မြန်မာ့ဆက်သွယ်ရေး ကဏ္ဍ တိုးတက်ရေးအတွက် နည်းပညာပိုင်း လိုအပ်နေသေးကြောင်း DELOITTE South East Asiaမှ ဒါရိုက်တာ Nick White က ပြောကြားခဲ့သည်။
“မမြင်ရတဲ့ စိန်ခေါ်မှုကတော့ နည်းပညာပိုင်းပါ။ ဒီ ပြဿနာကို အဖြေရှာနိုင်မယ်ဆို တော်တော်လေး ကောင်းမယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက နေပြည်တော်ရှိ MICC (စီးပွားရေး ကွန်ဗင်းရှင်းစင်တာ) တွင် စက်တင်ဘာ ၁၀ ရက်မှ စ၍ ၂ ရက်တာ ကျင်းပသော Myanmar Connect 2013ဆွေးနွေးပွဲ အခမ်းအနားတွင် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဒါရိုက်တာ Nick White က ဆွေးနွေးပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဥပဒေနှင့် ပတ်သတ်၍ ဆွေးနွေးခဲ့သူ ဖြစ်ပြီး လက်ရှိဥပဒေမှာ တခြားသော နိုင်ငံများထက်ပင် ပြည့်စုံသည်ဟု ပြောနိုင်ကြောင်း၊ လက်ရှိတွင် အော်ပရေတာ ၄ ခုမှ ဆက်သွယ်ရေး နည်းပညာများကို မည်သို့မျှဝေ သုံးစွဲရန် စဉ်းစားဖို့သာ လိုကြောင်း၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍမှာ တဟုန်ထိုး တိုးတက် လာနိုင်မည်ဟု ထင်ကြောင်း ပြောခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး ဈေးကွက်နှင့် နိုင်ငံတကာ ဆက်သွယ်ရေး လုပ်ငန်းများကို ဆက်သွယ်ပေးသည့် Myanmar Connect 2013 ကို ဦးစီးကျင်းပပေးသော Capacity Media မှ အမှုဆောင်ဒါရိုက်တာ Ms. Ros Lrvingက နည်းပညာနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် ချိတ်ဆက်ဆောင်ရွက် နိုင်ရေးအတွက် လာမည့် ၂၀၁၄ ခုနှစ်တွင်လည်း ယခုကဲ့သို့သော ဆွေးနွေးပွဲများ ကျင်းပသွား နိုင်ရန် စီစဉ်မည်ဟု ဆိုသည်။
ကျင်းပခဲ့သည့် အဆိုပါဆွေးနွေးပွဲသို့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနနှင့် မြန်မာ့ဆက်သွယ် ရေး လုပ်ငန်းအပါအဝင် အော်ပရေတာ အဖြစ် ရွေးချယ်ထားသော ကုမ္ပဏီများဖြစ်သည့် OOREDOO နှင့် TELENOR တို့လည်း တက်ရောက်ခဲ့ကြသည်။
လက်ရှိ တင်ဒါအောင်ထားသည့် OOREDOO နှင့် TELENOR ကုမ္ပဏီတို့သည် လုပ်ငန်း လုပ်ကိုင်ရန် ခွင့်ပြုချက်ပါမစ် ရပြီး ရှစ်လခန့်အကြာ ယခု ဆွေးနွေးပွဲ အချိန်အထိ မည်သို့သော ဝန်ဆောင်မှုများကို ပေးမည်၊ မည်သည့် ဈေးနှုန်းနှင့် ရောင်းချရန် စီစဉ်ထားသည် စသည်တို့ကို အသေးစိတ် ချပြနိုင်ခြင်း မရှိခဲ့ပေ။
“အခု လက်ရှိက လုပ်ငန်း လည်ပတ်ဖို့လည်း ဘာမှ မပြောသေးဘူး၊ သူတို့ကို ထိန်းကျောင်းမယ့် ဥပဒေကလည်း အသက်မဝင် သေးတော့ သူတို့အနေနဲ့ ဒီပွဲမှာ ဘာကိုမှ ချပြနိုင်တာမျိုး မရှိတဲ့သဘောပါ။ သူတို့တတွေ အနေနဲ့ အကောင်းဆုံး လုပ်ဆောင် ပေးမယ်ဆိုတဲ့ တင်ပြထားတဲ့အချက် တွေကို ယုံကြည်ပါတယ်၊ ရွေးချယ်လို့လည်း ပြီးသွားပြီဆိုတော့ အကောင်းဆုံး လုပ်နိုင်မယ် ထင်ပါတယ်” ဟု ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး
ဦးသောင်းတင်က ပြောသည်။
မြန်မာနိုင်ငံတွင် အော်ပရေတာအဖြစ် တင်ဒါ အောင်မြင်ထားသော နိုင်ငံခြားကုမ္ပဏီ နှစ်ခု တို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ရတနာပုံ တယ်လီပို့ တို့က ဆက်သွယ်ရေး ဈေးကွက်အတွင်း ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း Myanmar Contant 2013 ဆွေးနွေးပွဲတွင် တရားဝင်ကြေညာခဲ့ပြီး အဆိုပါအဖွဲ့များ လုပ်ငန်း လုပ်ကိုင်ရာတွင် သတ်မှတ် အရည်အသွေးများ ပြည့်မီခြင်း ရှိမရှိနှင့် လိုက်နာရမည့် စည်းကမ်းချက်များ လိုက်ခြင်း ရှိမရှိကို စောင့်ကြည့် ကြီးကြပ်ရေး အဖွဲ့ဖွဲ့ကာ စစ်ဆေးသွားမည် ဖြစ်ကြောင်း ဦးသောင်းတင်ထံမှ သိရသည်။
“အခု ရှိနေတဲ့ ဒီပုံစံအတိုင်း MPTကို ပြောင်းမှာပါ။ သီးခြား အသစ်တခု လုပ်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် BOT (Build over Transfar) စနစ်လုပ် တာမျိုးတော့ ရှိလာမယ်။ သင့်တော်မယ့်ဟာနဲ့ တွဲမယ်၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တခု ရှိလာမယ်” ဟု ဦးသောင်းလွင်က ပြောသည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT) ကို ပုဂ္ဂလိက လုပ်ငန်းအဖြစ် ပြောင်းလဲသွားရန် စီစဉ်ထားပြီး ထိုသို့ ပုဂ္ဂလိက လုပ်ငန်းအဖြစ်သို့ ပြောင်းလဲ နိုင်ရေးအတွက် ကမ္ဘာ့ဘဏ်မှပေးမည့် နှစ် ၄၀ အတိုးမဲ့ချေးငွေ ဒေါ်လာ ၃၁. ၅ သန်းထဲမှ သုံးစွဲသွားရန် စီစဉ်ထားကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် OOREDOO ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် Mr. Ross Cormack က “မြန်မာ ပြည်သူတွေ အတွက် အတတ်နိုင်ဆုံး သက်သာစေတဲ့ ဈေးနှုန်း၊ မမျှော်မှန်းနိုင်တဲ့ ဈေးနှုန်းတခုကို မိတ်ဆက်ပေးမှာပါ။ အဲဒီအတွက် စစ်တမ်း ကောက်နေပါတယ်။ အော်ပရေတာ အနေနဲ့ MPT နဲ့ ရတနာပုံ တယ်လီပို့ ပါဝင်လာတဲ့ အပေါ်မှာ အကောင်းဆုံးပဲ ရှုမြင်ပါတယ်၊ အကောင်းဆုံး မိတ်ဖက်အဖွဲ့တွေ ဖြစ်လာမယ် လို့မျှော်လင့်ပါတယ်။ တွဲဖက် လုပ်ဆောင်မှုတွေ လုပ်သွားမှာပါ” ဟု ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲသည် တင်ဒါအောင်မြင်သည့် OOREDOO နှင့် TELENOR တို့ကို မြန်မာ့ဆက်သွယ်ရေးနှင့် မိတ်ဆက် ပေးသည့် အခမ်းအနား ဖြစ်သော်လည်း လက်တွေ့တွင်မူ ရတနာပုံ တယ်လီပို့ ကုမ္ပဏီကို နိုင်ငံတကာ စင်မြင့်ထက်သို့ လူသိရှင်ကြား ထုတ်ဖော် မိတ်ဆက်သည့် အခမ်းအနား သက်သက်သာဖြစ်ကြောင်း အမည်မဖော်လိုသူ လုပ်ငန်းရှင် တဦးက ပြောသည်။
“မြန်မာနိုင်ငံမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လက်ဝါးကြီး အုပ်မှာစိုးလို့ ကိုယ့်နိုင်ငံသားကို စင်ပေါ်တင်တာ မပြောလိုပါဘူး။ ပြောရရင် ရတနာပုံတယ်လီပို့ဆိုတာ ကုမ္ပဏီတခုလေ။ ပြည်တွင်း အော်ပရေတာ ခေါ်မယ်ဆိုရင် ပြည်တွင်းကနေ အပြိုင် ပြိုင်ပြီးမှ ခေါ်ပေါ့။ အခုက လုပ်ပြီးမှ သိရတယ်။ နောက်ဒီပွဲက တင်ဒါအောင် အော်ပရေတာတွေနဲ့ MPTကို မိတ်ဆက်တာထက်
သူ့ကို ပိုမိတ်ဆက်နေသလိုပဲ။ ပွဲစီစဉ်ပေးတာတော့ ကောင်းပါတယ်။ အတွေ့အကြုံတွေ ဖလှယ်နိုင်တယ်။ နိုင်ငံတကာက ကူညီတာတွေက ကောင်းပါတယ်” ဟု ၎င်းက ဆိုသည်။
အဆိုပါ ဆွေးနွေးပွဲကို တက်ရောက်လာသည့် Bacons Tele Link မှ Director ဦးဇော်မင်းဦးကမူ မြန်မာ့ဆက်သွယ်ရေး ကဏ္ဍအတွက် အကောင်းဆုံး အကြံဉာဏ်များ ရရန်အတွက် ဝိုင်းဝန်း အဖြေရှာပေးကြရမည် ဖြစ်ကြောင်း၊ မြန်မာပြည်၏ ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာ လုပ်ငန်းရှင်များ အနေဖြင့် မည်သည့် လိုအပ်ချက်များ ရှိနိုင်သည်ကို ဤဆွေးနွေးပွဲမှတဆင့် သိနားလည်သွား စေနိုင်ကြောင်း သုံးသပ်သည်။
“နိုင်ငံတွင်းမှာ ဘယ်လို အချက်တွေရှိတယ်၊ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံဖို့ လာချင်တဲ့ သူတွေက ဘာတွေလိုအပ်တယ်၊ ဘာလိုချင်တယ် ဆိုတာ အချင်းချင်း သိနားလည်သွားစေခဲ့တယ်လို့ ထင်ပါတယ်” ဟု သူက ဆက်ပြောသည်။
လက်ရှိ မြန်မာနိုင်ငံတွင် မိုဘိုင်းဖုန်း သုံးစွဲနိုင်သည့် အင်အားမှာ ၅ ဒသမ၂ သန်းသာ ရှိနေသေးပြီး လာမည့် ၂၀၁၅ တွင် ဖုန်းသုံးစွဲမှု ပမာဏ ၇၅ ရာခိုင်နှုန်း မြင့်မားလာရန် စီစဉ်ထားကြောင်း မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက အဆိုပါ ဆွေးနွေးပွဲတွင် တရားဝင် ပြောကြားခဲ့သည်။
ထို့အပြင် လာမည့် ၅ နှစ်အတွင်း တနိုင်ငံလုံး အတိုင်းအတာ၏ ၉၀ ရာခိုင်နှုန်းကို ဖုန်းကွန်ရက် လွှမ်းခြုံနိုင်စေရန် ဆောင်ရွက် မည်ဟု ကြေညာခဲ့ပြီး ထိုသို့ တိုးတက်လာရေးအတွက် ဝေးလံ ခေါင်ဖျားသော နေရာများတွင် အော်ပရေတာများ သွားရောက် လုပ်ဆောင်နိုင်ရန် ကမ္ဘာ့ဘဏ်မှ ရရှိထားသည့် နှစ် ၄၀ စာ အတိုးမဲ့ ချေးငွေမှ ထောက်ပံ့ကူညီရန် စီစဉ်ထားကြောင်း သိရသည်။
“ဥပဒေ အရ ကတော့ တင်ဒါအောင်သူတွေ ဆီကနေ တောင်းခံရမှာပါ။ ဒါပေမယ့် လုပ်ငန်းမစခင်မှာ တောင်းခံဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ ဝေးလံတဲ့ ဒေသတွေမှာ သူတို့လုပ်နိုင်အောင် ဒီချေးငွေထဲက ကဏ္ဍ တခုအနေနဲ့ ထားပြီး ထောက်ပံ့မှာပါ” ဟု ဒုတိယ ဝန်ကြီး ဦးသောင်းတင်က ပြောသည်။
၂ ရက်တာ ကျင်းပခဲ့သော ဆွေးနွေးပွဲသို့ ကမ္ဘာ့နိုင်ငံပေါင်း ၂၅ နိုင်ငံမှ အသိပညာရှင် ၄ဝဝ ကျော် တက်ရောက် ဆွေးနွေး ခဲ့ကြပြီး အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာကဏ္ဍ ပိုမို ဖွံ့ဖြိုး တိုးတက် လာစေရေး ဆိုင်ရာ ကိစ္စများ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော ဆက်သွယ်ရေး ဥပဒေဆိုင်ရာများ၊ မြန်မာနိုင်ငံ၏ တယ်လီကွန်း ဈေးကွက်နှင့် နိုင်ငံတကာ တယ်လီကွန်း ဈေးကွက်တို့ ချိတ်ဆက်ဆောင်ရွက်၍ မြန်မာနိုင်ငံ၏ တယ်လီကွန်း ဈေးကွက် ရှင်သန်ကြီးထွား ခိုင်မာလာစေရေး၊ ဈေးကွက်တွင်း ရင်းနှီးမြှုပ်နှံမှု အခွင့်အရေးနှင့် မျှော်မှန်းချက်များ၊ ဆက်သွယ်ရေး နည်းပညာ ကဏ္ဍ အဆောက်အဦ ဖွံ့ဖြိုး တိုးတက်လာစေရန် အတွက် အစီအစဉ်များ ချမှတ်ရေးဆွဲရေး စသည့် ကိစ္စရပ်များအပေါ် ဘက်စုံထောင့်စုံ ကဏ္ဍစုံမှ ဝိုင်းဝန်း ဆွေးနွေးခဲ့ကြသည်။