သတင်း

သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ပြင်

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲခူးတိုင်းဒေသကြီး ပြည်မြို့အနီး သရေခေတ္တရာမြို့ဟောင်းကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်ရန် ပြင်ဆင်မှုများ စတင်လုပ်ဆောင်နေပြီး အောက်တိုဘာလတွင် ယူနက်စကိုမှ လာရောက်စစ်ဆေးတော့မည် ဖြစ်သည်။

သရေခေတ္တရာမြို့ဟောင်း ရှေးဟောင်းသုတေသန နည်းပညာ သင်တန်းကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ဧရာဝတီသို့ ပြောဆိုချက်အရ သရေခေတ္တရာ မြို့ဟောင်းအကြောင်းကို စာအုပ်အတွဲသုံးတွဲ ပြုစုကာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့(ယူနက်စကို) လက်အောက်ခံ World Heritage Committee ထံသို့ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် တင်ပြခဲ့ပြီး ယခုနှစ် အောက်တိုဘာလ တတိယပတ်တွင် National Expert for the World Heritage Site ဟုခေါ်သော ယူနက်စကို၏ နိုင်ငံတကာ ပညာရှင် အဖွဲ့တစ်ဖွဲ့က လက်တွေ့ လာရောက်စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။

”ကမ္ဘာ့အမွေအနှစ်ဖြစ်ဖို့ ကျနော်တို့ စာတွေ့ အောင်သွားပြီ။ လက်တွေ့အောင်ဖို့ပဲ လိုတော့တယ်။ ရှေးဟောင်းပစ္စည်းထိန်းသိမ်းရေးက ရေရှည်လုပ်ရမှာ။ ဘတ်ဂျက်ရမှ လုပ်နိုင်မှာဆိုတော့ မရတဲ့နှစ် အဆင်မပြေတဲ့နှစ်ဆိုရင် ဘာမှမလုပ်နိုင်တာမျိုးရှိတယ်”ဟု ဦးဝင်းကြိုင်က ပြောသည်။

သမိုင်းကြောင်းနောက်ခံအရ ပျူမြို့ဟောင်း ၃မြို့ဖြစ်သော သရေခေတ္တရာ၊ ဗိဿနိုး ၊ ဟန်လင်းတို့မှာ ယုံကြည်စိတ်ချရသော သက်တမ်းတွက်ချက်မှုအရ ဘီစီ ၂ ရာစုကနေ အေဒီ ၉ ရာစုအထိ တည်ရှိခဲ့ပြီး နှစ်ပေါင်းတစ်ထောင်နီးပါး ကြာရှည်သော ပျူယဉ်ကျေးမှု ရှိခဲ့ကြောင်း၊ ဗိဿနိုး နှင့် ဟန်လင်း မှာ မြန်မာ့ရာဇဝင်ကြမ်းများတွင် အကျယ်တဝင့် ဖော်ပြထားခြင်း မရှိသော်လည်း သရေခေတ္တရာမှာ မှန်နန်းရာဇဝင်၊ တွင်းသင်းရာဇဝင်တို့ အပါအဝင် အစောဆုံး မြန်မာရာဇဝင်ဖြစ်သော ရှင်မဟာသီလဝံသရေးသားခဲ့သည့် ရာဇဝင်ကျော်တွင် သရေခေတ္တရာမြို့ဟောင်း အကြောင်း အများစုပါဝင်ကြောင်း ရှေးဟောင်းသုတေသနဌာနထံမှ သိရသည်။

၂၀၁၂-၁၃ ခုနှစ် ဘတ်ဂျက်ကာလမှ စတင်ကာ သရေခေတ္တရာမြို့ဟောင်းကို ထိန်းသိမ်းရန် ဝန်ထမ်း ၇၅ ဦးပါဝင်သော ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းအဖွဲ့ သီးသန့် ဖွဲ့စည်းထားပြီး သိန်း ၈၀၀ ခန့်သုံးစွဲမည် ဖြစ်ကြောင်း၊ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အောင် ကြိုးစားရာတွင် ရှေးဟောင်းထိန်းသိမ်းရေး ပုံမှန်လုပ်ငန်းများအပြင်
ရှေးဟောင်းဇုန်ဧရိယာအတွင်း ကျူးကျော်ဝင်ရောက် နေထိုင်မှုများ ရှိလာသောကြောင့် လူထုကို ရှင်းပြပြီး ထပ်မံ၍ ကျူးကျော်ဝင်ရောက်လာခြင်း မရှိစေရန် ပညာပေးလုပ်ငန်းများပါ ဆောင်ရွက်နေရကြောင်း သိရသည်။

သရေခေတ္တရာ မြို့ဟောင်းမှာ ရန်ကုန်မြို့မှ သွားလျှင် မိုင် ၁၈၀ ခန့် ဝေးသော ပြည်မြို့အနီးတွင် တည်ရှိပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင် အဖြစ် ယူနက်စကိုမှ လာရောက် စစ်ဆေးတော့မည်ဆိုသော သတင်းများကြောင့် နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက်လာလျက်ရှိပြီး လက်ရှိနေထိုင်သော မှော်ဇာမြို့ဟောင်း ဒေသခံများမှာလည်း ၎င်းတို့၏ နေရာများ ရွှေ့ပြောင်းပေးရမည်ကို စိုးရိမ်ပူပန်မှုများ ရှိနေကြောင်း ဧရာဝတီက တွေ့ရှိခဲ့ရသည်။

”သရေခေတ္တရာမှာ Urban Enforcement ဖြစ်လာတယ်။ ၁၉၈၉ ခုနှစ်လောက်မှာ အစိုးရက မြို့သစ်အကွက်တွေ ချတယ်။ ဒီအကွက်ချတဲ့ သူတွေက မြို့ဟောင်းရှိနေတာကို သတိမထားခဲ့မိဘူးနဲ့တယ်။ တဖြည်းဖြည်း မြို့ကွက်ရိုက်လာတာ မြို့ဟောင်းအတွင်းထဲကို ဝင်လာတယ်” ဟု ဦးဝင်းကြိုင်က ပြောပြသည်။

ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက မြို့ဟောင်းနေရာတွင် လူများဝင်ရောက် နေထိုင်နေခြင်းဖြစ်သည်ဟု တွေ့ရှိခဲ့ပြီးနောက် သူ၏ မိသားစုဝင်များအပါအဝင် အိမ်ထောင်စုအချို့ ကို နေရာပြောင်းရွှေ့ပေးရမည် အကြောင်းကြားလာပြီး နေရာအစား ပြန်ပေးမည်ဟု ကမ်းလှမ်းလာသည်ဟု သရေခေတ္တရာ မြို့ဟောင်းတွင် နေထိုင်နေသူ မဖြူဖြူက ပြောသည်။

” ကျမတို့ ဒီမှာနေ နေတာက မြို့ဟောင်းကို ထိခိုက်ပျက်စီးစေတယ်လို့ မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျမတို့က စေတီ ပုထိုးတွေ ရှိတဲ့ဖက်မှာ နေတာမှ မဟုတ်တာ။ ကျမတို့က အပြင်ဖက်မှာ နေတာ” ဟု မဖြူဖြူက ဆိုသည်။

ရှေးဟောင်းဇုန်အတွင်း ဒေသခံများစိုက်ပျိုးလျက်ရှိသော သီးနှံများမှာ စပါး၊ မြေပဲ ၊ နှမ်း ၊ ပြောင်းဖူး ၊ ကြက်ဟင်းခါး တို့ဖြစ်ပြီး မွေးမြူရေးအဖြစ် နွား၊ ကြက်၊ ဆိတ်၊ ဘဲနှင့် ဝက်တို့ကို မွေးမြူကြသည်။

သရေခေတ္တရာမြို့ဟောင်း ယဉ်ကျေးမှု အမွေအနှစ်များတည်ရှိရာ ဇုန်တွင်ပါဝင်သော ကုန်းအဟောင်း၊ မြို့ရိုးများ အတွင်း ရွာပေါင်း ၁၈ ရွာနှင့် လူဦးရေ ၉၆၁၂ ဦး အထိ ရှိနေပြီး အချို့မှာ ရှေးဟောင်းအမွေအနှစ်များဖြစ်သော ကုန်း၊ မြို့ရိုးအတွင်း၌ပါ ဝင်ရောက်နေထိုင်မှုများ ရှိနေကြောင်း ရှေးဟောင်းသုတေသနဌာနက ထုတ်ပြန်သည်။

ရှေးဟောင်းဇုန်အတွင်း ဝင်ရောက်နေထိုင်သူများကို အတင်းအကျပ် ဖယ်ရှားရှင်းလင်းသွားမည်မဟုတ်ဘဲ ယဉ်ကျေးမှု အမွေအနှစ်သည် ဒေသအတွက် အရေးကြီးကြောင်းကို ပြည်သူများကိုယ်တိုင် နားလည်သဘောပေါက်လာစေရန် ပညာပေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မြို့ဟောင်းကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် ယင်းနေရာဖွံ့ဖြိုးစည်ပင်လာသည်နှင့် အတူ ဒေသခံများ၏ လူမှုဘဝများလည်း အထိုက်အလျောက် တိုးတက်လာရမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးဝင်းကြိုင်က ပြောသည်။

”ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်မယ်ဆိုရင် သတ်မှတ်မဲ့နေရာကို တိကျတဲ့ အတိုင်းအတာနဲ့ ယူနက်စကိုကို တင်ရတယ်။ သရေခေတ္တရာမှာ မြို့ဟောင်းကြီးတစ်ခုလုံးကို ခြုံတင်လိုက်ရင် ကျူးကျော်တဲ့ ဧရိယာတွေလည်း ပါသွားမယ်။ နဂိုကတည်းကနေတဲ့သူတွေ တောင်ယာဥယျာဉ်လုပ်ပြီး ပြန့်ကျဲနေသူတွေလည်း ရှိတယ်။ အဲဒီတော့ ယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ဇုန်တွေကို မထိခိုက်အောင် တော်တော်လေး လုပ်ယူနေရတယ် ” ဟု ဦးဝင်းကြိုင်က ဆိုသည်။

သရေခေတ္တရာ မြို့ဟောင်းတွင် ယခင်ရှိပြီးသား ရှေးဟောင်း အထိမ်းအမှတ် အဆောက်အဦ ရှိပြီး ၃၇ ခုရှိပြီး လက်ရှိတူးဖော်ထားသော ကုန်းပေါင်း ၅၃ ခုရှိကြောင်း၊ ထင်ရှားသော နေရာများမှာ ဘော်ဘော်ကြီးဘုရား၊ ဘုရားကြီးဘုရား၊ ဘုရားမဘုရား၊ ဘုရားထောင်၊ ဘဲဘဲ၊ လေးမျက်နှာ ဂူဘုရား၊ ဗိဿနိုး ဘုရင်မ သချိုင်းတော် အပါအဝင် အခြားလေ့လာစရာ
သမိုင်းဝင်နေရာများစွာရှိနေသည်။

၁၉၂၆ ခုနှစ်တွင် သရေခေတ္တရာ မြို့ဟောင်း ခင်မာကုန်းစေတီပျက်ကို တူးဖော်ရာတွင် ရွေထည်၊ ငွေထည် ၊ ဗုဒ္ဓဆင်းထုတော်များ အပါအဝင် ပစ္စည်းပေါင်း ၄၃၀ ကျော် တွေ့ရှိကြောင်း၊ ပျူအက္ခရာ ၊ ပါဋ္ဌိဘာသာဖြင့် ရေးသားထားသော ရွှေပေချပ်များ ပါဝင်ကြောင်း သိရသည်။

မြို့ဟောင်းဒေသသို့ နိုင်ငံခြား ခရီးသွားဝင်ရောက်မှုမှာ ယခင်နှစ်ကထက် ၃ ဆခန့် ပိုမိုမြင့်တက်လာသည်ဟု သိရပြီး လာရောက်လေ့လာသူ အများစုမှာ ဂျာမန်နှင့် ပြင်သစ်လူမျိုးများ ဖြစ်ကြောင်း၊ ယင်းပြတိုက်တွင် ရှေးဟောင်းအမွေအနှစ် အချို့ပြသထားပြီး ဝင်ကြေးမှာ နိုင်င်ငံခြားသားတစ်ဦးလျှင် ကျပ် ၅၀၀၀ နှင့် မြန်မာနိုင်ငံသားများကို ၂၀၀ ကျပ်ကောက်ခံလျက် ရှိကြောင်း ရှေးဟောင်းဇုန်အတွင်း ဖွင့်လှစ်ထားသော သီရိခေတ္တရာပြတိုက်မှ တာဝန်ကျဝန်ထမ်းက ဧရာဝတီသို့ ပြောသည်။

”အခု နိုင်ငံခြား ခရီးသွားဝင်ရောက်မှုကလည်း မနှစ်ကထက် ၃ ဆလောက်ပိုဝင်တယ်။ မနှစ်က ၂၀၀၀ ကျော်ဝင်ရောက်ခဲ့တယ်။ အများစုလာတာက ဂျာမန်တွေ ၊ ပြင်သစ်တွေ များတယ်”ဟု အဆိုပါဝန်ထမ်းက ဆိုသည်။

မှန်နန်းရာဇဝင်၏ အဆိုအရ သရေခေတ္တရာတွင် မင်းဆက်ပေါင်း ၂၅ ဆက် အုပ်စိုးခဲ့သည်ဟု ဖော်ပြထားသော်လည်း ရှေးဟောင်းသုတေသနက လေ့လာသည့်အခါ ကိုက်ညီမှု မရှိသေးကြောင်း၊ သို့သော် အေဒီ တစ်ရာစုမှ စ၍ နောက်ဆုံး ပုဂံခေတ် ၁၁ ရာစုအထိ သရေခေတ္တရာမြို့တည်ရှိခဲ့ကြောင်း အထောက်အထားများ တွေ့ရှိထားသောကြောင့် သရေခေတ္တရာ မြို့သက်တမ်းသည် အနည်းဆုံးနှစ်ပေါင်းတစ်ထောင်ခန့် ရှိနေပြီ ဖြစ်ကြောင်း သင်တန်းကျောင်းအုပ်ကြီး ဦးဝင်းကြိုင်က ပြောသည်။

”သရေခေတ္တရာမြို့ဟောင်းဟာ အေဒီ ၈၃၂ မှာ တရုတ်ပြည် အနောက်တောင်ပိုင်းက နန်ချောင်းတွေ ဝင်ပြီးတော့ ဖျက်တယ်လို့ ပြောတယ်။ ဒီအဆိုကို အများစုလက်ခံပေမယ့် ပညာရှင်တချို့က နန်ချောင်းတွေ တိုက်လို့ပျက်သွားတဲ့ မြို့ဟာ တခြားတမြို့မြို့ ဖြစ်နိုင်တယ်။ သရေခေတ္တရာ ပျက်စီးရတဲ့အကြောင်းကို အတိအကျမသိရပေမယ့် မှန်နန်းရာဇဝင်မှာ ဖော်ပြတာဆိုရင် သရေခေတ္တရာရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိတဲ့ တိုင်းရင်းသားလူမျိုးစုတွေ စည်းလုံးညီညွှတ်မှု မရှိလို့ပဲ ”ဟု ဦးဝင်းကြိုင်က ဆိုသည်။

ရှေးဟောင်း သုတေသနလုပ်ငန်းစဉ် ၃ ခုဖြစ်သော စူးစမ်းလေ့လာ ရှာဖွေဖော်ထုတ်ကာ သုတေသနပြုခြင်း၊ တွေ့ရှိထားသော ယဉ်ကျေးမှု အမွေအနှစ်များကို ရေရှည် တည်တံ့ခိုင်မြဲအောင် ထိန်းသိမ်းခြင်းနှင့် အများပြည်သူသိရှိစေရန် ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးရခြင်းတို့ ဖြစ်သည်ဟု ရှေးဟောင်းသုတေသန အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading