ယခုတပတ်အတွင်း ကျန်းမာရေး ဦးစီးဋ္ဌာနက တိုက်ကျွေးလျှက်ရှိသော ဆင်ခြေထောက် ရောဂါကာကွယ်ဆေးသည် အနည်းငယ် မူးဝေတတ်သော အာနိသင်ရှိသောကြောင့် အဆိုပါဆေးကို အစာစားပြီး ချိန်တွင်သာ သောက်သင့်ကြောင်း သိရသည်။
“ဆေးသောက်ပြီးသွားရင် အနားယူသင့်ပါတယ်။ ဆေးသောက်ပြီးရင် လှုပ်ရှားမှုနည်းရမယ်၊ လှုပ်ရှားမှုတွေလုပ်ရင် မူးမော်ပြီး အော့အန်တတ်တယ်။ ဆေးတိုက်အဖွဲ့တွေကို လူထုထဲမှာ ဒါတွေ မှာဖို့ပြောထားပေမယ့် အားနည်းချက် ရှိသွားတယ် ထင်တယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေးဦးစီးဋ္ဌာန ဆင်ခြေထောက် ရောဂါ ကင်းဝေးရေး စီမံချက်တာဝန်ခံ ဒေါက်တာ ဖြိုးဖြိုးကျော်က ဧရာဝတီသို့ ပြောသည်
ဆင်ခြေထောက်ရောဂါ ကာကွယ်ဆေးကြောင့် မူးဝေခြင်း၊ ဘေးထွက် ဆိုးကျိုးများ ခံစားရခြင်းများရှိပါက သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ ဆေးတိုက် အဖွဲ့များနှင့် ဆက်သွယ် နိုင်ကြောင်း၊ ထို့အပြင် အဆိုပါ ကာကွယ်ဆေးကို ကျောက်ကပ်နှင့် အသည်းရောဂါ ဆေးဝါးများ သောက်သုံးနေရသူများ လုံး၀ မသောက်သုံးသင့်ကြောင်း ၎င်းက ဆိုသည်။
“ဆေးက အသက်အန္တရာယ် ဖြစ်လောက်အောင် မဖြစ်ပါဘူး။ ဒါပေမယ့် ဆင်ခြေထောက်ပိုး ဝင်ထားပြီးသား သူတွေ သောက်မိပြီဆိုရင် ရောဂါနဲ့ ဆေးတွေ့တော့ ခန္ဓာကိုယ် ယားယံပြီး အင်ပြင်ထတာတွေ ဖြစ်မယ်။ အဲဒီအတွက်လည်း ကျမတို့ ကြိုတင် ပြင်ဆင်ထားတယ်။ အခု ကျမတို့ဆီကို အဲဒီလို လူနာ ၂ ယောက် ရောက်လာတယ်” ဟု ဒေါက်တာဖြိုးဖြိုးကျော်က ဆက်ပြောသည်။
ကာကွယ်ဆေးနှင့် ပတ်သက်၍ လူထုသိသင့်သော ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အချက်များကို ကြိုတင် အသိပညာ ပေးမှုများ အားနည်းချက် ရှိနေကြောင်း ကိုယ်တိုင်ကြုံရသူများက ဝေဖန်နေခြင်း၊ ကာကွယ်ဆေး သောက်ပြီးနောက် ကလေးငယ် တချို့ မူးမော်၊ အော့အန်ခြင်းများကြောင့် ကလေးဆေးရုံကြီးသို့ တက်ရောက်ကုသခံခဲ့ရခြင်း စသည့် အချက်များနှင့် ပတ်သက်၍ အဆိုပါ ဋ္ဌာနသို့ ဆက်သွယ်မေးမြန်းရာ သူက ယခုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
“ကလေး ၃ ယောက် ဆေးရုံတက်ရပါတယ်။ ၂ ယောက်ကတော့ ဆင်းသွားပါပြီ။ ဆေးကို ဆေးတိုက်အဖွဲ့က ကိုယ်တိုင် တိုက်ခဲ့တဲ့ သူတွေမှာ ဖြစ်တာများတယ်။ ဆေးကို ပေးထားခဲ့ရင် ဆေးမှားသောက်တာမျိုး ဖြစ်မှာစိုးလို့ တခါတည်း တိုက်ခဲ့ဖို့ ညွှန်ကြားထားတာ။ ရန်ကုန်ထုံးစံက ဆေးတိုက်အဖွဲ့ သွားတဲ့အချိန်မှာ တချို့ဆို အလုပ်ကနေ အိမ်ကိုတောင် ပြန်မရောက် ကြသေးဘူးဆိုတော့ နာမည် တိတိကျကျနဲ့ ဆေးပေးခဲ့ ဖို့မှာထားတယ်” ဟု ဒေါက်တာ ဖြိုးဖြိုးကျော်က ပြောသည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၃၅ သန်းကျော်ကို ယခုလ ၉ ရက်မှ ၁၅ ရက်အတွင်း အများပြည်သူ အလုပ်အားမည့် အချိန်များတွင် ဆင်ခြေထောက် ရောဂါ ကာကွယ်ဆေးများ တိုက်ကျွေးလျှက် ရှိသည်။ ယခုကဲ့သို့ နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်ပေါ်လာရာ ဆေးတိုက်ချိန်အား မူလ သတ်မှတ်ချိန်ထက် နောက်ကျ တိုက်ကျွေးပေးရန် ဆေးတိုက်အဖွဲ့များအား ညွှန်ကြားထားကြောင်း အထက်ပါ ပုဂ္ဂိုလ်က ရှင်းပြသည်။
ဆေးတိုက် အဖွဲ့များသည် အိမ်ခြေ ၁၀၀ တွင် တဖွဲ့နှုန်း ဖွဲ့စည်းထားပြီး ထိုအဖွဲ့များက အသက် ၂ နှစ်အောက် ကလေးများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ တခြားရောဂါ တခုခုကြောင့် အိပ်ယာထဲ လဲနေသူများနှင့် တခြားရောဂါ တခုခုကြောင့် ဆေးတမျိုးမျိုးကို စွဲသောက်နေရ သူများမှ လွဲ၍ ကျန်လူများကို တိုက်ကျွေးလျှက် ရှိကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှရှိ ဆင်ခြေထောက်ရောဂါပိုး အမြစ်တွယ်မှု ရှိနေသည့်နိုင်ငံ ၉ နိုင်ငံတွင်ပါဝင်ပြီး မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၂၀၀ ကျော်တွင် ရောဂါပိုး အမြစ်တွယ်လျှက် ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ကျန်းမာရေး ဦးစီးဋ္ဌာန၊ ဆင်ခြေထောက် ရောဂါကင်း ဝေးရေးစီမံချက်က ဆိုသည်။
ဆင်ခြေထောက် ရောဂါတွင် ဆင်၏ ခြေထောက်ကဲ့သို့ ကြီးထွားလာပါက ရောဂါ၏ နောက်ဆုံးအဆင့် ဖြစ်ကြောင်း၊ ရောဂါ မဖြစ်မီတွင် ချမ်းတုန်၍ ဖျားခြင်း၊ ခန္ဓာကိုယ် တနေရာတွင် နီရဲပူလောင်ကာ ယောင်ရမ်းနာကျင်ခြင်း၊ အဖြူရောင် ပျစ်ချွဲသော ဆီးသွားခြင်း၊ အကျိတ်များ ယောင်ရမ်းခြင်း၊ အင်ပြင် ထွက်ခြင်း၊ ပန်းနာရင်ကြပ် ရောဂါကဲ့သို့ ရင်ကြပ်ခြင်း၊ အမျိုးသားများ လိင်အင်္ဂါ ကြီးထွားလာခြင်း စသည့် လက္ခဏာ များပြကာ၊ ထိုမှတဆင့် ခြေထောက် တဘက် တဖြည်းဖြည်း ကြီးထွား လာကြောင်း ကျန်းမာရေး ဦးစီးဋ္ဌာနမှ သိရသည်။
ယခုကဲ့သို့ ကာကွယ်ဆေး တိုက်ကျွေးခြင်းသည် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်း ဒေသကြီး၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ပထမဆုံးအကြိမ် ဖြစ်ပြီး မန္တလေးတိုင်းတွင် ၅ ကြိမ်မြောက်၊ မကွေးတိုင်းတွင် ၁၀ ကြိမ်မြောက်နှင့် စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၉ ကြိမ်မြောက်၊ ချင်းပြည်နယ်တွင် ၇ ကြိမ်မြောက်နှင့် နေပြည်တော်တွင် ၅ ကြိမ်မြောက် ဖြစ်ကြောင်းလည်း သိရသည်။
ကမ္ဘာပေါ်တွင် ဆင်ခြေထောက် ရောဂါအမြစ်တွယ်မှု ရှိနေသည့် နိုင်ငံပေါင်း ၈၀ ရှိပြီး လူသန်းပေါင်း ၂၁၀ သည် ကူးစက် ခံရနိုင်သည့် ဒေသများတွင် နေထိုင်ကြောင်း၊ သန်း ၄၀ ကျော်မှာ ရောဂါ ခံစားနေရသည့် လက္ခဏာများ ရှိနေကြောင်း ကျန်းမာရေး ဦးစီးဋ္ဌာန၏ ကိန်းဂဏန်းများဖြင့် ဖော်ပြထားသည်။