သတင်း

TNLA ကို အစိုးရတပ်များ ထိုးစစ်ဆင်၊ အစိုးရတပ်ဘက်က အကျအဆုံးများ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် နမ့်ဖက်ကာ အုပ်စုတွင် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တပ်ရင်း ၁၂၂ ကို မြန်မာအစိုးရ တပ်နှင့် ပန်းဆေး ပြည်သူ့စစ်တို့ ပူးပေါင်း စစ်ကြောင်းက စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် ထိုးစစ်ဆင်ခဲ့ရာ အစိုးရ တပ်မတော်ဘက်က အကျအဆုံး များခဲ့ကြောင်း သတင်းရရှိသည်။

တနာရီခွဲခန့် ကြာမြင့်ခဲ့သည့် တိုက်ပွဲကြောင့် မြန်မာ့တပ်မတော် ခလရ ၄၅ တပ်ရင်းနှင့် ပန်းဆေးပြည်သူ့စစ်မှ ဆယ့် ၁၂ ဦး ကျဆုံးပြီး ဒဏ်ရာရရှိသူ များပြားကြောင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှ ဒုတိယ ဗိုလ်မှူးကြီး တားဘုန်းကျော်က ဧရာဝတီကို ပြောသည်။

“တပ်ရင်း ၁၂၂ ကို အစိုးရတပ်နဲ့ ပြည်သူ့စစ် ပေါင်းပြီး လိုက်နေတာ ၂ ရက် ၃ ရက်ရှိပြီ။ ကျနော်တို့ တနေရာပြီး တနေရာ ရွှေ့ပြီး ဆုတ်လာတာ။ မနေ့ကတော့ အတင်း ထိုးစစ်ဆင်လာလို့ တိုက်ပွဲ ဖြစ်တယ်။ ဒီနေ့တော့ သူတို့ ဒဏ်ရာရထားသူတွေကို သယ်နေတယ်လို့ သတင်းရတယ်။ ဖြစ်တဲ့နေရာက ရွာနဲ့ ဝေးတော့ အရပ်သား ထိခိုက်မှု မရှိခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

စက်တင်ဘာလ ၈ ရက်နေ့က TNLA တပ်ရင်း ၁၂၂ သည် မူးယစ်ဆေးဝါး ရောင်းဝယ်နေသည့် လော့ခူန် ပြည်သူ့စစ် အဖွဲ့ကို လက်နက်ဖြုတ်သိမ်းခဲ့ပြီးနောက် အစိုးရတပ်မတော်နှင့် ပန်းဆေးပြည်သူ့စစ်မှ လိုက်လံ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ပြည်သူ့စစ်ကို လက်နက် ဖြုတ်တယ်ဆိုတာက သူတို့က မူးယစ်ဆေးဝါး လုပ်နေတယ်၊ အဲဒါကိုလည်း တပ်မတော်က အကာအကွယ် ပေးနေပြန်တယ်။ ပြည်သူ့စစ်အဖွဲ့တွေက တပ်မတော်ရဲ့ အင်္ဂါရပ် တရပ်ဖြစ်တယ်လို့ တိုင်းမှူးက ပြောတယ်။ အဲဒါဆိုရင် သူတို့က မူးယစ်ဆေးဝါး ထုတ်လုပ်၊ ဖြန့်ချိနေတယ်ဆိုရင် တပ်မတော်က လုပ်တာနဲ့ တူတူပဲ” ဟု TNLA ဒုတိယ ဗိုလ်မှူးကြီး တားဖုန်းကျော်က ဆိုသည်။

တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ်အဖွဲ့များကို ဝင်မတိုက်ရန် ဆိုသည့် အချက်သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ဆွေးနွေးရာတွင် မြန်မာ့ တပ်မတော်က ထားရှိသည့် အချက် ၆ ချက်တွင် တချက် အပါအဝင်ဖြစ်သည်။

“ပလောင်မှာ ရှိတဲ့ ရွာတရွာက ပြည်သူ့စစ်အဖွဲ့ကို TNLA အဖွဲ့က လက်နက်တွေ သိမ်းပြီး ရွာသားသုံးဦးကို ဖမ်းသွားတယ်လို့ သတင်းတွေ တက်လာတယ်။ တပ်မတော်ဘက်ကလည်း သူတို့ သဘောထား ထုတ်ထားတာ ရှိတယ်။ အဲဒီထဲက တချက်ချက် ညိရင်လည်း ပဋိပက္ခက ရှိနိုင်ပါတယ်။ အခုလို အဖြစ်အပျက်မျိုးကျတော့ တဘက်နဲ့ တဘက် စွပ်စွဲမှုတွေက ရှိနိုင်ပါတယ်။ သက်ဆိုင်တဲ့ အဖွဲ့အစည်းဘက်ကလည်း တုံ့ပြန်မှုတွေ ရှိသွားနိုင်တယ်” ဟု မြန်မာ့ ငြိမ်းချမ်းရေးစင်တာမှ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလှမောင်ရွှေက ဧရာဝတီကို ပြောသည်။

တပ်မတော်၏ သဘောထား ၆ ချက်အနက် တချို့အချက်များကို သဘောတူနိုင်သော်လည်း တချို့ အချက်များသည် နိုင်ငံရေး မဆန်ဘဲ၊ တိုင်းရင်းသား အဖွဲ့အစည်းများကို တဘက်သတ်နှိမ့်ချ ဆက်ဆံသည့် သဘောထားများ ဖြစ်နေသည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်နိုင်ကြောင်း ဒုဗိုလ်မှူးကြီး တားဘုန်းကျော်က ဆိုသည်။

TNLA နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အဖွဲ့တို့သည် ဇူလိုင် လကုန်ပိုင်းက မူဆယ်မြို့တွင် ပထမအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ လက်နက် မပါဘဲ နယ်မြေဖြတ်သန်းခွင့် စသည့် သဘောတူညီချက်များ ရရှိခဲ့သည်။ ဇူလိုင်တွေ့ဆုံပွဲ အပြီးတွင် တိုက်ပွဲ ၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading