ကန့်ဘလူမြို့နယ် ထန်းကုန်း အဓိကရုဏ်းအရေး ဖမ်းဆီးထားသည့် မသင်္ကာသူ ၆ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း ကျန်ရှိသော အခြား ၄ ဦးအား ရုံးတင်စစ်ဆေးခြင်းကို လုံခြုံရေးအရ ရွှေဘိုတရားရုံးသို့ ပြောင်းရွှေ့ရုံးထုတ်သွားမည်ဟု သိရသည်။
စက်တင်ဘာလ ၆ ရက်နေ့ သံသယရှိသူ ၁၀ ဦးထဲမှ ၆ ဦးကို ည ၇ နာရီ ၄၅ မိနစ်က ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ၁၉၆ အရ ပြန်လည်လွတ်ပေးခဲ့ပြီး ကျန်သည့် ၄ ဦးကို ယင်းနေ့ကပင် ပုဒ်မ ၄၃၆/၂၃၇ဖြင့် တရားစွဲဆိုထားခဲ့သည်။
ရုံးတင်စစ်ဆေးရန် ဖမ်းဆီးထားသည့် တရားခံများဘက်မှ မကျေနပ်သည့်သူများ အုပ်စုဖွဲ့ ဆန္ဒပြနေခြင်းကြောင့် မလိုလားအပ်သော ပြဿနာများ မဖြစ်စေရန်အတွက် တရားရုံးပြောင်းပြီး စစ်ဆေးရခြင်း ဖြစ်ကြောင်း ကန့်ဘလူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့ ဖမ်းဆီးခံထားရသည့် တရားခံများကို ပြန်လွှတ်ပေးရန် ထန်းကုန်းမြို့နယ်ရှိ ပဋိပက္ခဖြစ်စဉ်များ ကူညီကယ်ဆယ်ရေး ကွပ်ကဲရေးရုံးရှေ့သို့ လူအင်အား ၅၀ကျော် ဆန္ဒပြခဲ့ကြသည့်အတွက် ကန့်ဘလူ ရဲမှူးကိုယ်တိုင် တောင်းပန်ခဲ့ရကြောင်း သိရသည်။
ယခုဖြစ်စဉ်အတွင်း ဖမ်းဆီးထားသူများတွင် အမှန်တကယ် ကျူးလွန်သူများ မပါရှိဟု ဆိုကာ ရွာခံများက မကျေမနပ်ဖြစ်နေကြသည်။ အခင်းဖြစ်ပွားရာတွင် ပါဝင်သည်ဟု ၎င်းတို့က ဆိုသော ထန်းကုန်းနှင့် ဇီးပင်သာရွာမှ လူများကို ဖမ်းဆီးခြင်းမပြုဘဲ ယင်းရွာများနှင့် ၂မိုင်ကျော်ဝေးသည့် ရွာမှ ရွာသားများကို ဖမ်းဆီးစစ်ဆေးနေကြခြင်းသာ ဖြစ်ကြောင်း ဒေသခံများ
ပြောကြားသည်။
“ခုသူ တို့ ဆက်ပြီး ဖမ်းထားတဲ့သူတွေက ဘာမသိ ညာမသိလူတွေပါ။ တကယ့် တရားခံတွေ လွတ်နေတယ်။ နောက်ပြီး ပဋိပက္ခဖြစ်ပြီး မီးရှို့တာတွေက ထန်းကုန်းရွာ အရှေ့ဘက်ရွာက လူတွေနဲ့ ဖြစ်တာ။ ဖမ်းတော့ အနောက်ဘက်ရွာက လူတွေကို မနက်၃နာရီမှာ ဝင်ဖမ်းတယ်။ ဖမ်းတာတွေက မမျှတဘူး။ တကယ့် ပဋိပက္ခကို လှုံ့ဆော်တဲ့သူတွေကျတော့ မဖမ်းဘဲ ဘာမှ မလုပ်တဲ့သူတွေကို ဖမ်းထားတာပါ။ နောက်ပြီး ဒီလို ရွာကြီးတစ်ရွာကို မီးရှို့တယ်ဆိုတာ ဒီလိုလူ ၄ ဦးထဲနဲ့ မီးရှို့လို့ ရတာမှ မဟုတ်တာ။ အဲဒါတွေကို မကျေနပ်တဲ့အတွက်
ရွာက လူတွေ လမ်းလျှောက်ဆန္ဒပြဖို့ ကြိုးစားနေကြတာပါ” ဟု ထန်းကုန်းကျေးရွာမှ ကိုမင်းကြည်ဦးက ပြောသည်။
သံသယရှိသူ ၄ ဦးကို ရုံးပြောင်းစစ်ဆေးရန်အတွက် ရွှေဘိုတရားရုံးသို့ စာတင်ထားပြီး ယင်းစာကို စက်တင်ဘာလ ၁၀ ရက်နေ့တွင် အမိန့်စာချပေးမည် ဖြစ်ကြောင်း၊ ရုံးပြောင်းမိန့်လျှောက်ထားခြင်းမှာ လုံခြုံရေး အခြေနေအားနည်းခြင်းကြောင့်နှင့် မလိုလားအပ်သော ပြသနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် လျှောက်ထားခြင်း ဖြစ်ကြောင်း၊
ရုံးပြောင်းအမိန့် ကျလာမှသာ အမှုစစ်မည့် ရုံးချိန်းရက်ကို ပြောနိုင်မည် ဖြစ်ကြောင်း ရွှေဘိုမြို့နယ် တရားရုံးက ဖြေဆိုသည်။
သြဂုတ်လ ၂၄ရက်နေ့ ထန်းကုန်း ပဋိပက္ခအတွင်း သံသယရှိသူ ၁၂ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။ စစ်ဆေးနေစဉ်အတွင်း သြဂုတ်လ ၂၈ ရက်နေ့ ၁ ဦးမှာ သွေးဝမ်းသွားသည့် ရောဂါဖြင့် သေဆုံးခဲ့ပြီး အဓိက တရားခံဖြစ်သော မောင်ဆန်းမင်းဦး(ခ) လွတ်ခမန်းကို စက်တင်ဘာလ ၄ ရက်နေ့ ထောင်ဒဏ်ချမှတ်ခဲ့ပြီး ဖြစ်သည်။
ကျန်ရှိနေသည့် တရားစွဲဆိုခံထားရသည့် သူများမှာ မင်းလွင်၊ စိုးအောင်(ခ)အောင်ကြီး၊ ကျော်နိုင်ဦးနှင့် ခင်မောင်ထူး(ခ)ဖိုးထူးတို့ ဖြစ်သည်။ ၎င်းတို့သည် အုတ်ဖိုရွာနှင့် ထန်းတောရွာတို့မှ ဖြစ်သည်။
ပြန်လွှတ်ပေးသူများမှာ ဇော်ဝင်း၊ သိန်းမင်း၊ သိန်းနီဦး၊ မျိုးမြင့်၊ အောင်ဝင်းနှင့် အောင်လွင်တို့ဖြစ်ပြီး အုတ်ဖိုရွာ၊ အင်ပတ်တောရွာ၊ မိုးကြိုးရွာနှင့် ရေကြည်ရွာတို့မှ ဖြစ်သည်။
မိထီ္တလာ ပဋိပက္ခများ ဖြစ်ပွားစဉ်အချိန်ကပင် ရွှေဘိုမြို့နယ်ရှိ ကန့်ဘလူ၊ ထန်းကုန်း၊ ဇီးကုန်း၊ ခင်ဦးအပါအဝင် အထင်ကရ နေရာ ၆ နေရာကို ပဋိပက္ခ မဖြစ်ပွားစေရန်အတွက် လုံခြုံရေး တင်းကြပ်ပေးရန် တောင်းဆိုခဲ့သော်လည်း လုံခြုံရေး ကောင်းမွန်စွာ ချမပေးသည့်အတွက် မလိုလားအပ်သော ပြဿနာများ ပိုမိုဖြစ်ပွားခဲ့ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောဆိုသည်။