ရန်ကုန်မြို့တွင် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက်မရှိဘဲ တိုက်တာ အဆောက်အအုံတည် ဆောက် သူများ ကို စည်ပင်သာယာရေး ဥပဒေနှင့် အရေးယူမည်ဟု ထုတ်ပြန် ကြေညာလိုက်ပြီး သင်္ဃန်းကျွန်း မြို့နယ်တွင် ခွင့်ပြုချက် မရှိ တိုက်ဆောက်သူ ၅၀၀ ကျော်ကို တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် ခွင့်ပြုချက်မရှိ တိုက်ဆောက်မှုများနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တခုကျင်းပခဲ့ပြီး ခွင့်ပြုချက်မဲ့ တိုက်ဆောက်မှု များကို ဆက်တိုက် အရေးယူသွားမည်ဟု ထုတ်ပြန်ပြောဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာနမှ ဌာနမှူး ဦးမောင်မောင်ဇော်က စည်ပင်၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် များက အရည်အသွေး မပြည့်မီသော အဆောက် အဦးများ ဆောက်လုပ်ခြင်း များ ရှိနေပြီး တချို့ ကန်ထရိုက် များသည် စည်ပင်၏ ခွင့်ပြုချက်တွင် ၃ ထပ် သာ ဆောက်လုပ်ခွင့်ပြုထားသော အဆောက်အဦးကို ၅ ထပ်၊ ၆ ထပ် မြင့်သော အထပ်မြင့် အဆောက်အဦးများ ဆောက်လုပ် ကြကြောင်း၊ ယင်းသို့ ဆောက်လုပ်မှုများကို စည်ပင်ဥပဒေ နှင့်အညီ တရားစွဲ အရေးယူမည် ဖြစ်ကြောင်း ပြောဆိုသည်။
”စည်ပင်သာယာရေး ကော်မတီရဲ့ နည်းဥပဒေမှာ မည်သူမျှ ကော်မတီ ခွင့်ပြုချက် မရှိဘဲ မြို့တော် နယ်နမိတ်အတွင်းမှာ
အဆောက်အဦး ဆောက်လုပ်ခွင့် မရှိပါဘူး။ တချို့က ခွင့်ပြုချက်မတင်ဘဲ ဆောက်တယ်။ တချို့ကဌာနကို ခွင့်ပြုချက် တင်ပေမဲ့ ခွင့်ပြုချက်မကျခင်မှာ ကြိုဆောက်တာမျိုးတွေ ရှိတယ်”ဟု ဦးမောင်မောင်ဇော်က ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားဝင် ခွင့်ပြုချက် မရှိသော အဆောက်အဦးများ ကို ဒဏ်ရိုက်မည် ဖြစ်ပြီး ၃ ထပ်တိုက် တလုံးလျှင် ဒဏ်ကြေး ငွေကျပ် ၈၂ သိန်း၊ ၅ ထပ် အဆောက်အဦး ဖြစ်ပါက ဒဏ်ကြေး ငွေကျပ် ၁၆၅ သိန်း ဒဏ်ရိုက်မည် ဖြစ်ကြောင်း၊ ဒဏ်ရိုက်သည့်အပြင် တရားစွဲ အရေးယူမည် ဖြစ်ပြီး ခွင့်ပြုချက်မရှိသော အဆောက် အဦးကို ဆက်လက် တည်ဆောက် ပါက နောက်ဆုံးတွင် ဖျက်သိမ်းသည်အထိ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ သင်္ဃန်းကျွန်းမြို့နယ်တွင် ခွင့်ပြုချက်မဲ့ တည်ဆောက် နေသော ကန်ထရိုက် တိုက် ၅၁၁ လုံးကို စည်ပင်သာယာရေး နည်းဥပဒေနှင့် အညီ ဆက်လက် ဆောက် လုပ်ခွင့် မပြုဘဲ တရားစွဲဆို ထားကြောင်း၊ လှိုင်မြို့နယ် ၊ တောင်ဥက္ကလာမြို့နယ် နှင့် အင်းစိန်မြို့နယ်အပါအဝင် ရန်ကုန် မြို့နယ် အများစု တွင် ခွင့်ပြုချက်မဲ့ အဆောက်အဦး ဆောက်လုပ်မှု များစွာရှိနေပြီး ယင်းတရားမဝင် တိုက် တည်ဆောက် မှု များကို အရေးယူမည် ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိသော အဆောက်အဦး များသည် အရည်အသွေး မပြည့်မီဘဲ အန္တရာယ်များကြောင်း၊ တိုက်တာ အဆောက်အဦး များတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ က စစ်ဆေးပြီး လူနေထိုင်ခွင့် ပါမစ် (BCC) ချပေးကြောင်း၊ တရားမဝင် တည်ဆောက်သော တိုက်တာ များမှ တိုက်ခန်း များ ဝယ်ယူ မိပါက ဝယ်ယူသူများ နစ်နာနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာဌာန မှ လက်ထောက် ဌာနမှူး ဦးမျိုးဆွေကပြောသည်။
”လိုင်စင်မရှိတဲ့ ကန်ထရိုက်တွေက သုံးလလောက်နဲ့ အပြီးဆောက်သွားတယ်။ စည်ပင်က ခွင့်ပြုချက်မရှိလို့ တရားစွဲတဲ့အခါ ကန်ထရိုက်က မရှိတော့ဘူး။ ဖုန်းဆက်တော့လည်း ဖုန်းနံပါတ်က ပြောင်းသွားပြီ။ ကျနော်တို့ကလည်း ဥပဒေကြောင်း အရ တရားစွဲ တဲ့အခါ နောက်ဆုံးတော့ မြေရှင်၊ တိုက်ခန်းပိုင်ရှင် မိဘပြည်သူ တွေပဲ နစ်နာနေရတယ်”ဟု ဦးမျိုးဆွေက ပြော သည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်တချို့တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ၏ ခွင့်ပြုချက် မရှိဘဲ ကန်ထရိုက် တိုက်များ ဆောက်လုပ်လျက်ရှိပြီး ယင်းအကျိုးဆက်ကြောင့် ကန်ထရိုက်များ ၊ တိုက်ခန်းဝယ်ယူသူများ နှင့် မြေရှင် များကြား ပြဿနာ များ ပေါ်ပေါက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့တွင် တိုက်တာ အဆောက်အဦးများ တည်ဆောက်မည့် ကန်ထရိုက် များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံတွင် ကန်ထရိုက်လိုင်စင် လျှောက်ထားရန် လိုအပ်ပြီး ၃ ထပ် ကျော်သော အထပ်မြင့် အဆာက် အဦး များ အတွက် အာမခံ စပေါ် ငွေကျပ် သိန်း ၅၀၀ စည်ပင်ထံသို့ ပေးအပ်ရကြောင်း၊ ၃ ထပ်တိုက် ကန်ထရိုက်လိုင်စင် အတွက် ငွေကျပ် သိန်း ၂၀၀ စပေါ်ငွေ ပေးအပ်ရကြောင်း၊ စပေါ်ငွေကြေး မြင့်မားသော ကြောင့် တရားမဝင် ကန်ထရိုက်တိုက်ဆောက်လုပ်သူများ များပြားလာခြင်းဖြစ်ကြောင်း သိရှိရသည်။
သင်္ဃန်းကျွန်းမြို့နယ်တွင် စည်ပင် ၏ခွင့်ပြုချက်မရှိဘဲ တည်ဆောက်နေသော အဆောက် အဦး များစွာရှိနေပြီး သက်ဆိုင်ရာက ချက်ချင်း အရေးယူ ဆောင်ရွက်ပေးရန် လိုအပ်နေကြောင်း သင်္ဃန်းကျွန်း မြို့နယ် ဖွံ့ဖြိုးုတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးခင်ငွေက ပြောသည်။
”ခွင့်ပြုချက် မရှိဘဲ တိုက်ဆောက်တဲ့ ကန်ထရိုက်တွေ အများကြီးပဲ။ အစိုးရက Black List လုပ်ပေးလို့မရဘူးလား။ တိုင်တော့ စည်ပင်က အန္တရာယ်ရှိအဆောက်အအုံ(Dangerous Building) ဆိုပြီး လာကပ်သွားတယ်။ သူက အဲဒီ DB စာရွက် ကို ခေါက်လိုက်ပြီးတော့ ဆက်ဆောက်နေတယ်။ အခုတိုင်းခန်းများရောင်းချနေပါပြီဆိုတဲ့ ဆိုင်းဘုတ်တောင် ပေါ်လာပြီ”ဟု ဦးခင်ငွေက ဆိုသည်။
ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တရားဝင် လိုင်စင်ရ ကန်ထရိုက်တဦးဖြစ်သူ ဦးစိုးသန်းက ကန်ထရိုက် တိုက် ဆောက်ရာ တွင် ဌာနဆိုင်ရာ လုပ်ထုံး လုပ်နည်း များမှာ ရှုပ်ထွေးမှုများ ရှိနေသည့်အတွက် ကန်ထရိုက်လုပ်ငန်းများ အခက်အခဲ များစွာ ကြုံတွေ့နေရကြောင်း ပြောဆိုသည်။