ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူ များပြားလာသဖြင့် ကျေးရွာများမှ ကိုယ်ထူကိုယ်ထ လိုက်လံ ဖမ်းဆီးကာ ဆေးဖြတ်သည့် နေရာသို့ ပို့ဆောင်ပေးနေခြင်းကို ယခုလမှ စတင်လှုပ်ရှားနေကြောင်း သိရသည်။
မူဆယ်မြို့နယ်တွင် မူယစ်ဆေးဝါးကြောင့် အရွယ်ရောက် လူငယ်များ ဘဝပျက်မှု များပြားလာကြောင်း၊ ဖမ်းဆီးထားသည့် မူးယစ်ဆေးဝါး များကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း မူးယစ်ဆေးဝါးသုံးစွဲသူများကို မူဆယ်မြို့ မန်ဟီးရိုး မြို့နယ်ခွဲ ဆိုင်တိုက် ကျေးရွာရှိ ဘိန်းဖြတ်စခန်းသို့ လိုက်လံပို့ဆောင် ပေးနေကြောင်း မူဆယ်မြို့နယ် တိန်လုံကျေးရွာမှ ဦးဆမ်အေးက ဧရာဝတီသို့ ပြောသည်။
“ကျနော်တို့ တိန်းလုံကျေးရွာ မှာတော့ ၅ ယောက်လောက် ဖမ်းဆီးမိပါတယ်။ ကျေးရွာ အားလုံးဆိုရင် ဖမ်းမိတာ တော်တော် များပါတယ်။ ဒီလိုလုပ်သင့်တာ ကြာပါပြီ။ ကျေးရွာမှာလည်း မူးယစ်ဆေးကြောင့် ဘဝပျက်နေတဲ့ လူတွေ အရမ်းများ နေပါတယ်။ တကယ်ဆိုရင် အာဏာပိုင်တွေနဲ့ ပူးပေါင်း လုပ်သင့်ပါတယ်” ဟု ဦးဆမ်အေးက ဆိုသည်။
မူးယစ်ဆေးဝါး သုံးစွဲသူနှင့် ရောင်းချသူများကိုလည်း လူငယ်အကျင့်စာရိတ္တ ပြုပြင်ရေးနှင့် ဘိန်းဖြတ်စခန်းသို့ ပို့ဆောင် ပေးနေကြောင်း၊ ကျေးရွာရှိ မူးယစ်ဆေးဝါး သုံးစွဲသူများ ရှိလျှလည်း ရပ်ကွက် လူကြီးများထံ အကြောင်းကြားရန် ကျေးရွာနေ ပြည်သူများကို ပြောကြားခဲ့ကြောင်း ယင်းမူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ကူညီဆောင်ရွက်နေသည့် နောင်ယန်းကျေးရွာမှ ဒေသခံတဦးက ရှင်းပြသည်။
“မူးယစ်ဆေးဝါး သုံးစွဲသူတွေကို အရင်ကတော့ ဖမ်းပါတယ်။ ဒါပေမယ့် မထိရောက်ဘူး။ ထိထိမိမိ ဖြစ်ဖို့အတွက် ကျေးရွာ ပြည်သူတွေ အားလုံး ပါဝင်ကြဖို့ ပြောချင်တယ်။ မူးယစ်ဆေးဝါးကြောင့်လည်း ကျနော်တို့ ဒေသမှာ ဘဝပျက်ခဲ့တဲ့ လူတွေ၊ သေတဲ့လူတွေ တော်တော်များနေပါပြီ” ဟု ၎င်းဒေသခံက ထပ်မံပြောသည်။
ယခုအခါ မူဆယ်မြို့နယ်အတွင်း ဖြစ်သည့် တိန်းလုံကျေးရွာ၊ ဆွမ်ဆော် ကျေးရွာ၊ မန့်ဝိန်း ကျေးရွာများတွင် မူးယစ်ဆေးဝါးကို လွတ်လပ်စွာ ရောင်းချနေကြကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူများသည် တနှစ်ထက် တနှစ် ပိုမိုတိုးလာပြီး အမျိုးသမီး များလည်း သုံးစွဲမှု များလာကြောင်း၊ ယခုအခါ မူးယစ်ဆေးဝါး တိုက်ဖျက်ရန်အတွက် နိုင်ငံတော် အစိုးရနှင့် ပြည်သူများပါ ပူးပေါင်း ပါဝင် ဆောင်ရွက်သင့်ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွင် ဦးစီးလုပ်ဆောင်နေသည့် သူများက ဆိုသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း မန်တုံမြို့ပေါ်ရှိ ပြည်သူ့စစ် ဘိန်းဖြတ် စခန်းကို ယခင်လ ၂၈ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီနှင့် ရှမ်းပြည် တပ်မတော် (RCSS/ SSA) တပ်ရင်း ၇၀၁ တည်ရှိရာ နမ့်ခမ်းမြို့နယ် နောင်မတာ ကျေးရွာရှိ မူးယစ်ဆေးဖြတ် စခန်းကို ယခုနှစ် မေလအတွင်း မြန်မာအစိုးရ တပ်နှင့် RCSS/ SSA တို့ တိုက်ပွဲ ဖြစ်ပွားစဉ် အသိမ်းခံခဲ့ရကြောင်း သိရသည်။
“အရင်ကတော့ ကျနော်တို့ ဘိန်းဖြတ်စခန်းကို မူဆယ်မြို့နယ်မှာရှိတဲ့ ဘိန်းသမားတွေ တော်တော်များများ လာဖြတ်တယ်။ ကျနော်တို့ အဖွဲ့ကလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ဆောင်နေတဲ့ သူဆိုတော့ ကိုယ်တိုင်ဖမ်းပါတယ်။ဖမ်းမိတဲ့ ဘိန်းတွေလည်း နမ့်ခမ်းပြည်သူတွေ ရှေ့မှာ မီးရှို့ပါတယ်။ အခုတော့ ဘိန်းဖြတ်စခန်းကို အစိုးရဘက်က သိမ်းထားပါတယ်” ဟု RCSS/ SSA မှ ဦးစဝ်ကမ့်ခေးက ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းသည် မူးယစ်ဆေးဝါး စိုက်ပျိုးထုတ်လုပ်မှု၊ ရောင်းဝယ်သုံးစွဲမှုတို့တွင် ထင်ရှားပြီး ဒေသခံ ပြည်သူ့စစ် တပ်ဖွဲ့များ၊ ဒေသခံလူထုနှင့် တရုတ်လူမျိုးများ စိုက်ပျိုးကြောင်း တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ခေါင်းဆောင်များထံမှ သိရသည်။
ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေး နှိမ်နင်းရေး လုပ်ငန်းတွေကို မြန်မာအစိုးရ အပါအဝင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှု ဆိုင်ရာရုံး (UNODC)၊ နိုင်ငံတကာက အစိုးရမဟုတ်သည့် အဖွဲ့များ၊ ဒေသခံ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ကိုင်နေကြသည်။
ကမ္ဘာပေါ်တွင် မူးယစ်ဆေး ထုတ်လုပ်ဖြန့်ဖြူး၊ ကုန်သွယ်မှု အများဆုံး နိုင်ငံများ၏ စာရင်း ထဲတွင် မြန်မာနိုင်ငံသည် ရှေ့တန်းမှ ပါဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။