ရှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်မျှော်ချောင်း ရေလျှံကာ ကားလမ်းပေါ်အထိ ရေလွှမ်းပြီး ကားလမ်းပိတ်မှုနှင့် လူသေဆုံးမှု ဖြစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းရေသည် နှစ်စဉ်ရေကြီးမှု ဖြစ်ပွားပြီး လူသေဆုံးမှုလည်း ဖြစ်ပွားလေ့ရှိကာ ယခုနှစ်သည် ပို၍ ဆိုးရွားကြောင်း၊ကားအစီးရေ ၅၀၀ ခန့် ပိတ်မိနေခဲ့ကြောင်း မူဆယ်မြို့မှ ကားသမားတဦးဖြစ်သည့် ဦးစိုင်းအိုက်အေးက ဧရာဝတီသို့ ပြောသည်။
“လားရှိုးမှာ မြစ်ရေကြီးတော့ မူဆယ်ကနေ မန္တလေးကို အခု နှစ်ရက်လောက် သွားနေရတယ်။ ကားလမ်းပေါ်မှာ ရေတွေ ကြီးတော့ ကယ်ရီသမားတွေက တောလမ်းက သွားကြတယ်။ အဲဒီမှာပဲ သေကြတာ များတယ်။ အခုတော့ ရေနည်းနည်း ကျသွားပါပြီ” ဟု ဦးစိုင်းအိုက်အေးက ဆိုသည်။
ချောင်းရေလျှံပြီး ကားလမ်းပေါ်အထိ ရေလွှမ်းသဖြင့် စက်တင်ဘာ ၇ ရက်မှ စတင်၍ ကားအစီးရေ ၅၀၀ ခန့်သည် ပိတ်မိ နေခဲ့ကြောင်း၊ ကုန်စည်များလည်း သွားရလာရ ခက်ခဲနေကြောင်း လားရှိုးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးမှ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။
“လူသေဆုံးမှုကတော့ အတိအကျ မသိရသေးဘူး။ ဒီနေ့ ရေကျတော့မှ လူသေအလောင်း တလောင်းကို တွေ့ရပါတယ်။ ရေကြီးတဲ့အချိန်မှာ အရဲစွန့်ပြီး သွားကြတော့ သေကြတာ များပါတယ်။ ဒီနေ့တော့ ရေပြန်ကျသွားပါပြီ” ဟု ၎င်းက ဆိုသည်။
လားရှိုးမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းမှုကြောင့် အေတီချောင်း (ခေါ်) နမ့်မျှော်ချောင်းမှ ရေများတက်လာပြီး စပါးခင်းများထဲသို့ ရေများ ဝင်ရောက်ကာ စပါးပင်များ ပျက်စီးခဲ့ကြောင်း၊ လယ်ဧကများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ လမ်းပန်း ဆက်သွယ်မှုများလည်း ခက်ခဲနေသဖြင့် ကုန်သွယ်စီးဆင်းမှုလည်း ခက်ခဲနေကြောင်း၊ ရေစီးအားကြောင့် မျောပါသွားသည့် အလောင်းများ ကိုလည်း ရေကျမှသာ ပြန်ရနိုင်ကြောင်း လားရှိုး ဒေသခံများက ဆိုသည်။
“လားရှိုး အေတီချောင်းမှာ ရေကြီးတော့ ကျနော်တို့ မူဆယ်က ကယ်ရီသမား တယောက်ပါ ရေထဲမျောပါသွားတယ်။ အခုချိန်အထိ အလောင်း ပြန်မပေါ်သေးဘူး။ သူက တောလမ်းကနေ ရေထဲကို စမ်းပြီး သွားတော့ ရေစီးအားနဲ့ မျောပါသွားတယ်လို့ ကြားပါတယ်” ဟု မူဆယ် – လားရှိုး ပြေးဆွဲနေသည့် ကားသမား တဦးက ဧရာဝတီသို့ ပြောသည်။
အလားတူ ရှမ်းပြည်နယ်အတွင်းရှိ ထိုင်း – မြန်မာ နယ်စပ် ချောင်းဖြစ်သည့် မယ်ဆိုင်ချောင်းတွင် သြဂုတ် ၁၁ ရက်နေ့မှ စတင်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားသဖြင့် ကျိုင်းတုံ၊ မိုင်းဖြတ်၊ တာချီလိတ်မြို့နယ်များရှိ နေအိမ်များနှင့် လယ်ယာ မြေများ ရေလွှမ်း ခံနေရကြောင်း၊ ကျိုင်းတုံ – တာချီလိတ် ကားလမ်းများ ပိတ်ထားရပြီး ကျိုင်းတုံမြို့နယ်ရှိ ရေလွှမ်းမိုးမှု ခံခဲ့ရသည့် နေရာများတွင် ရေများ ကျဆင်းမှု မရှိသေးဘဲ ကူညီထောက်ပံ့မှု မရရှိသဖြင့် အခက်အခဲများ ကြုံတွေ့နေရကြောင်း၊ ရေ လွှမ်းမိုးမှုကြောင့် ကျိုင်းတုံမြို့နယ်တွင် လယ်ဧက ၄၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ရကြောင်း၊ မိုင်းလား – ကျိုင်းတုံ လမ်းတွင်လည်း ကားလမ်း ပိတ်ခဲ့ကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတဝန်း မိုးသည်းထန်မှုနှင့် မြစ်ရေ မြင့်တက်ခြင်းတို့ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားလျှက်ရှိရာ ကရင်ပြည်နယ် တွင် သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် ဘားအံမြို့၊ လှိုင်းဘွဲ့မြို့၊ ပိုင်ကျုံမြို့နယ်ခွဲ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးနှင့် မြဝတီမြို့ များတွင် ရေးဘေး ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ခဲ့ရပြီး ရေဘေးသင့် ပြည်သူ ၇၀၀၀ ကျော်ကို စောင့်ရှောက် အကူအညီ ပေးခဲ့ကြောင်း အစိုးရ ထုတ်ပြန်ချက်များအရ သိရှိရသည်။