မလေးရှားနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများ အတွက် တရားဝင် နေထိုင်ခွင့်နှင့် အလုပ်ရရှိရေး တို့အတွက် မလေးရှားနှင့် မြန်မာ နှစ်နိုင်ငံ ပူးပေါင်းကာ လာမည့်နှစ်လအတွင်း အကောင်အထည် ဖော်သွားမည်ဟု သိရသည်။
ယနေ့ နေ့လယ် ၃ နာရီခန့်က ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် VIP ဝင်ပေါက် အနီးတွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ မလေးရှားနိုင်ငံမှ ပြန်လည် ရောက်ရှိလာသော အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မီဒီယာများသို့ အထက်ပါအတိုင်း ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။
“တရားဝင် မှတ်ပုံတင်တွေ လုပ်ပေးနိုင်ဖို့အတွက် ကာယကံရှင်ရဲ့ လက်ဗွေရာ ၁၀ ချောင်း စလုံးယူမယ်၊ မျက်စိသူငယ်အိမ်ကို စစ်ပြီး မှတ်ပုံတင်ထားမယ်၊ တချို့က မြန်မာ မဟုတ်ဘဲနဲ့ လိမ်ပြောတာတွေ ရှိတယ်၊ အဲဒီမှတ်တမ်းတွေကို လဝက နဲ့ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန တွေက မြန်မာနိုင်ငံသား မှန်ကန်ကြောင်း စစ်ဆေးမယ်၊ အလုပ်အကိုင်ရဖို့အတွက် အလုပ်ရှင်၊ အလုပ်သမား တိုက်ရိုက်တွေ့ပြီး ခန့်တဲ့စနစ် လုပ်မယ်” ဟု ဝန်ကြီး ဦးအေးမြင့်က ရှင်းပြသည်။
မလေးရောက် မြန်မာအလုပ်သမားများ တရားဝင်မှတ်ပုံတင်ခြင်းနှင့် အလုပ်အကိုင် တိုက်ရိုက် ရှာဖွေပေးခြင်းတို့ကို ကွာလာလမ်ပူ မြို့ရှိ မြန်မာသံရုံးတွင် ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မြို့နှင့် အလှမ်းဝေးသော နေရာများတွင် လုပ်ကိုင်နေသူ များအတွက် ရွေ့လျားစနစ် (Mobile Team) များစီစဉ်ကာ စက်ရုံ၊ အလုပ်ရုံများတွင် ပြုလုပ်ပေးသွားမည်ဟု သိရသည်။
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ “တရားမဝင်သွားနေပြီး အလုပ်လည်း မရနိုင်တဲ့ မြန်မာအလုပ်သမားတွေ ကိုတော့ မြန်မာနိုင်ငံကို ပြန်လွှတ်မယ်၊ အရင်ကတော့ ပြန်လွှတ်ရင် ဒဏ်ကြေးရိုက်ပေမယ့် အခုတော့ ဒီအတိုင်းပဲ ပြန်လွှတ်ပေးမှာပါ။ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေကတော့ မလေးနိုင်ငံက ဥပဒေအတိုင်း အရေးယူဖို့ရှိမှာပါ” ဟု ပြောပြသည်။
မလေးရှားနိုင်ငံမှ တရားမဝင် နေထိုင်သူများ ဖမ်းဆီးရေး စီမံချက် အတွင်း ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံမှ အလုပ် သမားများ အများဆုံး ဖမ်းဆီးခံထားရပြီး မြန်မာလုပ်သား ၆၀၀ ကျော်ကို ဖမ်းဆီးထားပြီး ဖြစ်ကြောင်း၊ တချို့ မြန်မာလုပ်သား များမှာ ဖမ်းဆီးမှု စတင်ကတည်းက နယ်စပ်သို့ ထွက်ပြေးမှုများ ရှိကြောင်း၊ ယင်းသို့ ထွက်ပြေးသူများကို ဖမ်းဆီးမိပါက သက်ဆိုင်ရာ နိုင်ငံအလိုက် ဥပဒေအရ အရေးယူမည်ဟုသာ သိရကြောင်း ဝန်ကြီးက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
မလေးရှားနိုင်ငံတွင် သွားရောက် လုပ်ကိုင်နေသော တရားဝင် မြန်မာအလုပ်သမား ၁ သိန်း ၄ သောင်းကျော်ရှိပြီး တရားမဝင် အလုပ်သမား ၁ သိန်း ၁ သောင်းကျော်ရှိကြောင်း၊ တခြား မြန်မာအလုပ်သမား ၈ ထောင် ကျော်မှာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (NHCR) လက်မှတ် ကိုင်ဆောင်ထားကြကြောင်း ဝန်ကြီး၏ အဆိုအရ သိရသည်။
မလေးရောက် တရားမဝင် နိုင်ငံခြားသားများကို ဖမ်းဆီးမှုများ လုပ်ဆောင်ရန် မလေးရှား အစိုးရက စီစဉ်မှုများကို ယခင်က အတိုက်အခံအဖွဲ့ အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ NGO များက ကန့်ကွက်မှုများ ရှိခဲ့ကြောင်း၊ ယခု ဖမ်းဆီးမှုနှင့် ပတ်သက် ၍မူ မည်သည့် ပါတီ၊ အဖွဲ့အစည်းကမျှ ကန့်ကွက်မှု၊ ဝေဖန်ပြောဆိုမှု မရှိသည်မှာ ထူးခြားကြောင်း မလေးရှားရောက် မြန်မာ များက ပြောကြသည်။
မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ကွာလာလမ်ပူရှိ မြန်မာသံရုံး အနေဖြင့် ထိထိရောက်ရောက် ကူညီပေးမှု မရှိကြောင်း၊ ပြီးခဲ့သည့် လအနည်းငယ်က ဖြစ်ပွားခဲ့သည့် မြန်မာနိုင်ငံသားများ အသတ်ခံရမှုနှင့် ပတ်သက်၍ ကူညီမှုများသည် လည်း ၎င်းတို့ နာမည်ကောင်းယူရန် အတွက်သာ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မလေးရောက် မြန်မာများက ပြောဆိုကြသည်။