အစိုးရက ယခုနှစ် အောက်တိုဘာ လကုန်ပိုင်းတွင် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲ ကျင်းပနိုင်ရန် တိုင်းရင်း သား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နှင့် ပေါင်းစည်းထားသည့် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ကို စည်းရုံးခဲ့သော်လည်း အောင်မြင်မှုရမသွားခဲ့ပေ။
UNFC နှင့် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ(UPWC) တို့ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲကို ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် အစိုးရအဖွဲ့က စည်းရုံးခဲ့ရာမှာ UNFC ခေါင်းဆောင်များက သဘောတူညီချက် မပေးခဲ့ခြင်း ဖြစ်သည်။
UNFC ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် နိုင်ဟံသာက“Nationwide cease-fire နဲ့ပတ်သက်ပြီးတော့ သူတို့ (UPWC) ဘက်က ပြောတယ်၊ သူတို့ကဖြစ်စေချင်တယ်၊ ကျနော်တို့ ဘက်ကတော့ အဲဒါကို အဖြေမပေးသေးဘူး၊ မေးခွန်းနဲ့ ပြန်မေးလိုက်တယ်၊ ဘာမေး လိုက်လဲဆိုတော့ ကျနော်တို့ အပစ်ရပ်ထားတဲ့ အဖွဲ့တွေက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်မှာလည်း လက်မှတ် ထိုးပြီးပြီ အခု ထပ်ထိုးဖို့ ဘာကြောင့်လိုလဲ ပေါ့ဗျာ၊ အဲဒီကိစ္စကိုမေးတယ်”ဟု ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များကို ရှင်းပြသည်။
တိုင်းရင်းသား လက်နက်ကိုင်များအနေဖြင့် အပစ်ရပ်ပြီးနိုင်ငံရေး ဆွေးနွေးပွဲ အဆင့်သို့သွားရန် ရည်ရွယ်ချက်ရှိထားပြီး ဖြစ်ကြောင်း သို့သော်လည်း အရေးကြီး ကိစ္စ တရပ်ဖြစ်သော နယ်မြေသတ်မှတ်ရေး၊ တပ်နေရာ ချထားရေးများ အပါအဝင် တဆင့်ချင်း အခိုင် အမာ ပြုလုပ်ပြီးမှ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို သွားသင့်သည်ဟု အဆိုပါ ဆွေးနွေးပွဲတွင် UNFC ဘက်မှ သဘောထား ပေးခဲ့ကြောင်း သိရသည်။
“နောက် တချို့အဖွဲ့တွေက အပစ်ရပ်စဲရေး လက်မှတ်ထိုးပြီးပြီ ဆိုပေမယ့်ပေါ့ဗျာ၊ တိုက်ပွဲပေါင်းက ရာနဲ့ချီပြီးဖြစ်နေတဲ့ ကိစ္စမျိုး၊ အဲသလိုအဖြစ်မျိုး ကျနော်တို့ မဖြစ်စေချင်ဘူး၊ တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင့်တွေ၊ တပ်ပိုင်းဆိုင်ရာ နားလည်မှု အခိုင် အမာ ရှိဖို့လိုတယ်၊ လက်မှတ်ထိုးဖို့ လိုတယ်”ဟု နိုင်ဟံသာ က ရှင်းပြသည်။
အစိုးရအနေဖြင့် လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့ရှိသည့် အနက် ၁၄ ဖွဲ့နှင့် ပဏာမ အပစ်အခတ် ရပ်စဲထားပြီး ပြည်ထောင်စု အဆင့်၊ ပြည်နယ်အဆင့် များကိုလည်း တွေ့ဆုံ လက်မှတ်ထိုးမှုများ ရှိသော်လည်း နယ်မြေသတ်မှတ်ရေး၊ တပ်နေရာချထားရေး၊ ဒေသဖွံ့ဖြိုးရေး၊ စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေး စသည်တို့ကို ထိထိရောက်ရောက် လုပ်ဆောင်ထားမှု မတွေ့ရှိရသေးပေ။
အဆိုပါ အကြောင်းအရာများကို တဆင့်ချင်းဖြေရှင်းပြီးမှ အားလုံးပါဝင်သော ဆွေးနွေးပွဲတရပ်သို့ သွားရန် UNFC က ထောက် ပြ ခဲ့သော်လည်း အစိုးရက လက်ခံနိုင်သည့် အဖွဲ့များနှင့် လက်မှတ်ထိုးမည်ဖြစ်ပြီး လက်မခံသော အဖွဲ့များကို နောက်ချန်ထားခဲ့မည် ဟု UPWC ကပြောဆိုကြောင်း နိုင်ဟံသာက ပြောသည်။
အဆိုပါ ဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာများနှင့် တွေ့ဆုံခဲ့ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲနှင့် ပတ်သက်၍ UNFC က လက်မှတ်ထိုးရန် လက်ခံကြောင်း နိုင်ဟံသာနှင့် ဆန့်ကျင်ဘက် ပြောဆိုခဲ့သည်။
သတင်းထောက်တဦးက Nationwide cease-fire နှင့်ပတ်သက်ပြီး UNFC ဘက်က ဘာပြောခဲ့သလဲဟု မေးမြန်းမှုကို ဝန်ကြီး ဦးအောင်မင်းက“cease-fire ဆိုကတည်းက နှစ်ဖက်တပ်တွေ လုပ်တာပေါ့၊ ဒီအထဲမှာပါတဲ့ UNFC အဖွဲ့ထဲမှာလည်း တပ်ခေါင်း ဆောင်တွေ ပါလာတာပေါ့၊ သူတို့လည်း ပါပြီး လက်မှတ်ထိုးမှာပေါ့”ဟု ပြန်ဖြေခဲ့သည်။
UNFC က လက်မှတ်ထိုးရန် လက်ခံသလားဟု ဆက်၍ မေးမြန်းမှုကိုတော့ ဝန်ကြီး ဦးအောင်မင်း က“လက်ခံပါတယ်၊ လက်ခံပါ တယ်၊ ဒါငြိမ်းချမ်းရေး ရပြီးသား အဖွဲ့တွေ ပြန်ပြီးတော့ Reconfirm(ပြန်လည် အတည်ပြု) ပြန်လုပ်တာလေ၊ သူတို့လည်း လက်မှတ် ထိုးရမှာပေါ့၊ ပိုပြီးခိုင်မာ လာတာပေါ့ဗျာ”ဟု ဖြေသွားခဲ့သည်။
မြန်မာနိုင်ငံ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုးပွဲကို နေပြည်တော်တွင် အောက်တိုဘာလ အတွင်း ကျင်းပနိုင် ရန် လုပ်ဆောင်သွားမည်ဟု ပြည်ထောင်စု လွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ရှမ်းပြည် တိုးတက် ရေး ပါတီ (SSPP/SSA) နှင့် ယခုလ ၆ ရက်နေ့က လားရှိုးမြို့ တိုင်းရွှေလီ ရိပ်သာတွင် တွေ့ဆုံစဉ် ပြောခဲ့သည်။
UNFC နှင့် UPWC တို့၏ အဆိုပါ ဒုတိယ အကြိမ် အကြိုနိုင်ငံရေး ဆွေးနွေးပွဲတွင် ၎င်းတို့၏ လမ်းပြမြေပုံ ၆ ချက်၊ နိုင်ငံရေး မူဘောင်၊ အစိုးရဘက်မှ တင်ပြလာသော တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ကိစ္စ စသည့် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး သဘောတူညီချက် တခုမှ မရရှိခဲ့ကြောင်း နိုင်ဟံသာ က ပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံရာတွင် ပြောဆိုသည်။
“တကယ့် သဘောတူ ဆုံးဖြတ်ချက်ချတဲ့ အဆင့်မျိုးတော့ တခုမှ မရောက်ဘူး၊ ဒါပေမယ့် တဖက်ကလည်း သဘောတူ ဆုံးဖြတ် ချက် ချတဲ့ အနေအထားမျိုးလည်း မဟုတ်သေးဘူးပေါ့ဗျာ၊ အမြင်တွေ ဖလှယ်ကြဖို့ သဘော၊ သက်ဆိုင်ရာ တချို့အမြင်တွေမှာ က လည်း သက်ဆိုင်ရာ မိမိ အဖွဲ့အစည်းတွေမှာ ဆွေးနွေး ရမယ့် အနေအထားတွေ ရှိနေတယ်လေ၊ ဆုံးဖြတ်ပေးလို့ရတဲ့ အနေ အထား မျိုး မဟုတ်သေးဘူး၊ နားလည်မှု၊ ရင်းနှီးမှုတော့ ပိုရှိလာတယ်ဗျ”ဟု နိုင်ဟံသာက ပြောသည်။
UNFC နှင့် UPWC အကြား ယင်းသို့ သဘောတူညီမှု တခုမှ မရရှိခဲ့သည့် အပြင် နောက်တကြိမ်တွေ့ဆုံ နိုင်ကြမည့် ရက်ကိုပင် ချမှတ်နိုင်ခြင်း မရှိခဲ့ကြပေ။
ယခုလ ၇ ရက်နေ့က ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ အဖွဲ့က ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်သောအဖွဲ့ဝင် ၇ ဦးနှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) မှ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်သော အဖွဲ့များနှင့် ချင်းမိုင်မြို့ပေါ်တွင် သီးသန့်တွေဆုံခဲ့ကြောင်း ထိုင်းထောက်လှမ်းရေး အရာရှိများက ပြောသည်။
UNFC နှင့် UPWC တို့ ဆွေးနွေးပွဲကို ထိုင်းထောက်လှမ်းရေး အရာရှိများနှင့် ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူများ ထောက်လှမ်းရေး အဖွဲ့ တာဝန်ရှိသူများက လေ့လာစောင့်ကြည့်ခဲ့ကြသည်။
UNFC ကို ကချင်လွတ်လပ်ရေး အဖွဲ့ (KIO)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီ ပြည်သူ့ တိုးတက်ရေး ပါတီ(KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး (PSLF)၊ ရခိုင် အမျိုးသားကောင်စီ (ANC) စသည့်အဖွဲ့ ၁၁ ဖွဲ့ ဖြင့် ၂၀၁၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။