မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်က ဖြစ်ပွားခဲ့သော ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ လှုပ်ရှားမှု မှတ်တမ်းများနှင့် စစ်အစိုးရ လက်အောက် တိုက်ပွဲဝင်ခဲ့ကြသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေး လှုပ်ရှားမှု မှတ်တမ်းမှတ်ရာများကို စုစည်း ဖော်ထုတ် ပြသမည့် ၈ လေးလုံး ပြတိုက်ကြီး တခု ရန်ကုန်တွင် ယခုနှစ်အတွင်း ဖွင့်လှစ်ပြသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ခေတ္တ ရောက်ရှိနေသည့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက စက်တင်ဘာလ ၈ ရက်နေ့တွင် နော်ဝေးရောက် မြန်မာ့ မိသားစုများနှင့် တွေ့ဆုံစဉ် ရန်ကုန်၌ ၈ လေးလုံးပြတိုက် ဖွင့်လှစ်ရန် စီစဉ်နေကြောင်း ထုတ်ဖော် ပြောဆိုခြင်းဖြစ်သည်။
“ပြီးခဲ့တဲ့ ၈ လေးလုံးငွေရတု ၂၅ နှစ်ပြည့်ပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ကျောင်းသား တပ်မတော်ရဲ့ ပြခန်းတွေကို လူများ စိတ်ဝင်တစား ရှိခဲ့တယ်၊ အဖြူအစိမ်းဝတ် ကျောင်းသား ကျောင်းသူ လေးတွေရဲ့ စိတ်ဝင်စားမှုကို တွေ့ခဲ့ရတယ်။ ဒီတော့ ၈ လေးလုံး ပြတိုက်တခု တည်ထောင်ဖို့ ဆုံးဖြတ်ထားခဲ့ ကြတာဖြစ်တယ်။ လောလောဆယ် ကျနော်တို့ ငွေရတုပွဲ ကျင်းပစဉ် တုန်းက အင်အားစုတွေ အားလုံးက သဘောတူထားပြီး ဖြစ်တယ်” ဟု ဦးမြအေးက ပြောဆိုသည်။
ရန်ကုန်မြို့တွင် ၈ လေးလုံး ပြတိုက်ဖွင့်လှစ်ရန် စီစဉ်နေပြီး လတ်တလော မြေနေရာ၊ အဆောက်အဦးပုံစံ၊ ပြတိုက်နှင့် စပ်လျဉ်း သည့် ကိစ္စရပ်များကို ဆွေးနွေးရန် ကျန်ရှိနေသဖြင့် အင်အားစုများ အားလုံး စုံညီစွာ ထပ်မံတွေ့ဆုံ ဆောင်ရွက် သွားရန် ရှိကြောင်း၊ ၈ လေးလုံးကာလ ကျဆုံးသူများ စာရင်းကိုလည်း တနိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူ သွားရန် ရှိပြီး ဒီမိုကရေစီ လှုပ်ရှားမှု မှတ်တမ်းမှတ်တရာများ စုံလင်စွာ ရရှိရေး စုဆောင်းမည်ဖြစ်ကြောင်း သိရှိရသည်။
“၈ လေးလုံး ကာလက အနယ်နယ် အရပ်ရပ်မှာ ကျဆုံးသွားတဲ့ ရဲဘော်တွေ ရှိပါတယ်။ ပြတိုက်မှာပြသဖို့ တပြည်လုံးက မှတ်တမ်း မှတ်ရာတွေတင်မက၊ ကျဆုံးသူတွေရဲ့ စာရင်းကောက်ရမယ်။ ဒီလို စာရင်းကောက်ရင်းက အနယ်နယ် အရပ်ရပ်က အင်အားစု တွေနဲ့ ကျနော်တို့ ပြန်လည် ချိတ်ဆက် နိုင်လိမ့်မယ်၊ ပြီးတော့ နယ်စပ်ဒေသနဲ့ ပြည်ပမှာ လှုပ်ရှားခဲ့တဲ့ မှတ်တမ်း မှတ်ရာနဲ့ ဒီမိုကရေစီ လှုပ်ရှားမှု မှတ်တမ်းတွေကိုပါ စုစည်း ဖော်ပြကြမှာဖြစ်တယ်။ ဒါဟာ ပြီးခဲ့တဲ့ ၈ လေးလုံး ၂၅ နှစ်မြောက်မှာ သဘောတူ ချမှတ်ခဲ့တဲ့ နိုင်ငံရေး ဆွေးနွေးပွဲရဲ့ ရလဒ်တွေကို အကောင်အထည် ဖော်ဖို့ ခြေလှမ်း အစလည်း ဖြစ်ပါလိမ့်မယ်” ဟု ဦးမြအေးက ပြောသည်။
၈ လေးလုံး ပြတိုက် ဖွင့်လှစ်ရေး အပြင် ၈ လေးလုံး ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွွဲမှ ရရှိသည့် မူဝါဒ ၃ ရပ်ဖြစ်သော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု စနစ်ကို အကောင် အထည်ဖော်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည် ရေးဆွဲရေးနှင့် အမျိုးသား နိုင်ငံရေး အင်အားစုများ ပါဝင်သည့် ညီလာခံ တရပ် ကျင်းပရေး တို့ကို အကောင်အထည် ဖော်ရေး ဆောင်ရွက်လျှက် ရှိသည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ သိရှိရသည်။
“ဒီ ၃ ချက်ကို အကောင်အထည် ဖော်နိုင်ဖို့ ပြင်ဆင်ရေး ကော်မတီဖွဲ့ဖို့ ရန်ကုန်မှာလုပ်နေပါတယ်။ စနေနေ့တိုင်း ရန်ကုန်မြို့ မှာ ရှိတဲ့ အဖွဲ့အစည်း ပေါင်းစုံနဲ့ ချိတ်ဆက်ပြီးတော့ စုံညီ အစည်းအဝေးက တဆင့် ရှေ့ဆက်သွားမယ့် လုပ်ငန်းစဉ်တွေ ဖော်ဆောင်သွားမှာ ဖြစ်တယ်။ အဲဒီ ပြင်ဆင်ရေး ကော်မတီကတဆင့် အကောင်အထည် ဖော်ရေး ကော်မတီဆီ သွားမှာ ဖြစ်ပါတယ်” ဟု ဦးမြအေးက ဆိုသည်။
နော်ဝေနိုင်ငံရှိ နော်ဝေမြန်မာ ကောင်စီ (Norwegian Burma Committee) ၏ ဖိတ်ကြားချက်အရ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကျောင်းသားခေါင်းဆောင်တချို့၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့မှ ခေါင်းဆောင် တချို့ပါဝင်သည့် မြန်မာ ကိုယ်စားလှယ် ၁၃ ဦးသည် စက်တင်ဘာလ ၇ ရက် နေ့ မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ နော်ဝေနိုင်ငံနှင့် ဂျာမနီ နိုင်ငံ၏ နိုင်ငံရေး အခြေအနေများကို လေ့လာရေး ခရီးစဉ် သွားရောက် လျှက်ရှိသည်။