ပဲခူးတိုင်း ပဲခူးမြို့နယ် ဒုတိယ တရားသူကြီး၏ ဇနီးကို အိမ်အကူအလုပ်သမ တဦးအား လက်ရောက် ကျုးလွန်မှုများဖြင့် ဝရမ်း ထုတ်ထား သော်လည်း ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
အသက် ၁၅ နှစ် အရွယ် အိမ်အကူ အလုပ်သမ တဦးကို မီးပူ၊ ဓား၊ ပုလင်းများနှင့် လက်ရောက် ကျူးလွန်ထားမှုဖြင့် တရားစွဲ ခံထား ရသည့် ဒုတိယမြို့နယ် တရားသူကြီး ဦးအောင်ဖုန်းဝင်း၏ ဇနီး ဒေါ်ဖြူဝင်းသက်ကို မြို့နယ် တရားရုံးက ဖမ်းဝရမ်း ထုတ်ထား သော် လည်း ပုန်းရှောင်နေသည့် နေရာကို မသိသဖြင့် မဖမ်းဆီးနိုင်ခြင်းဖြစ်ကြောင်း ပဲခူးမြို့နယ် ရဲတပ်ဖွဲ့က ပြောသည်။
ပဲခူးမြို့နယ် ရဲတပ်ဖွဲ့ ရဲမှူး ဦးမြဝင်း က “ဝရမ်း ထုတ်ထားကတည်းက ကျနော်တို့ ရဲတပ်ဖွဲ့ အနေနဲ့ အရေးယူဆောင်ရွက်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ သူ (ဒေါ်ဖြူဝင်းသက်) ဘယ်မှာရှောင်တိမ်း နေတယ်ဆိုတာ သတင်းအတိအကျ မရလို့ မဖမ်းနိုင်သေးတာပါ၊ သူရောက်တယ်လို့ သတင်းကြားတဲ့ နေရာတွေက စခန်းတွေကိုတော့ အကြောင်းကြားထားတာတွေတော့ လုပ်ထားပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
အခင်းဖြစ်ပွားမှုသည် ၂၀၁၂ ခုနှစ် မတ်လထဲတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ ၂ လ အကြာတွင် ကာယကံရှင် မအေးယုအောင် က ပဲခူးမြို့နယ် အမှတ် (၃) ရဲစခန်းကို သွားရောက် အမှုဖွင့် တိုင်ကြားခဲ့ချိန်မှ စ၍ ဒေါ်ဖြူဝင်းသက်မှာ တိမ်းရှောင် နေခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။
တရားသူကြီးကတော်မှ မီးပူဖြင့် အကပ်ခံရသော အိမ်ဖော်မလေး၏ ပြောပြချက် (ရုပ်/သံ)။ ဤ Video အား Myanmar News Now မှ ကူးယူ၍ ပြန်လည် ဖော်ပြပါသည်။ |
ယင်းအမှုကို တရားစွဲဆိုထားသည့် ကာယကံရှင်များနှင့် မျက်မြင်သက်သေများကို ပဲခူးမြို့နယ်တရားရုံးက ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ထားပြီး ဒေါ်ဖြူဝင်းသက်ကို တုတ်၊ ဓား စသည်တို့ဖြင့် ထိခိုက် နာကျင်စေမှု ပုဒ်မ ၃၂၄၊ အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅၊ တရားလိုက အမှုဖွင့်ထားသော်လည်း ထွက်ပြေးတိမ်းရှောင်နေခြင်း ပုဒ်မ ၅၁၂ တို့ဖြင့် တရားစွဲဆိုထားကြောင်း ပဲခူးမြို့နယ် တရားရုံးထံမှ သိရသည်။
ပဲခူးမြို့နယ် တရားရုံး ရုံးတာဝန်ရှိသူ တဦးက “တရားလိုတွေ၊ မျက်မြင်တွေ စစ်ပြီးသွားပြီခင်ဗျ၊ အားလုံးစစ်ပြီးသွားမှ ဒေါ်ဖြူဝင်းသက် ကို တရားခံပြေး၊ ဝရမ်းပြေးအနေနဲ့ ထုတ်ထားတာဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ ယင်းသို့ အခင်းဖြစ်ပွားပြီး နောက် ဒေါ်ဖြူဝင်းသက်၏ ခင်ပွန်း ဦးအောင်ဖုန်းဝင်း ကိုလည်း တောင်တွင်းကြီး မြို့သို့ ရွှေ့ပြောင်း တာဝန် ထမ်းဆောင် စေခိုင်း ထားကြောင်း သိရသည်။
ယင်းအမှုကို တရားလိုဘက်မှ ဥပဒေ လမ်းကြောင်းအရ ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအေးမြင့် ကလည်း “တရားလိုနဲ့ ရပ်ကွက် သက်သေတွေလည်း စစ်ပြီးပြီ၊ အမှုက ပေါ်တယ်၊ ဒေါ်ဖြူဝင်းသက်က ထွက်ပြေးနေတုန်း၊ ရဲကလည်း မမိသေးဘူး၊ သူရောက်တယ် ဆိုတဲ့ နေရာတွေကိုလည်း ဝရမ်းထုတ်ပြီး ရဲကို အဖမ်းခိုင်းနေတယ် တရားရုံးက”ဟု ဧရာဝတီသို့ ပြောသည်။
ဒေါ်ဖြူဝင်းသက်နှင့် ခင်ပွန်းဖြစ်သူ ဦးအောင်ဖုန်းဝင်း တို့ကို ဧရာဝတီက တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့သော်လည်း ဖုန်းကိုင် ဖြေကြားခြင်း မရှိပါ။
၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်နေ့က အိမ်ရှင် ဒေါ်ဖြူဝင်းသက်က ၎င်း၏အိမ်တွင် အိမ်အကူလုပ်နေသော မအေးယုအောင်အား မီးပူဖြင့် ထိုးကပ်ခဲ့သဖြင့် လည်ပင်းနှင့် ရင်ဘတ်တို့တွင် အရေပြားလွှာများ ပျက်စီးသည်အထိ ဒဏ်ရာများရရှိထားပြီး ယင်း မတိုင်ခင် ကလည်း ဦးခေါင်းအား ပုလင်းနှင့် ရိုက်ထားသည့် ဒဏ်ရာများ၊ ရင်ဘတ်ကိုလည်း ဓားဖြင့် ခုတ်ထားသည့် ဒဏ်ရာများ၊ ဆေးစာများနှင့် အတူ တရားလိုဘက်မှ တရားစွဲဆိုထားကြောင်း သိရသည်။
ထိုအချိန်က အခင်းဖြစ်ပွားပြီးချိန် တလကျော်ကြာသည်အထိ ဒေါ်ဖြူဝင်းသက်နှင့် ဦးအောင်ဖုန်းဝင်းတို့က မအေးယုအောင် ကို ဒဏ်ရာများ ပျောက်ကင်းချိန် အထိ ထိန်းသိမ်း ထားခဲ့သေးသော်လည်း နောက်ပိုင်း ရဲစခန်းတွင် အမှုဖွင့်ပြီး တရားစွဲခံခဲ့ရသည်။
တရားခံပြေးကို ရဲများက ရှာမတွေ့နိုင်သော်လည်း ဒေါ်ဖြူဝင်းသက်၏ ဆွေးမျိုးများက တရားလိုနှင့် နီးစပ်သူများကို ကျေအေးရန် လာရောက် ညှိနှိုင်းမှုများ ရှိနေကြောင်း ပဲခူးမြို့နယ်တရားရုံး တာဝန်ရှိသူ တဦးက ပြောသည်။