နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့က ၉၆၉ အမှတ်တံဆိပ်ကို ဗုဒ္ဓဘာသာ အမှတ် တံဆိပ်အဖြစ် လှုပ်ရှားမှုများ မဆောင်ရွက်ရန် တားမြစ်သည့် ညွှန်ကြားတရပ် ထုတ်ပြန်လိုက်မှုအပေါ် ၉၆၉ လှုပ်ရှားမှု ဦးဆောင် နေသော သံဃာတော်နှင့် အဖွဲ့အစည်းများက အစည်းအဝေး တရပ်ခေါ်ယူမည် ဖြစ်ကြောင်း သတင်း ရရှိသည်။
နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က သြဂုတ် ၁၄ ရက် နေ့စွဲဖြင့် ညွှန်ကြားချက် တရပ်ထုတ်ပြန်ခဲ့ပြီး ယင်းညွှန်ကြားချက် တွင် ၉၆၉ အမှတ်တံဆိပ် ဖြင့် သံဃာကွန်ရက်များ ဖွဲ့စည်း နေခြင်း၊ ဗုဒ္ဓဘာသာ အမှတ်တံဆိပ် အဖြစ် လှုပ်ရှားနေခြင်း သည် နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က ထုတ်ပြန် ထားသော စည်းမျဉ်း၊ ဥပဒေများနှင့် မညီညွတ်သဖြင့် လှုပ်ရှား ခွင့်မရှိကြောင်း ထုတ်ပြန်လိုက်ပြီး ယင်းထုတ်ပြန်ချက်အပေါ် နိုင်ငံတဝန်း ရှိ ၉၆၉ အဖွဲ့အစည်းများ စုစည်းကာ ဆွေးနွေးမှု ပြုလုပ်သွားမည်ဟု မန္တလေးအခြေစိုက် ပဋိပက္ခဖန်တီးမှုများ ကြိုတင် ကာကွယ် တားဆီးရေး ကော်မတီ မှ နာယက အဖွဲ့ဝင် ဆရာတော် ဦးခေမာစာရက ဧရာဝတီသို့ မိန့်ကြားသည်။
“သူတို့တွေက မလိုချင်တမျိုး လိုချင်တမျိုး ဖြစ်တော့ ဒီကိစ္စကို ထိပ်တိုက်တွေ့ပြောမှ ကောင်းမယ်၊ သူတို့ဘက်ကလည်း ဘာမှ လုပ်ပေးနိုင်တာမဟုတ်ဘဲနဲ့ ဘုန်းကြီးတွေက အချိန်ကုန် လူပင်ပန်း ခံပြီးလုပ်ပေးနေတာကို ဘာတွေ သဘောမကျ ဖြစ်လဲတော့မသိဘူး။ လောလောဆယ် ဘာမှမပြောချင်သေးပေမဲ့ သူတို့နဲ့ ထိပ်တိုက်တွေ့မှ ပြောမယ်” ဟု ဦးခေမာစာရ က မိန့်ကြားသည်။
ခေတ်အဆက်ဆက် သံဃာတော်များ ဖွဲ့စည်းခဲ့သည့် ဝံသာနုရကိ္ခတ အဖွဲ့အစည်းများ ရှိခဲ့ပြီး ဦးဥတ္တမ၊ ဦးဝိစာရ စသည့် နိုင်ငံ့အရေး ဦးဆောင်လှုပ်ရှားခဲ့သည့် ဆရာတော်ကြီးများလည်းရှိခဲ့ကြောင်း၊ ၉၆၉ အဖွဲ့အစည်းများသည် နိုင်ငံရေး လုပ်နေ သည့်အဖွဲ့အစည်း မဟုတ်ဘဲ အမျိုးဘာသာ၊ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက်သာ ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း ဦးခေမာစာရ ရှင်းပြသည်။
“သူတို့တွေ ပြောနေတဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်း စောင့်ရှောက်ရေး ဆိုတာ ဘာလဲ၊ ဝိနည်းနဲ့ မညီဘူး ဆိုရအောင် လည်း ဘုန်းကြီးတွေ နိုင်ငံရေးလုပ်နေကြတာမဟုတ်ဘူး၊ ဘုန်းကြီးတွေ မလုပ်ရလည်း လူတွေက လုပ်မှာပဲ၊ ခိုးနေ ၊ တိုက် နေ ၊ လိမ်ညာ နေတာလည်းမဟုတ်ဘူး၊ ကိုယ့်အမျိုး ဘာသာ၊ သာသနာအတွက် နည်းလမ်းတွေ ပေးနေတာပဲ ရှိတာ လေ”ဟု ဦးခေမာစာရက ဆိုသည်။
လတ်တလော ၉၆၉ အဖွဲ့အစည်းများ၏ အစည်းအဝေးခေါ်ယူမည့် အချိန်၊ နေရာနှင့် အစီအစဉ် အသေးစိတ်ကိုမူ ဦးခေမာစာရ က ထုတ်ဖော်ပြောဆိုခြင်းမပြုပေ။
နိုင်ငံတော်သံဃမဟာနာယက၏ ညွှန်ကြားချက်တွင် ဗုဒ္ဓဘာသာ၏ အမှတ်တံဆိပ်အဖြစ် ၉၆၉ ကို အသုံးပြုလှုပ်ရှား နေခြင်းနှင့် သံဃကွန်ရက်အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်နေခြင်းသည် သံဃမဟာနာယကအဖွဲ့ စည်းမျဉ်း နှင့် လုပ်ထုံး လုပ်နည်း အခန်း၂ အပိုဒ် ၄၊ ၅၊ ၈ အရလည်းကောင်း၊ သံဃ အဖွဲ့အစည်း ဆိုင်ရာဥပဒေ အခန်း၂ အပိုဒ် ၃၊ ၅ နှင့် အခန်း၃ အပိုဒ် ၈၊ ၉ တို့အရ လည်းကောင်း၊ ညွှန်ကြားလွှာ ၈၁ အရ လည်းကောင်း မညီညွတ်သဖြင့် ဖွဲ့စည်း လှုပ်ရှားခွင့် မရှိဟု ဖော်ပြ ထားသော်လည်း ဖွဲ့စည်းလှုပ်ရှားမှုများကို မည်သို့ မည်ပုံ အရေးယူဆောင်ရွက်မည်ကို ဖော်ပြထားခြင်းမရှိပေ။
၉၆၉ သံဃကွန်ရက်များ ဖွဲ့စည်းမှုကို သာသနာရေး ဝန်ကြီးဌာနက တရားဝင် ခွင့်ပြုထားခြင်း မရှိသည့် အပြင် နိုင်ငံတော် သံဃနာယက အဖွဲ့ဝင် ဆရာတော် ၄၇ ပါးကလည်း ၉၆၉ အမှတ်တံဆိပ်ကို ဗုဒ္ဓဘာသာ အမှတ်တံဆိပ်အဖြစ် သတ်မှတ်မှု ကို သဘောမတူသဖြင့် ကြေညာချက် ထွက်ရှိလာခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနမှ သိရှိရသည်။
ရန်ကုန်တိုင်းသာသနာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းညွန့်က “၉၆၉ တွေက သံဃကွန်ရက် ဖွဲ့စည်း နေတာနဲ့ ပတ်သက် ပြီးတော့ ခွင့်မပြုဘူး၊ ညွှန်ကြားချက်လည်း ထုတ်မပေးဘူး။ တရားဝင်ခွင့်ပြုထားတာ သံဃ ဂိုဏ်း ၉ ဂိုဏ်းပဲ ရှိတယ် ဆိုတာ သိရအောင် သံဃ အဖွဲ့အစည်းဆိုင်ရာ ဥပဒေနဲ့ ထုတ်ပြန်လိုက်တဲ့သဘောပဲ။ အခုလိုထုတ်ပြန်လိုက်တာ ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဝင် ဆရာတော် ၄၇ ပါးလုံးက သဘောတူတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းထုတ်ပြန်ချက်ကို တိုင်းဒေသကြီး နှင့် ပြည်နယ် အသီးသီးရှိ သံဃ မဟာနာယက အဖွဲ့ဝင် ဆရာတော်များ ထံသို့ ပေးပို့ထားပြီး ဖြစ်သော်လည်း ၉၆၉ အမှတ်တံဆိပ်နှင့် ပတ်သက်၍ လှုပ်ရှားဆောင်ရွက်နေသည့် သံဃ အဖွဲ့အစည်းများ ထံသို့ ပေးပို့မည် မဟုတ်ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မြန်မာနိုင်ငံတွင် ပဋိပက္ခဖြစ်ပွားစေသည့် ၉၆၉ လှုပ်ရှားမှုများကို အရေးယူမည်ဟု ဇွန်လအတွင်း သွားရောက်ခဲ့သည့် အမေရိကန်ခရီးစဉ်အတွင်း ထုတ်ဖော်ပြောဆို ခဲ့သည်။
ရခိုင်ပြည်နယ်တွင်လူမျိုးရေးနှင့် ဘာသာရေး ပဋိပက္ခများ နောက်ပိုင်းမှ ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းစတင်၍ ၉၆၉ လှုပ်ရှားမှု များ တွင်ကျယ် လာပြီး မွတ်စလင် ဆန့်ကျင်ရေး အဓိက ပါဝင်သည့် ၉၆၉နှင့်ပတ်သက်သည့် တရားခွေများ၊ အမှတ် တံဆိပ် များသည် နိုင်ငံတဝန်း ဘာသာရေးနှင့်လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားစေရန် အဓိကလှုံ့ဆော်နေသည် ဆိုသော ယူဆချက်များ တွင်ကျယ်စွာ ထွက်ပေါ်လျက်ရှိသည်။
၉၆၉ အဖွဲ့အစည်းများသည် မြန်မာတနိုင်ငံလုံးအတိုင်းအတာဖြင့် ပျံ့နှံ့နေပြီဖြစ်ပြီး မော်လမြိုင်မြို့ အပါအဝင် နိုင်ငံ တဝန်းမှာ ကလေးသူငယ်များကို ၉၆၉ ဆိုင်ရာ ဘာသာရေးသင်တန်းများ ပို့ချမှုများရှိနေကြောင်း စုံစမ်းသိရှိရသည်။