မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုသည် ယခု ဘဏ္ဍာနှစ်၏ ပထမ ၅ လအတွင်း အမေရိကန် ဒေါ်လာ ၂ ဘီလီယံ နီးပါး အထိ ရှိကြောင်း သိရသည်။
ယခုနှစ် ဧပြီလ မှ သြဂုတ်လအထိ ၅ လ အတွင်း ကုန်သွယ်မှု ပမာဏ ဒေါ်လာ ၁.၈၈၁ ဘီလီယံသည် ယမန်နှစ်ကထက် ဒေါ်လာ ၃၉၁ သန်း တိုးမြင့်လာခြင်းလည်း ဖြစ်သည်ဟု တရုတ်နိုင်ငံ ဆင်ဟွာ သတင်းတပုဒ်က ဆိုသည်။
သွင်းကုန်တန်ဖိုး ဒေါ်လာ သန်း ၇၁၀ ရှိချိန်တွင် ပို့ကုန် တန်ဖိုးမှာ ဒေါ်လာ ၁ ဒဿမ ၁၇၁ ဘီလီယံ ရှိလာသဖြင့် ကုန်သွယ်မှု ပိုငွေ ဒေါ်လာ ၄၆၁ သန်း ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံအနေဖြင့် အိမ်နီးချင်း တရုတ်၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ နိုင်ငံတို့နှင့် ကုန်သွယ်မှု ဂိတ်ပေါင်း ၁၅ ခု ထားရှိကာ အဓိက ကုန်သွယ်ရေး စခန်းများ ဖွင့်လှစ်ထားသည်။
အကြီးဆုံး နယ်စပ်ကုန်သွယ်မှုသည် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ဖြစ်ပြီး မူဆယ်-နမ့်ခမ်း၊ ကွမ်လုံ-လောက်ကိုင်၊ ဗန်းမော်-လွယ်ဂျယ် ဟူသည့် စခန်းများ ထားရှိသည်။
ဒုတိယ နယ်စပ်ကုန်သွယ်မှု အကြီးဆုံးဖြစ်သော မြန်မာ-ထိုင်း နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် ကျိုင်းတုံ-တာချီလိတ်၊ မြဝတီ၊ မြိတ်-မောတောင်၊ ကော့သောင်း စခန်းများ ဖွင့်လှစ်လုပ်ဆောင်နေပြီး ဘင်္ဂလားဒေ့ရှ် နယ်စပ် ကုန်သွယ်ရေး အတွက် မောင်တော စခန်း၊ အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးအတွက် ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး စခန်းများ ရှိသည်။
တရားမဝင် နယ်စပ်ကုန်သွယ်မှုကို ယခုအစိုးရလက်ထက် မိုဘိုင်းအဖွဲ့များနှင့် ဖမ်းဆီး တိုက်ဖျက်မှုများ လုပ်ဆောင် လာသည့် အတွက် တရားဝင် နယ်စပ်ကုန်သွယ်မှု တိုးမြင့်လာခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသူများလည်း ရှိသည်။
“အခု မိုဘိုင်းတွေက တရားမဝင်တွေ တောက်လျှောက် ဖမ်းတာ၊ သိမ်းတာတွေလုပ်တော့ တရားဝင်လိုင်းတွေ တိုးလာတာ” ဟု မြဝတီမြို့မှ ရန်ကုန်မြို့သို့ ကူးသန်းရောင်းဝယ်နေသည့် ကုန်သည် တဦးဖြစ်သူ ဦးမောင်မောင်က ပြောသည်။
၂၀၁၂-၂၀၁၃ တရားဝင် စာရင်းဇယားများ အရ မြန်မာနိုင်ငံ၏ နိုင်ငံခြား ကုန်သွယ်မှု စုစုပေါင်း ဒေါ်လာ ၁၈ ဒဿမ ၄၂၁ ဘီလီယံ ကျော်ရှိရာ ယမန်နှစ် ကုန်သွယ်မှုထက် ၁ ဒဿမ ၄ ရာခိုင်နှုန်း တိုးမြင့်ကာ ဒေါ်လာ သန်း ၂၅၀ ပိုလာကြောင်း သိရသည်။
သွင်းကုန် တန်ဖိုး စုစုပေါင်း ဒေါ်လာ ၉ ဒဿမ ၃၄၁ ဘီလီယံ ရှိချိန်တွင် ပို့ကုန်တန်ဖိုး စုစုပေါင်း ဒေါ်လာ ၉ ဒဿမ ၀၈ ဘီလီယံ ရှိလာသည်ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာက ဆိုသည်။
မြန်မာနိုင်ငံ၏ ပြည်ပသို့ ပို့ကုန်အမျိုးအစားများမှာ သဘာ၀ ဓာတ်ငွေ့၊ ကျောက်စိမ်း၊ ပဲ အမျိုးမျိုး၊ ဆန်၊ ငါး၊ ရာဘာ၊ ကျွန်း သစ် တို့ ဖြစ်ပြီး သွင်းကုန်များမှာ လောင်စာဆီ၊ သဘာ၀ ဓာတ်ငွေ့၊ ယာဉ် အပိုပစ္စည်း အစိတ်အပိုင်းများ၊ သံ၊ သံမဏိ၊ အိမ်သုံး ဆေးဝါး၊ ပလတ်စတစ်၊ ဓာတ်မြေသြဇာ၊ ဘိလပ်မြေနှင့် အီလက်ထရွန်နစ် ပစ္စည်းများ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွင် နိုင်ငံပိုင်၊ ပုဂ္ဂလိက၊ နယ်စပ် ဟူ၍ ကဏ္ဍများ စသဖြင့် ခွဲခြားထားသည်။
ပို့ကုန်ကဏ္ဍတွင် လယ်ယာထွက် ပစ္စည်း၊ တိရစ္ဆာန်ထွက် ပစ္စည်း၊ ရေထွက် ပစ္စည်း၊ သတ္တုတွင်းထွက်၊ သစ်တော၊ စက်မှုကုန်ချော အခြားဟူ၍ ရှိသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် နိုင်ငံပိုင် ပို့ကုန် တန်ဖိုး ဒေါ်လာ သန်းပေါင်း ၁၃၆၂. ၁၇၇ ရှိပြီး ပုဂ္ဂလိက ပို့ကုန် တန်ဖိုး ဒေါ်လာ သန်းပေါင်း ၁၃၈၅.၉၈၇ ရှိကာ စုစုပေါင်း ပို့ကုန် တန်ဖိုး ဒေါ်လာ သန်းပေါင်း ၂၇၄၈.၁၆၄ ရှိကြောင်း စီးပွား/ကူးသန်း စာရင်းများအရ သိရသည်။
သွင်းကုန် ကဏ္ဍတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကပိုင် လုပ်ငန်း ၂ ခု ခွဲခြားထားပြီး ရင်းနှီးမြှုပ်နှံမှု၊ လုပ်ငန်းသုံး ကုန်ကြမ်း၊ လူသုံးကုန် ဟူ၍ ရှိကာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွက် သွင်းကုန် စုစုပေါင်း တန်ဖိုး ဒေါ်လာ သန်း ၂၈၀၀ ကျော် ရှိသည်။
ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းတွင် သြဂုတ်လနောက်ပိုင်း မိုးရာသီအတွင်း ရေကြီး မှုနှင့် လမ်းပန်း ဆက်သွယ်ရေး အခက်အခဲများကြောင့် နယ်စပ်ကုန်သွယ်ရေး ပမာဏ ကျဆင်းနေကြောင်း မဲဆောက်-မြဝတီ နယ်စပ် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ် က ဧရာဝတီကို ပြောသည်။
ယခုအထိလည်း ပုံမှန်အတိုင်း သွင်းကုန် ပမာဏသာ များပြီး ပို့ကုန် ပမာဏ နည်းကြောင်း သူက ဆက်ပြောသည်။
သို့သော် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်မှုတွင် ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်မှုကဲ့သို့ သိသိသာသာ ကျဆင်းသွားမှု မရှိဘဲ ပုံမှန်အတိုင်း အရောင်းအဝယ်ဖြစ်နေကြောင်း တရုတ်နိုင်ငံ ကြယ်ဂေါင်ရှိ နယ်စပ်ကုန်သွယ်ရေး စောင့်ကြည့် လေ့လာသူ တဦးက ဆိုသည်။