြီး လျှို့ဝှက်မြေအောက် ဘန်ကာကျင်းများ တည်ဆောက်ရာတွင် မြန်မာစစ်တပ်ကို ကူညီပေးခဲ့ကြသည်။

မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာက မြန်မာနိုင်ငံနှင့် ပတ်သက်၍ မြောက်ကိုရီးယား၏ အငြင်းပွားဖွယ်ရာ အကူအညီတခုမှာ ဒုံးပျံစံနစ် ဖြစ်သည်ဟု Asia Times အွန်လိုင်းသတင်းဝဘ်ဆိုက်တွင် မကြာမီကပင် ရေးသားခဲ့သည်။ ဘာတေးလင့်တနာ၏ သတင်းတွင် မြောက်ကိုရီးယားနှင့် မြန်မာတို့ စစ်ဘက်ရေးရာ သဘောတူညီချက်နှင့် လုပ်ငန်းအသေးစိတ်တို့ကို စိတ်ဝင်စားဖွယ် ဖော်ပြထားသည်။

သူ့အဆို ၂၀၀၈ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းနှင့် ဒီဇင်ဘာ လဆန်းပိုင်းလောက်တွင် စစ်အစိုးရ၏ တတိယခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ယခု ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်း) ဦးဆောင်သော မြန်မာစစ်တပ်၏ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ ပြုံယမ်းမြို့သို့ရောက်ရှိလာပြီး မြောက်ကိုရီးယား စစ်တပ်၏ အကြီးအကဲ ဗိုလ်ချုပ်ကြီး ကင်ဂျော့ဆစ်နှင့် တွေ့ဆုံခဲ့ကြသည်။

နိုဝင်ဘာလ ၂၆ရက်နေ့တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း နှင့် ဗိုလ်ချုပ်ကြီး ကင်ဂျော့ဆစ်တို့ နားလည်မှု စာချွန်လွှာ တခု လက်မှတ်ရေးထိုးခဲ့သည်။ အဆိုပါစာချွန်လွှာတွင် “ နှစ်နိုင်ငံစစ်တပ်များ အပြန်အလှန်ကူညီပေးရန်၊ လေယာဉ်များ၊ သင်္ဘောများ သိမ်းဆည်းရန် အတွက် ဥမင်လှိုဏ်ခေါင်းများ၊ အခြားစစ်ဖက်အဆောက်အဦးများနှင့် မြေအောက် အဆောက် အဦးများ တည်ဆောက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန် အစသည့်အချက်များပါဝင်ပြီး အတူတကွ ပူးပေါင်း၍ လက်နက်များ၊ စက်ပစ္စည်းများ အဆင့်မြှင့်တင်ရန်နှင့် အတွေ့အကြုံများ ဖလှယ်ရန်ကိုလည်း သဘောတူညီခဲ့ကြသည်” ဟု ပါ ရှိကြောင်း ကိုယ်စားလှယ်အဖွဲ့နှင့် အတူလိုက်ပါသွားခဲ့သည့် အရာရှိတယောက်၏ ဌာနတွင်း အစီရင်ခံစာတွင် ရေးသား ထားခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်တပ်၏ မြေအောက်ဘန်ကာနှင့် ဥမင်လှိုဏ်ခေါင်း အစီအစဉ်သည် လွန်ခဲ့သော ၁၀ နှစ်ခန့်ကထဲက စတင်ခဲ့ခြင်း ဖြစ်ပြီး အခုအချိန်တွင် ပြီးစီးလောက်ပြီဟု ယူဆရသည်။ ထိုလုပ်ငန်းများတွင် မြောက်ကိုရီးယားပညာရှင် အများ အပြား ပါဝင်ခဲ့ကြသည်ဟု ပေါက်ကြားလာခဲ့သော သတင်းများက ဆိုသည်။

၂၀၀၉ ခုနှစ် ဇွန်လအတွင်းကလည်း လက်နက်များ တင်ဆောင်လာသည်ဟု ယူဆရသည့် မြောက်ကိုရီးယား သင်္ဘောတစီး မြန်မာပြည်သို့ ဦးတည် ခုတ်မောင်း နေသည်ဆိုသော သတင်းကို နိုင်ငံတကာ မီဒီယာများတွင် ဖော်ပြခံခဲ့ရသည်။ တချိန် တည်းမှာပင် မြန်မာ စစ်အစိုးရ၏ နျူကလီးယား ထုတ်လုပ်မည့် အစီအစဉ်နှင့် ပတ်သက်နိုင်ဖွယ်ရှိသော မြေအောက် ဥမင်များ တည်ဆောက်နေမှု ဓာတ်ပုံနှင့် ဗီဒီယို မှတ်တမ်းများကိုလည်း သတင်းဌာနများတွင် ထုတ်လွှင့်ပြသခဲ့ကြသည်။

မြောက်ကိုရီးယားသည် ယခုအချိန်အထိ မြန်မာ နိုင်ငံ၏ ကာကွယ်ရေးဆိုင်ရာ စက်မှုလုပ်ငန်းများကို ပစ္စည်းကရိယာ အမျိုးမျိုးနှင့် ကျွမ်းကျင်မှုများ ထောက်ပံ့နေဆဲ ဖြစ် သည်ဟု အဆိုပါ စီမံကိန်းများနှင့် နီးစပ်သော မြန်မာစစ်ဖက် သတင်းရင်းမြစ်တခုက သူ့ကို ပြောကြောင်းလည်း ဘာတေးလင့်တနာက ရေးသားသည်။

ထို့ပြင် မကွေးတိုင်း မင်းလှမြို့နယ် ကုန်းကြီးရွာ အနီးရှိ ဧက ၆၀၀ ရှိသည့်မြေနေရာတွင် ဖွင့်လှစ်ထားပြီး စစ်သားနှင့် ပညာရှင် ၆၀၀ ကျော်အလုပ်လုပ်နေကြသည့် အမှတ် ၁၀ ကာကွယ်ရေး ပစ္စည်းစက်ရုံ နှင့် မကွေးတိုင်း အတွင်းမှာပင် စေတုတ္တရာ မြို့အနီးတွင် ပြင်ဦးလွင် စစ်ဖက်အင်ဂျင်နီယာ တက္ကသိုလ်ကျောင်းဆင်း အရာရှိများ ဦးစီးကာ စစ်သား ၄၀၀ ခန့်နှင့် လုပ်ဆောင်နေသည့် အမှတ် ၂၀ ကာကွယ်ရေးပစ္စည်း စက်ရုံတို့သည် ဒုံးပျံ ထုတ်လုပ်ရေးလုပ်ငန်းများ ဆောင် ရွက်နေကြခြင်း ဖြစ်နိုင်သည်ဟုလည်း သူက ဆိုသည်။

ယခုနှစ် ဇူလိုင်လ ၂ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဌာနက မြန်မာနှင့် မြောက်ကိုရီးယား တရားမဝင် လက်နက်ကုန်သွယ်မှုတွင် ပါဝင်ပတ်သက်ခဲ့သူဟု သတ်မှတ်ခြင်းခံရသည့် မြန်မာ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးတပ်ဖွဲ့များ၏ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဌေးကို နာမည်ပျက် စာရင်း သွင်းလိုက်သည်။ ထိုတားမြစ်ပိတ်ပင်မှုသည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ ဆက်ဆံမှုကို ဖြတ်တောက်နိုင်ရန် ဆက်လက် အားထုတ်နေသော မြန်မာ အစိုးရကို ရည်ရွယ်ခြင်းမရှိဟုလည်း ဖော်ပြထားသည့်အတွက် အမေရိကန်သည် ဆုပေး-ဒဏ်ပေး သဘောမျိုးဆောင်သည့် မူဝါဒ ချမှတ်ကျင့်သုံးတော့မည် ဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြနေသည်။

နာမည်ပျက်စာရင်းသွင်းခံရခြင်း အတွက် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး အလွန်ဒေါသ ဖြစ်ခဲ့ပြီး သူ့အနေဖြင့် အမိန့်ကို နာခံ၍ အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်ဟုလည်း သိရှိရသည်။ စဉ်းစားဆင်ခြင်တတ်သော မည်သည့်လေ့လာသူမဆို ၎င်း၏ ဖြေရှင်းချက်ကို လက်ခံကြလိမ့်မည်ဖြစ်သည်။ အလွန် အရေးပါသော ဒုံးပျံ ကဲ့သို့ ကိစ္စမျိုးကို မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် သူတဦးတည်း သဘောဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရဖို့ မဖြစ်နိုင်ပါ။ အမေရိကန် အစိုးရတာဝန်ရှိသူများ ဘက်ကလည်း ထိုအချက်ကို သိနေ မည်ဖြစ်ကြောင်း သံသယရှိရန် မလိုပေ။ သို့သော်လည်း မြောက်ကိုရီးယားနှင့် ပူးပေါင်းမှုများကို ဆက်လက် လုပ်ဆောင် နေခြင်း ရှိမရှိကို သူတို့က သတိထားစောင့်ကြည့်နေကြောင်း မြန်မာအစိုးရနှင့် သမ္မတ ဦးသိန်းစိန်ကို သွယ်ဝိုက်၍ ပြသ လိုက်ခြင်းသာ ဖြစ်တော့သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading