အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး အတွက် တိုင်းရင်းသား အဖွဲ့အစည်းများ နှင့် ညှိုနှိုင်းခြင်း၊ ဥပဒေပညာရှင်များ ပါဝင်သော အခြေခံ ဥပဒေ ပြင်ဆင်ရေးကော်မတီ ဖွဲ့စည်းခြင်း အပါအဝင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး မူဝါဒကို စတင် အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း သတင်း ရရှိသည်။
၂၀၁၂ ရွေးကောက်ပွဲမူဝါဒ တခုဖြစ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဥပဒေပညာရှင် ၇ ဦး ပါဝင်သော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ တရပ်ကို စက်တင်ဘာလ ၆ ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်၏ ညွှန်ကြားချက်ဖြင့် ဖွဲ့စည်းလိုက်ပြီး ယင်းကော်မတီသည် ၂ လအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင် ရမည့် အချက်များကို လေ့လာပြုစု တင်ပြသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရေး လေ့လာ ရာတွင် NLD ပါတီ တခုတည်းအနေဖြင့်မဟုတ်ဘဲ အဖွဲ့အစည်းပေါင်းစုံမှ အကြံပြုချက်များကို ထည့်သွင်း သွားမည် ဖြစ်ကြောင်း သိရှိရသည်။
NLD ပါတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ကော်မတီ အဖွဲ့ဝင် ရှေ့နေကြီး ဦးအောင်သိန်းက” ကျနော် တို့ က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကျယ်ကျယ် ပြန့်ပြန့် နဲ့ လုပ်ဖို့တော့ အစီအစဉ်ရှိတယ်။ NLD ပါတီတခု အနေ နဲ့တင် မဟုတ် ပါဘူး။ အခြားသော အဖွဲ့အစည်းတွေရဲ့ အကြံပြုချက်ကိုလည်း နားထောင်သွားမယ်။ ကော်မတီ အနေနဲ့ ၂ လအတွင်း အပြီးလုပ်ရမယ်။ အဓိက ကျတာကို ဖြည်းဖြည်းပြင်ရမယ်။ အိမ်ကြီးတခုလုံးကို ဖျက်ပြင်လို့ တော့ မရဘူးပေါ့။ ပြင်သင့်တာကို ဦးစားပေးပြင်မယ်” ဟု ဧရာဝတီသို့ ပြောဆိုသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၇ ရက်နေ့တွင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ကမန် အမျိုးသား တိုးတက်ရေးပါတီ၊ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်၊ မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားတိုးတက်ရေးပါတီ အပါအဝင် တိုင်းရင်းသား ပါတီများမှ ကိုယ်စားလှယ်များနှင့် NLD ရုံးချုပ်တွင် တွေ့ဆုံခဲ့ပြီး အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ပုံမှန် တွေ့ဆုံ သွားရန် သဘောတူညီခဲ့ကြောင်း သိရှိရသည်။
“NLD အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်။ စနေနေ့တိုင်း ဆွေးနွေး ဖို့ရှိတယ်။ ကျနော်တို့နဲ့ တိုင်းရင်းသားတွေနဲ့ ညှိုပြီးမှ လုပ်ကြမှာပါ”ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပွင့်ဖြူမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအောင်မိုးညိုက ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီ တွင် NLDလွှတ်တော် ကိုယ်စားလှယ် ၇ ဦးပါဝင်ပြီး NLD ပါတီက ပြင်ဆင်လိုသည့် အချက်များကို အာဏာရ ကြံ့ခိုင်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိုနှိုင်း ဆောင်ရွက်သွား မည်ဟု NLD လွှတ်တော်အမတ် ဦးဝင်းမြင့်ကဆိုသည်။
“လွှတ်တော်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ဖို့က ညှိုနှိုင်းပြီးတော့ ပြင်ရမှာပေါ့။ ကြံ့ခိုင်ရေးပါတီနဲ့ တကူးတက သီးခြား တွေ့တာ မျိုး တော့ လောလောဆယ် မရှိသေးပါဘူး။ တွေ့ရင် ပြောကြ ဆိုကြတော့ရှိတာပေါ့။ ကျနော်တို့က အနည်းစု ပေမယ့် NLD အနေနဲ့ ပြင်ချင်တာကို ကိုယ်စွမ်း ဉာဏ်စွမ်းရှိသမျှ ကြိုးစားမှာပေါ့။ ဒီမိုကရေစီနိုင်ငံတည်ဆောက်မယ်ဆိုရင် အကျိုး အကြောင်း ခိုင်ခိုင်လုံလုံနဲ့ ဒီမိုကရေစီပြဋ္ဌာန်းချက်တွေ တင်ပြလို့ရှိရင် သူတို့လည်း ဒီမိုကရေစီလိုလားတဲ့ ပြည်သူ့ ကိုယ်စားလှယ် တွေဆိုရင် လက်ခံနိုင်မယ်လို့ ထင်တာပဲ”ဟု ဦးဝင်းမြင့်က ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ဖွဲ့စည်ပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားပြီး NLD ပါတီ၏ ပြင်ဆင်ချက်သည် တိုင်းပြည်နှင့် လူမျိုး အကျိုးပြု ပါက ထောက်ခံသွားမည်ဟု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင် တဦးဖြစ်သူ ဦးအောင်သောင်းက ယခုနှစ် မေလအတွင်း ဧရာဝတီ သတင်းဌာနသို့ ထုတ်ဖော် ပြောဆိုခဲ့သည်။
ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီတွင် အဖွဲ့ဝင် ၁၀၉ ဦးပါဝင်ပြီး ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ် ၅၂ ဦး၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ဦး စုစုပေါင်း ၇၅ ဦးဖြင့် ကော်မတီတွင် အရေအတွက် အများဆုံး ပါဝင်လျက်ရှိသည်။