သတင်း

ဦးတိုးနိုင်မန်း ကျွန်းစိုက်ခင်း မြေသိမ်းမှု၊ အဓမ္မ အလုပ်ခိုင်းစေမှုများ ရှိဟု ဆို

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

မကွေးတိုင်း သရက်ခရိုင် အောင်လံမြို့နယ်ရှိ မြန်မာ့စွမ်းပကား စက်မှုကုမ္ပဏီ၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်း လုပ်ကိုင်ရာ ၌ မြေယာ သိမ်းဆည်းမှုနှင့် အဓမ္မ လုပ်အားပေး ခိုင်းစေမှုများ ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

မြန်မာ့စွမ်းပကား စက်မှု ကုမ္ပဏီသည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၏ သားငယ် ဦးတိုးနိုင်မန်း ပိုင်ဆိုင် သည့် ကုမ္ပဏီ ဖြစ်သည်။

၁၉၈၇ ခုနှစ်မှ စတင်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်စားသောက်လာသည့် အိမ်ခြေ ၆၅ အိမ်ရှိ အောင်လံမြို့နယ် ပဒဲ ကျေးရွာ ဒေသ၌ နိုင်ငံတော်က ကျွန်းခင်းစိုက်ပျိုးရန် ခွင့်ပြုချက်ရ၍ အဆိုပါ မြေများသည် ကုမ္ပဏီမြေများ ဖြစ်ကြောင်း၊ သို့သော် ကျေးရွာတွင် ဆက်လက် နေထိုင်လိုပါက ကုမ္ပဏီ၏ ကျွန်းစိုက်ခင်းများအတွက် တောင်ယာခုတ်ထွင်ရှင်းလင်း ပြီး ကျွန်းပင်များ စိုက်ပျိုးခိုင်းကြောင်း ပဒဲကျေးရွာ ဒေသခံ ဦးကျော်လင်း က ဧရာဝတီ ကို ပြောသည်။

“အခုနေမှာ နိုင်ငံတော် အစိုးရက တောင်သူ လယ်သမားတွေရဲ့ဘ၀ မြေယာပိုင်ဆိုင်ခွင့် တိကျခိုင်မာစေဖို့ လယ်ယာ မြေ မှတ်ပုံတင်တွေ လုပ်ပေးနေချိန်ဖြစ်ပါတယ်။ ကျနော်တို့မှာ လယ်ယာမြေ မှတ်ပုံတင် မရသေးဘူး၊ ဒီမှာ သူတို့ ကျွန်း စိုက်ခင်းအတွက် သစ်တောဌာနက တောခေါင်းတွေနဲ့ ကုမ္ပဏီရဲ့ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေတို့က သိမ်းမယ်လို့ ခြိမ်းခြောက်နေတာ”ဟု သူက ဆိုသည်။

၂၀၀၈ ခုနှစ်နှင့် ၂၀၀၉ ခုနှစ်များတွင် ဒေသခံ တောင်သူတဦးလျှင် ၁ ဧက နှုန်းဖြင့် တောင်သူ ၅၀ က ကျွန်း စိုက်ပျိုး ပေး ခဲ့ရကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင်လည်း တောင်သူ တဦးလျှင် ၄ ဧက နှုန်း ထပ်မံ၍ ကျွန်းပင်များ စိုက်ပျိုးခိုင်း၍ လုပ် ဆောင်ပေးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် ၂၀၁၀ ပြည့်နှစ်က ကျွန်းတဧက စိုက်ပျိုးမှု လုပ်အားခ ကျပ် ၅ သောင်း ၄ ထောင်နှုန်း ငွေများကိုလည်း ခြေ လျင် တပ်ရင်း အမှတ် ၇၁ မှ အဆိုပါ ကျွန်းစိုက်ခင်း တာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက ဒေသခံများအား ပေး ဆောင် ခြင်း မရှိဘဲ ထုတ်ယူသွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။

“သူတို့ ကျွန်း စိုက်ခင်းမှာ ကျနော်တို့ လုပ်အားခ နစ်နာ ဆုံးရှုံးနေတာတွေအတွက် နစ်နာကြေး လျော်ကြးငွေ လိုချင် ပါတယ်။ သူတို့ ကျွန်းခင်းထဲကို ပါနေတဲ့ လယ်ယာမြေတွေလည်း ကျနော်တို့ ပြန်လိုချင်ပါတယ်”ဟု ဦးကျော်လင်း က ဆို သည်။

အဆိုပါ ပုဂ္ဂလိက ကျွန်းစိုက်ခင်းမှာ ၂၀၀၈ ခုနှစ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ၏ ဇေကမ္ဘာ ကုမ္ပဏီ က စတင် လုပ်ဆောင်ခဲ့သော်လည်း နောက်ပိုင်းတွင် သားမက်ဖြစ်သူ မြန်မာ့ စွမ်းပကား စက်မှု ကုမ္ပဏီ လီမိတက် ဒါ ရိုက်တာ ဦးတိုးနိုင်မန်း၏ အမည်ဖြင့် ပြောင်းလဲ လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ဦးကျော်လင်းက ပြောပြသည်။

အဓမ္မ အလုပ်ခိုင်းစေခြင်းနှင့် ပတ်သက်ပြီး ကျွန်းစိုက်ခင်းပိုင်ရှင် ဦးတိုးနိုင်မန်း အား တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၎င်း၏ ကျွန်းစိုက်ခင်းများအတွက် အဓမ္မအလုပ်ခိုင်းစေမှု မရှိကြောင်း၊ လွန်ခဲ့သည့် ၂ နှစ်ခန့်ကလည်း ထိုကိစ္စ ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ်(ILO) တွင် တိုင်ကြားမှု ရှိခဲ့ကြောင်း ဦးတိုးနိုင်မန်း က ပြောသည်။

“လွန်ခဲ့တဲ့ ၂ နှစ်လောက်က တကြိမ် ဖြစ်ခဲ့ဖူးတယ်၊ အဲဒီ ပြဿနာ၊ ကျနော်တို့ကတော့ အတင်းအဓမ္မ အလုပ် ခိုင်းစေ မှုလည်း မရှိဘူး၊ လုပ်အားပေးလည်း မရှိဘူး။ ကျနော်တို့က စိုက်ပဲ စိုက်တာ၊ ခုတ်တဲ့ စရိတ်၊ စိုက်ပျိုးတဲ့ စရိတ်က ကျ နော်တို့ ထုတ်ပေးတာ”ဟု ဦးတိုးနိုင်မန်းက ဆိုသည်။

ဦးကျော်လင်းကမူ“သူတို့ ကျွန်းခင်းကိုမှ စိုက်မပေးဘူးဆိုရင် ကျနော်တို့ လယ်ယာမြေကို အပြီး စွန့်ခွာဖို့ မောင်းထုတ်ပါတယ်။ အဓမ္မ ခြိမ်းခြောက် ပါတယ်။ ကျနော်တို့ လယ်ယာမြေ မစွန့်ခွာလို့ ခြိမ်းခြောက်ဖို့ ခလရ ၇၁ က စစ်သားတွေ၊ နောက် ရဲတွေလည်း ခေါ်လာတယ်။ သစ်တောဌာနက တောအုပ်၊ တောခေါင်းတွေလည်း ခေါ်လာတယ်။ စစ်ကြောင်းဆိုပြီး ကျနော် တို့ကို ခြိမ်းခြောက်ပြီး ခိုင်းတယ်”ဟု ပြောဆိုသည်။

ပဒဲ ကျေးရွာ စိုက်ခင်းတာဝန်ခံ တပ်ကြပ်ကြီး တင်မောင်ဆွေက ခြိမ်းခြောက်၍ ဒေသခံများက ၎င်းတို့ နယ်မြေ မစွန့်နိုင် သောကြောင့် ကျွန်းစိုက်ခင်းများကို နှစ်နှင့်ချီကာ စိုက်ပျိုးပေးခဲ့ရကာ ယခုအထိ ဧက ၂၈၅ ဧက ကျော် ရှိကြောင်း သူ က ဆက် ပြောသည်။

“၂၀၁၀ မှာတော့ တောင်သူတဦးကို ကျွန်း ၄ ဧကစီ နဲ့ တောင်သူ ၅၀ က ထပ်ပြီး စိုက်ပေးခဲ့ရတယ်။ ပြောရရင် ၂၀၀၉၊ ၂၀၁၀ မှာ စုစုပေါင်း ကျွန်းခင်း ဧက ၂၈၅ ဧကကို ကျနော်တို့ စိုက်ပေးခဲ့ရပါတယ်”ဟု ဦးကျော်လင်းက ပြောသည်။

ထိုကဲ့သို့ အဓမ္မ လုပ်အားပေးခဲ့ရသည့်အတွက် လုပ်အားခ နစ်နာကြေး စုစုပေါင်း ကျပ် သိန်း ၁၅၀ နီးပါး ရှိကြောင်း လည်း သူက ရှင်းပြသည်။

“တန်ရာတန်ကြေး လုပ်အား တန်ကြေး မရဘဲနဲ့ အဓမ္မ လုပ်အားပေးခဲ့ရတာပါ။ ကျွန်းခင်း မပြီးမချင်း တနှစ်လုံးပဲ လုပ် အား ပေးခဲ့ရတယ်။ စုစုပေါင်း လုပ်အားခက ကာလ ပေါက်ဈေး အနည်းဆုံး သိန်း ၁၄၀၊ ၁၅၀ လောက်ရှိပါမယ်။ တဧက ကို ၄ သောင်း ၅ ထောင်လေ”ဟု ဦးကျော်လင်း က ဆိုသည်။

သို့သော် အဆိုပါ စရိတ်များ အပြည့်အ၀ မရခဲ့၍ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ILO ရုံးသို့ ၂၀၁၁ ခုနှစ်က ၂ ကြိမ် တိုင် ဒေသခံများက တိုင်ကြားမှုများရှိပြီးနောက် အဓမ္မခိုင်းစေမှု အနည်းငယ် သက်သာ သွားခဲ့ကြောင်း၊ သို့သော် ကျွန်း စိုက်ခင်း နယ်မြေတွင်းက ဒေသခံများ၏ မြေယာများ ယခုအထိ ပြန်မရကြသေးကြောင်း ဦးကျော်လင်း က ပြောသည်။

ဦးတိုးနိုင်မန်းက“အဓိက ဒီလိုဖြစ်တာ ကျနော်တို့က ရွာတွေကို တရားဝင် ရွာတွေ အဖြစ် ဝိုင်းပြီး ကူပြီး တော့ ထွေ/အုပ် နဲ့ ပြန်ညှိပြီး လျှောက်တဲ့ အခါကျတော့ သစ်တောမြေထဲမှာ ရွာမြေဖြစ်အောင် ကျနော်တို့က ဝိုင်း လုပ်ပေးတာပေါ့။ သစ်တောထဲမှာ ကျူးနေတဲ့ အဖွဲ့တွေက အခု ရွာမြေဖြစ်လာတော့ သူတို့က ကျနော်တို့နဲ့ တွဲပြီးစိုက်ထားတဲ့ ဟာတွေကို သူတို့ မြေပုံစံမျိုး ဖြစ်အောင် လုပ်ချင်တဲ့ အခါကျတော့၊ တချို့ သိပ် နားမလည်တဲ့အခါကျတော့ မြှောက်ပေးတဲ့ အုပ် စု တွေ ရှိတယ်”ဟု ဧရာဝတီကို ရှင်းပြသည်။

ဆက်လက်ပြီး ဦးတိုးနိုင်မန်းက ၎င်းတို့အနေဖြင့် ကျွန်းစိုက်ဧက ၄၀၀ ကျော်သာ ရှိကြောင်း၊ လယ်မြေ၊ ယာမြေလည်း မရှိကြောင်း၊ ကျွန်းစိုက်ခင်းဒေသတွင် ကျေးရွာ ၇ ရွာ ရှိပြီး စာသင်ကျောင်း ၇ ကျောင်း ဆောက်ပေးထားကာ ဒေသခံ ကျောင်းဆရာ ဆရာမ ၂၇ ဦး ခန့်ပေးထားကြောင်း၊ အဆိုပါ ကျေးရွာများအတွက် ကျန်းမာရေး၊ ပညာရေး၊ ရေ ရရှိရေး များ လုပ်ဆောင် ပေးထားကြောင်း ပြောသည်။

ဦးတိုးနိုင်မန်း၏ ပုဂ္ဂလိက ကျွန်းစိုက်ခင်းသည် ၂၀၀၉ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ အရှေ့ရိုးမ ကြိုးဝိုင်းအတွင်း ဧကပေါင်း ၁၁၇၆ ဧက ဖြင့် စိုက်ပျိုးခွင့် ရရှိထားခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအနေဖြင့် အဆိုပါကျွန်းစိုက်ခင်းများသည် ဝေးလံခေါင်သီပြီး စိုက်ပျိုးမှုအဆင်မပြေဖြစ်၍ မူလစီမံကိန်း၏ လျာထား ချက် အပြည့် မလုပ်နိုင်၍ ရပ်တန့်ထားကာ ကျန် ကျွန်းစိုက်မည့် နယ်မြေများကို နိုင်ငံတော်သို့ ပြန်လည် အပ်နှံလိုက်ပြီ ဖြစ်ကြောင်းလည်း ဦးတိုးနိုင်မန်းက ရှင်းပြသည်။

“ပထမ စီမံကိန်းတုန်းက ဧက ၂ ထောင်လောက် လုပ်ဖို့ စီမံကိန်းက နောက် ဘယ်လိုမှ လုပ်လို့ အဆင်မပြေတာနဲ့ ကျနော်တို့ ဧက ၄၀၀ နဲ့တင် ရပ်ထားလိုက်တာ၊ ကျန်တာ ပြန်အပ်ထားလိုက်ပြီ။ ထိန်းသိမ်းတဲ့ လုပ်ငန်းလောက်ပဲ ရှိတယ်”ဟု သူက ဆိုသည်။

ယခုနှစ် နှစ်ဆန်းမှ စ၍ စစ်ဆေး ရေးအဖွဲ့များ ရောက်ရှိလာပြီး ဒေသခံများအား လယ်ယာမြေ ချဲ့ထွင်ခြင်း၊ တောင်ယာ ခုတ်ထွင်ခြင်း မလုပ်ရန် ဟန့်တား ကန့်သတ်မှုများ လုပ်ကာ အဆိုပါ ကျွန်း စိုက်ခင်းအတွက်သာ တောင်ယာ ခုတ်ထွင် ခွင့် ရှိကြောင်း အာဏာပိုင်းများက ပြောဆိုသည်ဟု ဒေသခံများက ဆိုသည်။

အဆိုပါ ကိစ္စများကို သိလို၍ ဒေသဆိုင်ရာ သစ်တောဌာန နှင့် အထွေထွေ အုပ်ချုပ်ရေးမှူး တို့အား ဆက်သွယ်ခဲ့ သော် လည်း အဆက်အသွယ် မရခဲ့ပေ။

လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက မြန်မာနိုင်ငံတွင် ကျွန်းပင်များသည် နိုင်ငံတော်ပိုင်ဖြစ်သည်ဟုသာ ယခင်က ကျင့်သုံးခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများက ဖော်ပြထားသည်။

သို့သော် ယခု ကျင့်သုံးနေသော ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံဥပဒေတွင် ကျွန်းပင်များနှင့် ပတ်သက်၍ ပုဂ္ဂလိကပိုင် ရှိ၊ မရှိ ကိစ္စ ကို ရှင်းလင်းစွာ ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံတွင် ကျွန်းပင်များကို စိုက်ခင်းအဖြစ် ပျိုးထောင်စိုက်ပျိုးမှုသည် အင်္ဂလိပ်-မြန်မာ ဒုတိယ စစ်ပွဲ အပြီး ၁၈၅၆ ခုနှစ်က စတင်ကာ အောက်မြန်မာနိုင်ငံ ဗြိတိသျှအစိုးရက ဂျာမန် ရုက္ခဗေဒ ပညာရှင် ဒေါက်တာ ဘရန်ဒစ်ကို ငှားရမ်း ၍ ပထမဆုံး ကျွန်းစိုက်ခင်း ဖော်ထုတ် စိုက်ပျိုးခဲ့သည်ဟု မှတ်တမ်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သစ်တောများ ပြုန်းတီးမှုနောက်တွင် တန်ဖိုးရှိ ကျွန်းသစ်ပင်များ နောင်အနာဂတ်တွင် ပေါများလာ စေ ရေးအတွက် ယခင်စစ်အစိုးရများ လက်ထက်က စတင်ကာ တနိုင်တပိုင် ပုဂ္ဂလိက ကျွန်းစိုက်ပျိုးမှုနှင့် ကုမ္ပဏီများ၏ စိုက်ပျိုးခွင့်များ ချမှတ်ထားပြီး ယခုအခါ ပုဂ္ဂလိက ကျွန်းစိုက်ခင်း ဧကပေါင်း ၄၈၆၉၀ ဧက ရှိသည်ဟု သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading