မလေးရှားနိုင်ငံတွင် အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ရရေးနှင့် ခံစားခွင့်များ အတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဟု မြန်မာ အလုပ်သမား ဝန်ကြီး က ပြောဆိုကြောင်း သိရသည်။
မလေးရှားရှိ မြန်မာအလုပ်သမားများ လုပ်ခ လစာ၊ အလုပ်သမား အကျိုးခံစားခွင့်၊ ကျန်းမာရေး အာမခံ စသည်တို့ အပြည့် အ၀ ရရှိရေးကို ဆောင်ရွက်ပေးသွားမည်ဟု မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှု ဖူလုံရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်က ကွာလာလမ်ပူမြို့၌ ယမန်နေ့က မြန်မာလူမှုအဖွဲ့များနှင့် တွေ့ဆုံရာတွင် ပြောဆိုသွားသည် ဟု မလေးရောက် မြန်မာများက ပြောပြသည်။
မြန်မာနိုင်ငံသားများ တရားဝင်နေထိုင်ခွင့် လက်မှတ်(ပါမစ်)များ ရရှိရေးအတွက် မလေးရှား အာဏာပိုင်များနှင့် ဆွေးနွေး တောင်းဆို ပေးသွားမည်ဟုလည်း အလုပ်သမား ဝန်ကြီး ဦးအေးမြင့်က ပြောဆိုသွားကြောင်း၊ ပါမစ် ရရှိရေး ဆောင်ရွက်ပေးမည်ကို ကြိုဆိုသော်လည်း လုံခြုံ စိတ်ချစွာ သွားလာနေထိုင် လုပ်ကိုင်နိုင်ရေးသည် ပို၍ အရေးကြီးကြောင်း တွေ့ဆုံပွဲ တက်ရောက်ခဲ့သူ ကပုန်းနာရေး ကူညီမှု အသင်းမှ ဦးဆန်းဝင်း က ဧရာဝတီ ကို ပြောသည်။
“ပါမစ်ရှိရုံနဲ့ မရပါဘူး၊ ကျနော်တို့ နိုင်ငံသားတွေရဲ့ လုံခြုံမှုက ပိုပြီးအဓိက ကျနေပါတယ်၊ အဲဒီအတွက်လည်း မလေး အာဏာ ပိုင်တွေကို မြန်မာအစိုးရ အနေနဲ့ တွန်းအား ပေးစေချင်တယ်၊ ဒီလ အနည်းငယ်မှာ ဓားထိုးခံရပြီး သေတာ၊ လည်လှီး သတ်ဖြတ် ခံရပြီး သေတာ ၉ ဦး အထိရှိနေပေမယ့် အခုထိ တရားခံ တယောက်မှ မမိသေးဘူး”ဟုလည်း ၎င်းက ဆိုသည်။
ဝန်ကြီး၏ အဖွဲ့တွင်ပါဝင်သည့် အလုပ်သမား ဌာန၏ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးအောင်ကလည်း သံရုံးနှင့် အလှမ်းဝေးကွာ သည့် အရပ်ဒေသများ၌ အလုပ် လုပ်ကိုင်မည့် မြန်မာအမျိုးသမီးများကို စိစစ်ပြီးမှသာ မလေးရှားနိုင်ငံသို့ သွားခွင့်ပြုတော့ မည် ဟု ပြောဆိုကြောင်း သိရသည်။
“မြို့နဲ့ဝေးတဲ့ စက်ရုံ အလုပ်ရုံတွေမှာ လုပ်နေတဲ့ မြန်မာ အမျိုးသမီးတချို့ အဓမ္မ ကျင့်ခံရတာတွေ ရှိတဲ့အတွက် နောင်ဆိုရင် စိစစ်ပြီးမှ ခွင့်ပြုပေးသွားမယ်လို့ ပြောတယ်၊ ပြဿနာရှှုပ်တဲ့ နေရာတွေ၊ သံရုံးနဲ့ဝေးတဲ့နေရာတွေမှာ ပြဿနာ တခုခုဖြစ်ရင် ဖြေရှင်းပေးဖို့ ခက်ခဲတဲ့အတွက်ပါ”ဟု ဦးဆန်းဝင်း က ဆိုသည်။
မြန်မာနိုင်ငံသားများသည် မိမိတို့ နိုင်ငံမှ မလေးရှားသို့ အေဂျင်စီများ စီစဉ်ပေးသည့် စက်ရုံ အလုပ်ရုံများ၌ အလုပ် လုပ်ကိုင် ရန် တရားဝင်လာရောက်သော်လည်း လုပ်ခ လစာနှင့် အကြောင်းကြောင်းကြောင့် အလုပ်ပြောင်းရွှေ့ရာမှ တရားမဝင် နေ ထိုင်သူများ ဖြစ်သွားရကြောင်း၊ ထို့ကြောင့် ယင်းသို့ မဖြစ်ရေး ဆောင်ရွက်ပေးသွားမည်ဟုလည်း မြန်မာ ကိုယ်စားလှယ်အဖွဲ့က ပြောဆိုကြောင်း သိရသည်။
မလေးရှားနိုင်ငံတွင် ယခုလဆန်းပိုင်းက လုပ်ဆောင်ခဲ့သည့် တရားမဝင် နိုင်ငံခြားသားဖမ်းဆီးမှု အစီအစဉ်(အော်ပရာစီ) စစ်ဆင်ရေးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၅၈၀ ဝန်းကျင်ကို နိုင်ငံသား ဟုတ်မဟုတ် စိစစ်သွားမည် ဖြစ်ပြီး နိုင်ငံသား စစ်မှန်သူများကို အစိုးရ ကိုယ်တိုင်တာဝန်ယူ၍ မြန်မာနိုင်ငံသို့ ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်နေကြောင်း ကွာလာ လမ်ပူရှိ ဧရာဝတီ ဖောင်ဒေးရှင်း၏ တာဝန်ခံ ဦးသီဟ မောင်မောင် က ပြောသည်။
“မြန်မာနိုင်ငံသား မဟုတ်တဲ့သူတွေလည်း ရှိတော့ သေချာ စိစစ်ရမှာပါ၊ စိစစ်ပြီးရင် ကိုယ့်နိုင်ငံကို အမြန်ဆုံး ပြန်ပို့နိုင်အောင် မလေး အာဏာပိုင်တွေနဲ့ ဆွေးနွေး စီစဉ်ပေးမယ်လို့ ဝန်ကြီးက ပြောတယ်”ဟု ၎င်းက ဆိုသည်။
မလေးရှား အာဏာပိုင်များသည် အော်ပရာစီ စစ်ဆင်ရေး အရ တရားမဝင် နိုင်ငံခြားသား ၅ သိန်း အထိ ဖမ်းဆီးမည်ဟု ကြေ ညာထားသော်လည်း ယခုရက်ပိုင်းတွင် ပိုက်စိပ်တိုက် ဖမ်းဆီးမှု မလုပ်တော့ကြောင်း၊ မလေးရှား နိုင်ငံတွင် လူ ၁၀၀၀ ဆန့်သည့် ထိန်းသိမ်းရေး စခန်း ၁၂ ခု သာရှိသည့်အတွက် လက်ရှိဖမ်းဆီးထားသူများအား စိစစ် လွှတ်ပေးပြီးမှသာ နောက်ထပ် ဖမ်းဆီးမှု လုပ်ဆောင်နိုင်ကြောင်း မလေးရောက် မြန်မာများ က ပြောသည်။
ကွာလာလမ်ပူ မြို့အပါအဝင် အနီးတဝိုက်ရှိ စက်မှုဇုန်များ၊ စက်ရုံ အလုပ်ရုံများ၌ စက်တင်ဘာလ ၁ ရက်နေ့မှစတင် ဖမ်းဆီး ထားသည့် နိုင်ငံခြားသား ၈၁၀၀ ရှိကြောင်း၊ ၎င်းတို့အနက် တရားမဝင် ၂၄၀၀ ရှိကြောင်း၊ ထို ၂၄၀၀ တွင် မြန်မာနိုင်ငံသား ၅၀၀ ကျော် ပါဝင်ကြောင်း သတင်း ထုတ်ပြန်ပြီး ဖြစ်သည်။
ဖမ်းဆီး ထိန်းသိမ်းထားသူများတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ ထိုင်း၊ နီပေါ ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီ ယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံ ၁၆ နိုင်ငံ မှ နိုင်ငံသားများ ပါဝင်ကြောင်း သိရသည်။