ထွန်တုံးတိုက်ပွဲပြုလုပ်ခဲ့မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ်သမား ၅၀၀ ကျော် တရားစွဲခံနေရပြီး လယ်သမားတချို့မှာ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များ ချမှတ်ခံရကြောင်း လယ်သမားအရေးလှုပ်ရှားသူများက ပြောသည်။
တရားစွဲခံနေရသူများမှာ တိုင်းအစိုးရရုံးစိုက်ရာ ပုသိမ်မြို့နယ်အပါအဝင် မြို့နယ် ၈ မြို့နယ်မှ လယ်သမားများဖြစ်ပြီး လယ်ယာမြေ လုပ်ကိုင်ခွင့်ရထားသူများက ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ၄၂၇ (အကျိုးဖျက်ဆီးမှု) တို့ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။
“ကျနော်တို့ပြုစုထားတဲ့စာရင်းအရ တရားစွဲခံနေရတဲ့ လယ်သမား ၅၁၃ ဦး ရှိတယ်။ အဲဒီထဲမှာ မော်လမြိုင်ကျွန်းမြို့နယ်က တရားစွဲခံရသူ အများဆုံးဖြစ်နေတယ်။ တရားရုံးတွေမှာ လယ်ယာမြေအမှုတွေနဲ့ လယ်သမားတွေဆိုတာ ပြည့်နေတာပဲ” ဟု လယ်သမားအရေး လှုပ်ရှားနေသည့် လူ့အခွင့်အရေးစောင့်ကြည့် ကာကွယ်ရေးကွန်ရက်မှ ကိုထွန်းထွန်းဦးက ဧရာဝတီကို ပြောသည်။
ထွန်တုံးတိုက်ပွဲကြောင့် တရားစွဲဆိုမှုများဖြစ်ပေါ်နေသည့်မြို့နယ်များမှာ ပုသိမ်၊ ကျောင်းကုန်း၊ ငပုတော၊ မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ လပွတ္တာ၊ အင်္ဂပူ၊ သာပေါင်းနှင့် ကန်ကြီးထောင့်မြို့နယ်တို့ ဖြစ်သည်။
မော်လမြိုင်ကျွန်းမြို့နယ်တခုတည်းမှာပင် တရားရုံးသို့ လယ်ယာမြေနှင့်ပတ်သတ်၍ ဦးတိုက် လျှောက်ထားစွဲဆိုသည့် အမှုပေါင်း ၁၅၈ မှုရှိပြီး တရားစွဲခံနေရသည့်လယ်သမား ၃၀၀ ကျော် ရှိနေကြောင်း စုံစမ်းသိရှိရသည်။
ထို့ပြင် ထွန်တုံးတိုက်ပွဲပြုလုပ်သူ လယ်သမား ၁၇ ဦးအား ယခုလ ၄ ရက်၊ ၅ ရက်နှင့် ၆ ရက်နေ့များတွင် မော်လမြိုင်ကျွန်းမြို့နယ်တရားရုံးမှ ပုဒ်မ ၄၄၇၊ ၄၂၇ အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
“လယ်သမားတွေ ထွန်တုံးတိုက်ပွဲလုပ်တဲ့ရာသီမှာ အဲဒီလယ်တွေထဲမှာ ဘာပင်မှ မစိုက်ရသေးဘူး။ မြက်နဲ့ပေါင်းပင်တွေပဲရှိတယ်။ အဲဒါကို ၄၂၇ (အကျိုးဖျက်ဆီးမှု) ပုဒ်မထည့်ပြီး တရားစွဲတယ်။ ပြီးတော့ အမိန့်တွေချတယ်။ ဒါတွေဟာ တရားဥပဒေနဲ့ မညီညွတ်ဘူး ဖြစ်နေတယ်”ဟု လယ်သမားအရေးလှုပ်ရှားသူ ကိုထွန်းထွန်းဦးက ပြောသည်။
ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု) မှာ ထောင်ဒဏ် ၃ လနှင့် ဒဏ်ငွေ ၅၀၀ ကျပ် အမြင့်ဆုံးချမှတ်နိုင်ပြီး ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု) မှာ အများဆုံးထောင်ဒဏ် ၂ နှစ်နှင့် ဆုံးရှုံးပျက်စီးမှုအပေါ်မူတည်၍ ဒဏ်ငွေချမှတ်နိုင်သည်။
“လယ်သမားကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ချတယ်ဆိုတာက အရမ်းပြင်းထန်ပါတယ်။ ဒါဟာ လုံးဝမဖြစ်သင့်ပါဘူး။ ဒါမျိုးတွေချည်းဆက်ဖြစ်လာမယ်ဆိုရင် တချိန်ကဖြစ်ခဲ့တဲ့ ဆရာစံရဲ့တောင်သူ လယ်သမားအရေးတော်ပုံလိုမျိုး လယ်သမားတွေ သူပုန်ထ အုံကြွတာမျိုးတွေ ဖြစ်လာနိုင်တယ်”ဟု လယ်သမားအရေးလှုပ်ရှားသူ အမျိုးသားဒီမိုကရေစီ ကွန်ရက်မှ
ဦးကြည်လွင်ကပြောသည်။
လယ်သမားများကို ချမှတ်သည့်ပြစ်ဒဏ်မှာ လိုသည်ထက် ပိုမိုပြင်းထန်နေကြောင်း ဥပဒေ ပညာရှင်တချို့ကလည်း ထောက်ပြပြောဆိုကြသည်။
“ဥပဒေမှာ ပြဌာန်းထားတာက လူတယောက်ကို ပြုပြင်ပြောင်းလဲစေလိုတဲ့ ဆန္ဒလောက်နဲ့သာ အပြစ်ဒဏ်ချရမယ်လို့ ပါရှိပါတယ်။ ဒီလယ်သမားတွေကို ဒီလိုလုပ်ရင် ဒါတွေ ဖြစ်နိုင်တယ်ဆိုတာကို သတိပေးတာမျိုးလောက်ပဲ ပြစ်ဒဏ်ပေးသင့်တယ်လို့ မြင်ပါတယ်။ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ လ ဆိုတာက နည်းနည်းများတယ်လို့မြင်တယ်”ဟု
ရန်ကုန်မြို့မှ အထက်တန်းရှေ့နေတဦးက ပြောသည်။
မန္တလေးမြို့မှ တရားလွှတ်တော်ရှေ့နေ ဦးမြင့်သွင်ကလည်း “အာဏာပိုင်အဖွဲ့အစည်းတွေ၊ တရားစီရင်ရေးအဖွဲ့အစည်းတွေက နောက်နောင် မကျူးလွန်အောင် စံပြအဖြစ် လုပ်ချင်တဲ့ စိတ်မျိုးနဲ့ လုပ်လိုက်သလားတော့ မပြောတတ်ဘူး။ တကယ်တမ်းက ပိုပြီးတော့ နာကြည်းသွားစေနိုင်တယ်လေ”ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ကမူ မိမိတို့အနေဖြင့် ထွန်တုံးတိုက်ပွဲဟုဆိုကာ လယ်ယာမြေကျူးကျော်ထွန်ယက်မှုများအား ဥပဒေနှင့်အညီ
ဖြေရှင်း ဆုံးဖြတ်ပေးနေကြောင်း ယခုလ ၆ ရက်နေ့က ကျင်းပပြုလုပ်သည့် လွှတ်တော် အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်တဦး၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြားသွားခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၂၆ မြို့နယ်ရှိသည့်အနက် အနည်းဆုံး မြို့နယ် ၁၃ ခုတွင် ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း ထွန်တုံးတိုက်ပွဲ အနှံ့အပြားဖြစ်ပွားခဲ့ကြောင်း လယ်သမားအရေး လှုပ်ရှားသူများထံမှ စုံစမ်းသိရှိရသည်။
ထွန်တုံးတိုက်ပွဲဖြစ်ပွားသည့် လယ်မြေအများစုမှာ စီမံကိန်းပြုလုပ်မည်ဟု ပြောဆိုကာ ဌာနဆိုင်ရာနှင့် ကုမ္ပဏီတို့ သိမ်းယူခဲ့သည့်မြေများ၊ တာဝန်ကျေစပါးမသွင်းနိုင်၍ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူများက သိမ်းဆည်းခဲ့သည့်မြေများနှင့် ငွေရှင်များမှ အကြွေးဖြင့် သိမ်းယူခဲ့သည့်မြေများ အများစုပါဝင်နေသည်။
ဧရာဝတီတိုင်း အနှံ့အပြားတွင် စစ်တပ်၊ ကုမ္ပဏီ၊ ဌာနဆိုင်ရာစသဖြင့် အဖွဲ့အစည်းမျိုးစုံက အကြောင်းအမျိုးမျိုးဖြင့် သိမ်းဆည်းထားသည့်လယ်ယာမြေဧက ၁ သိန်းကျော်ရှိနေကြောင်း သိရသည်။