သတင်း

ကျောက်ဖြူ မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များ စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ မဒေးကျွန်း၌ ရွှေ သဘာ၀ ဓာတ်ငွေ့စီမံကိန်းကြောင့် နစ်နာမှုများအတွက် ဆန္ဒပြကြသော ဒေသခံများအား ဦးဆောင်သည်ဟုဆိုကာ တရားစွဲဆိုခံထားရသူ ၁၀ ဦးကို ယနေ့ စီရင်ချက်ချမည်ဟု စီစဉ် ထားသော်လည်း စက်တင်ဘာလ ၁၉ ရက်သို့ ရွှေ့ဆိုင်းလိုက်သည်ဟု သိရသည်။

စီရင်ချက် ချမည့်ရက်အား ပြောင်းရွှေ့သတ်မှတ်ရခြင်းသည် စီရင်ချက်အတွက် ရေးသားနေသည့် အချက် အလက်များ မပြီး စီးသေးသည့် အတွက်ကြောင့်ဟု ကျောက်ဖြူမြို့နယ် တရားသူကြီး ဦးနေဝင်း က ပြောဆိုကြောင်း တရား စွဲခံထားရသူများ ထဲမှ ဦးထွန်းကြည် က ဧရာဝတီ ကို ပြောသည်။

“စီရင်ချက် ချဖို့ အတွက်အချိန် ၂ ပတ်အထိ ယူထားတာပါ၊ ဒီအမှုက သာမန်အမှု တခုဖြစ်တဲ့အတွက် ၂ ပတ်အတွင်းမှာ မပြီးနိုင် စရာအကြာင်းမရှိပါဘူး၊ ကျနော်တို့ အထင်တော့ တရားသူကြီးနဲ့တရားရုံး ရဲ့အပေါ်မှာ လွှမ်းမိုးထားသူ ရှိနေတဲ့အတွက်လို့ပဲ ယူဆပါတယ်”ဟု ဦးထွန်းကြည် က ဆိုသည်။

ဦးထွန်းကြည် အပါအဝင် တရားစွဲဆိုခံထားရသူ ၁၀ ဦးသည် ခွင့်ပြုချက်မရဘဲ ဆန္ဒပြသည့် အတွက် ပုဒ်မ ၁၈ ဖြင့် ဒေသ ဆိုင်ရာ အာဏာပိုင်များက တရားလို ပြုလုပ်၍ ကျောက်ဖြူ တရားရုံး၌ ပြီးခဲ့သည့် ဧပြီလ အတွင်း တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

တရားစွဲခံထားရသူများမှာ ဦးထွန်းကြည်၊ ကိုမောင်ယဉ်လှ၊ ကိုမောင်မောင်မြင့်၊ ဦးအောင်သိန်းထွန်း၊ ဦးမောင်ဖြူသီး၊ ဦးထွန်း ခင်နု၊ ကိုမောင်မောင်စိုး၊ ကိုမောင်ထွန်းအေး၊ ကိုမျိုးမင်းနိုင် စသည်တို့ ဖြစ်သည်။

ဒေသခံများသည် မိမိတို့၏ နစ်နာ ဆုံးရှှုံးမှုကို တရားဝင် ဆန္ဒထုတ်ဖော်ရန် အာဏာပိုင်များထံ ၄ ကြိမ်အထိ ခွင့်ပြုချက် တင် ခဲ့သော်လည်း ခွင့်ပြုပေးခြင်း မရရှိသည့် အတွက် ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

ပုဒ်မ ၁၈ သည် ခွင့်ပြုချက်မရဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခံရလျှင် ထိုသူအား တနှစ်ထက် မပိုသော ထောင်ဒဏ် ဖြစ်စေ၊ ကျပ် ၃ သောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ်၊ ငွေဒဏ် နှစ်ရပ် စလုံးဖြစ်စေ ချမှတ်နိုင်ကြောင်း ဥပဒေ ပြဌာန်းထားသည်။

ထိုပုဒ်မ ကြောင့် မိမိတို့ လိုလားချက်များကို ဆန္ဒထုတ်ဖော်နေကြသည့် မြန်မာနိုင်ငံ အနှံ့အပြားမှ ပြည်သူ အများအပြားသည် တရားစွဲဆိုခံထားရခြင်း၊ ဖမ်းဆီးခံခြင်းများ မကြာခဏ ဖြစ်ပေါ်နေသည်။ ပုဒ်မ ၁၈ အား ဖျက်သိမ်းပေးရန် အတွက်လည်း ဆန္ဒထုတ်ဖော် တောင်းဆိုမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိသည်။

တရားစွဲခံထားရသူများအား ယနေ့တွင် ထောင်ဒဏ် ချမှတ်ပါက ဒေသခံများအနေဖြင့် ကန့်ကွက်ဆန္ဒပြရန် မဒေးကျွန်းပေါ်ရှိ ကျေးရွာ များမှ ဒေသခံများ၊ ကျောက်ဖြူ အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့ပေါ်မှ ဒေသခံ အများအပြားသည် တရားရုံးသို့ ရောက်ရှိ ခဲ့ကြသော်လည်း တရားရုံးဝင်းထဲသို့ ဝင်ခွင့်မရခဲ့ကြောင်း သိရသည်။

“တရားစီရင်တာ နားထောင်ဖို့ ဒေသခံတွေ အများအပြားလာကြပါတယ်၊ တရားရုံး ခြံတံခါးကို သော့ခတ်ထားပြီး ရုံးနား တ ဝိုက်မှာရဲတွေ၊ စစ်သားတွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူထားကြတယ်”ဟု ဒေသခံ တဦး က ပြောသည်။

တရားစွဲဆိုခံထားရသူများသည် ရွှေသဘာဝဓာတ်ငွေ့ ပိုက်လိုင်းကို ဦးဆောင် တည်ဆောက်နေသည့် တရုတ် အမျိုးသား ရေနံကော်ပိုရေးရှင်း (CNPC) အားကန့်ကွက်သည့် အနေဖြင့် မတ်လအတွင်းက ဆန္ဒထုတ်ဖော်ခဲ့ကြစဉ် ဆန္ဒပြသူ ဒေသခံ များအား ဘေးမှ ဝန်းရံ ဦးဆောင်ပေးခဲ့သူများလည်း ဖြစ်သည်။

China National Petroleum Corporation (CNPC) ရုံးတည်ရှိရာ မဒေးကျွန်းပေါ်ရှိ ကျောက်တန်း၊ ရွာမ၊ ပြိန်ရွာ၊ ပန်းထိန် ဆည် စသည့်ကျေးရွာများမှ ဒေသခံများသည် CNPC အလိုမရှိ ဟူသော ကြွေးကြော်သံနှင့်အတူ ၎င်းတို့ တောင်းဆိုချက် ၉ ချက်ကို ကြွေးကြော်၍ CNPC ရုံးရှေ့သို့ ချီတက် ဆန္ဒပြခဲ့ကြသည်။

သိမ်းဆည်းခံ လယ်ယာမြေ၊ ဥယျာဉ်ခြံမြေများကို နိုင်ငံတကာ စံချိန်စံညွှန်း အတိုင်း လျော်ကြေးပေးရေး၊ ကျွန်းပေါ်ရှိ ကျေးရွာလမ်း များ ကောင်းမွန်ရန် ဆောင်ရွက်ပေးရေး၊ အလုပ်သမားကတ်ရှိသည့် ဒေသခံများ အလုပ်အကိုင် ရရှိရေးနှင့် လုပ်အားခ ကို နိုင်ငံတကာစံ အတိုင်း ရရှိရေး၊ ကျွန်းပေါ်ရှိ လူနေအိမ်များ လျှပ်စစ်မီး ရရှိရန် လုပ်ဆောင်ပေးရေး စသည့် အချက်များ အ ပါအဝင် အချက် ၉ ချက်ကို တောင်းဆိုခဲ့ကြသည်။

Loading