မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်တွင် ကျပ်သိန်း ၁၀၀ အောက် တန်းဖိုးနည်း တိုက်ခန်းများကို လာမည့်နှစ် အစောပိုင်းအတွင်း အပြီးတည်ဆောက်သွားရန် စီစဉ်နေပြီး ယင်းအစီအစဉ် အကောင်အထည်ပေါ်ပါက လက်ရှိ မြန်မာနိုင်ငံတွင် တန်ဖိုးအနည်းဆုံး အိမ်ရာစီမံကိန်း ဖြစ်နိုင်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် မတ်လတွင် အပြီးတည်ဆောက်မည့် တန်ဖိုးနည်း တိုက်ခန်းများနှင့် ပတ်သက်၍ မန္တလေး စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံနှင့် ကုန်ရုံဌာနမှူး ဦးမျိုးအောင်က “လက်ရှိအနေထား အရတော့ ဈေးနှုန်းက မြေညီထပ် တိုက်ခန်းတခန်းကို သိန်း ၁၀၀ အောက်ပဲ ဖြစ်မှာပါ။ အဲဒီကနေမှ အထက်ကို ဈေးလျှော့သွားမယ်။ လက်ရှိအနေထား အရတော့ ဈေးကို သေချာ မသတ်မှတ်ရသေးဘူး။ အဲဒီ မြေနေရာတွေမှာ ရောင်းမှား ဝယ်မှား ဖြစ်ထားတဲ့သူတွေ ရှိတယ်။ အဲဒီလူကို တချက်ပြန်ပြီး စိစစ်ရဦးမယ်။ အဲဒါပြီးမှ ကျနော်တို့ ဈေးကို တရားဝင် ကြေညာသွားမှာပါ” ဟု ပြောသည်။
တိုက်ခန်းရောင်းရာတွင် အရစ်ကျစနစ်ဖြင့် ရောင်းချမည် မဟုတ်ဘဲ လက်ငင်းငွေချေစနစ်ဖြင့်သာ လက်ခံမည်ဟု သိရသည်။
“စည်ပင်မှာက ငွေမရှိဘူး။ ပုဂ္ဂလိက ကုမ္ပဏီတွေနဲ့ နားလည်မှုယူပြီး လုပ်ထားတာပါ။ တကယ်လို့ ကျနော်တို့က အရစ်ကျစနစ်နဲ့ သွားရောင်းမယ်ဆိုရင် နောက်ထပ်ပြီး လုပ်ရမယ့် ပရောဂျက်တွေအတွက် ငွေမရှိတော့ဘူး။ ဒါ့ကြောင့် အရစ်ကျစနစ်နဲ့ မလုပ်နိုင်ပါဘူး” ဟု ဦးမျိုးအောင်က ပြောသည်။
အခြေခံလူတန်းစား အနေဖြင့် လက်ငင်း ငွေချေစနစ်မှာ အခက်အခဲ ရှိနိုင်ကြောင်း၊ ထို့ပြင် မန္တလေးဒေသခံ အများစုသည် တိုက်ခန်းနေ ယဉ်ကျေးမှုနှင့် မယဉ်ပါးသောကြောင့် လတ်တလောတွင် နေထိုင်မှု အဆင်မပြေ ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။
တန်ဖိုးနည်း တိုက်ခန်းများကို ချမ်းမြသာစည် မြို့နယ်ရှိ မြရည်နန္ဒာရပ်ကွက်နှင့် အောင်သာယာရပ်ကွက် အတွင်းရှိ မြေကွက်အမှတ် မမ-၁၅ နှင့် မမ-၂၆ တို့၏ မြေဧက ၁၃.၀၇ ဧကပေါ်တွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မမ-၁၅ အကွက်တွင် ၈ ခန်းတွဲ ၄ ထပ် အဆောက်အဦး ၂၇ လုံး၊ မမ-၂၆ အကွက်တွင် ၄ ခန်းတွဲ ၄ ထပ် အဆောက်အဦး အလုံး ၃၀ ဖြင့် ယင်းမြေကွက် နှစ်ခုပေါ်တွင် အခန်း ၁၃၄၄ ခန်းပါ တိုက် ၅၇ လုံး တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ရေး လုပ်ငန်းများကို ကုမ္ပဏီ ၃၇ ခုဖြင့် ဆောက်လုပ်မည်ဟု သိရှိရသည်။
ယင်း တန်ဖိုးနည်း တိုက်ခန်းစီမံကိန်းများ စီစဉ်နေသော်လည်း မြေကွက်အချို့တွင် ရောင်းဝယ်မှု အရှုပ်အထွေးတချို့ ရှိနေကြောင်း သိရသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ဦးမျိုးအောင်က “အောင်သာယာနဲ့ မြရည်နန္ဒာမှာ ဖြစ်ခဲ့တဲ့ ရောင်းမှား ဝယ်မှား ကိစ္စတွေကို စည်ပင်အနေနဲ့ ၁၉၉၁ ခုနှစ်မှာ လျော်ကြေးပေးထားပြီးသားပါ။ အခုကိစ္စမှာလည်း ရောင်းမှား ဝယ်မှား ဖြစ်တဲ့သူတွေကို ကျနော်တို့ရုံးမှာ စာရင်းလာပြီး တင်ခိုင်းထားပါတယ်။ အခုချိန်ထိလာပြီး စာရင်းပေးသွင်းတာ လူ ၁၀၀ ကျော်သွားပြီ။ ကျန်တဲ့အပိုင်းတွေကို ကျနော်တို့ ဆက်ပြီး လုပ်ဆောင်သွားမှာပါ” ဟု ဦးမျိုးအောင်က ပြောသည်။
ယမန်နှစ်က မြရည်နန္ဒာရပ်ကွက်တွင် ကျူးကျော်နေထိုင်သည့် အိမ်ခြေ ၄၀၀ ကျော်ကို မန္တလေး စည်ပင်သာယာက ဝင်ရောက် ဖျက်သိမ်းခဲ့သည်။