မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် အကျင့်ပျက် ခြစားမှုများ အမြစ်တွယ် နေသောကြောင့် ပြည်သူများနှင့် သတင်း မီဒီယာများ ပါဝင်သော တရားရုံး ခြစားမှုများ စောင့်ကြည့်လေ့လာရေး အဖွဲ့များ ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များက ပြောဆိုသည်။
ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးတွင် စက်တင်ဘာလ ၇ ရက်နေ့က တရားစီရင်ရေးမဏ္ဍိုင် အားကောင်း လာစေရေး ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်မှ တရားသူကြီးတချို့၊ ရှေ့နေများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အပါအဝင် အုပ်ချုပ်ရေး နှင့် ဥပဒေပြုရေးမှ တာဝန်ရှိသူများ စုံလင်စွာရောက်ခဲ့ကာ တရားရုံး စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းရန် ပဏာမ သဘောတူညီချက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
“တရားရုံး စောင့်ကြည့်ရေးအဖွဲ့မှာ မီဒီယာသမားတွေရော၊ ပြည်သူတွေရော ပါရမယ် ဆိုပေမယ့် တခြားအလုပ်တွေ သိပ် လုပ်စရာ မလိုဘူးလေ။ သူတို့က ဥပဒေအကြောင်း နားမလည် ပေမယ့် တရားရုံးက ချမှတ်တဲ့ အမိန့်၊ တရားသူကြီးတွေရဲ့ လုပ်ရပ်တွေက မှန်သလား၊ မှားသလား ဆိုတာ ခန့်မှန်းနိုင်တယ်၊ သိနိုင်တယ်။ ဒီအဖွဲ့ထဲမှာ လွှတ်တော် ကိုယ်စားလှယ် တွေတော့ မပါလောက်ဘူး”ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
အာရှ စီးပွားရေး အင်အားကြီး နိုင်ငံတခုဖြစ်သော ဂျပန်နိုင်ငံတွင် တရားရုံးစောင့်ကြည့်ရေးအဖွဲ့များ ဖွဲ့စည်း ကျင့်သုံးနေပြီး ယင်း အဖွဲ့များကြောင့် တရားသူကြီးများနှင့် တရားရုံးများ ၏ အကျင့်ပျက် ခြစားမှုများ သိသိသာသာ လျော့နည်းသွား သဖြင့် မြန်မာနိုင်ငံတွင်လည်း ထိုနည်းလမ်းအတိုင်း တရားရုံး အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရန် စီစဉ်ရခြင်း ဖြစ်ကြောင်း၊ တရားရုံးစောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းနိုင်ရေး လွှတ်တော်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ သူရဦးအောင်ကိုက ပြောသည်။
ရှေ့နေများကွန်ရက်မှ ရှေ့နေ ဦးကိုနီက “သူရ ဦးအောင်ကိုက တရားရုံး စောင့်ကြည့်ရေး အဖွဲ့တွေ ဖွဲ့ရင် မြို့နယ်တခု ချင်းစီ မှာရှိတဲ့ ဥပဒေပညာရှင်တွေ၊ အငြိမ်းစား ဥပဒေပညာရှင်တွေ၊ အငြိမ်းစား တရားရေးဘက်က ဥပဒေ အကြောင်း နားလည် တတ်ကျွမ်းသူတွေ အပြင် မီဒီယာသမားတွေနဲ့ ဖွဲ့မယ်လို့တော့ ပြောထားတယ်။ လွှတ်တော်မှာလည်း ဒါကို တရားဝင် ဆောင်ရွက်မယ်။ ဒီအတွက် ကျနော်တို့ကိုလည်း စဉ်းစားအကြံပေးဖို့ လွှတ်တော်က တောင်းဆိုထားတယ်”ဟု ဧရာဝတီသို့ ပြောသည်။
တရားရုံး စောင့်ကြည့်ရေး အဖွဲ့များ ဖွဲ့စည်းမည် ဖြစ်သော်လည်း အကျင့်ပျက် ခြစားမှုများ ချက်ချင်း ပပျောက်သွားရန် မလွယ်ကူဘဲ လာဘ်ပေးလာဘ်ယူမှုသည် မြန်မာနိုင်ငံတွင် ဓလေ့တခုသဖွယ် အမြစ်တွယ်နေကြောင်း၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်သွားရန် နိုင်ငံ့ဝန်ထမ်းများကို လုံလောက်သည့် လစာကို ပေးပြီး တဘက်တွင်လည်း ခြစားမှုများကို ထိရောက်စွာ အရေးယူမှ ခြစားမှုများ ပပျောက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မောင်မောင်ဝင့်က ဆိုသည်။
“တရားရုံး တွေကို စောင့်ကြည့်တဲ့ အဖွဲ့ ဖွဲ့လိုက်ခြင်းအားဖြင့် တရားသူကြီးတွေနဲ့ တရားစီရင်ရေးမှာ အကျင့်ပျက် ခြစား တာတွေ၊ လာဘ်ပေး လာဘ်ယူမှု တွေ ချက်ချင်း မပျောက်နိုင်ဘူး။ စောင့်ကြည့်ပြီးတော့ ခြစားမှုတွေကို ထိရောက်တဲ့ အရေးယူမှု တွေ လုပ်သွားမယ် ဆိုရင်တော့ အချိန်ကြာလာတာ နဲ့ အမျှ ပျောက်ကောင်း ပျောက်သွားနိုင်တယ်”ဟု ရှေ့နေ ကွန်ရက်မှ ရှေ့နေ တဦးဖြစ်သူ ဦးလှထွန်းက ပြောသည်။
အငြိမ်းစား တရားသူကြီးတဦးဖြစ်သူ ဦးခင်မောင်အေးက တရားရုံး စောင့်ကြည့် လေ့လာရေး အဖွဲ့များကြောင့် တရား စီရင်ရေး စနစ်တွင် မှန်မှန်ကန်ကန် ဖြစ်လာစေရန် တည့်မတ်နိုင်ပြီး ခြစားမှုများ အတော်အတန်ပပျောက်သွားမည်ဟု မျှော်လင့် ကြောင်း ဧရာဝတီသို့ သုံးသပ်ပြောဆိုသည်။