နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ (ICRC) နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ ရဲတပ်ဖွဲ့ဆိုင်ရာ နိုင်ငံတကာစံနှုန်းများနှင့် ရဲအဖွဲ့၏ စွမ်းဆောင်ရည် အသုံးချခြင်းနှင့် ပတ်သက်သော ဆွေးနွေးပွဲတခုကို နေပြည်တော်တွင် ၄ ရက်ကြာ ကျင်းပ ခဲ့သည်။
ယခုဆွေးနွေးပွဲတွင် နိုင်ငံတကာ အဆင့်အတန်းရှိ အင်အားသုံး၍ နှိမ်နင်းခြင်း၊ လူစုခွဲခြင်း၊ ဆူပူမှု စီမံခန့်ခွဲခြင်း၊ လူစုလူဝေး ထိန်းချုပ်မှု နည်းလမ်းများ၊ ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် ရှာဖွေခြင်းစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးကြကြောင်း ICRC ထုတ်ပြန်ချက်အရ သိရသည်။
ယခုဆွေးနွေးပွဲသည် ရဲတပ်ဖွဲ့အရာရှိများအတွက် ICRC က မြန်မာနိုင်ငံတွင် ပထမဆုံးကျင်းပပြုလုပ်ပေးခဲ့ သော ဆွေးနွေး ပွဲလည်း ဖြစ်ပါသည်။
စက်တင်ဘာလ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပသော ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ညွှန်ကြားရေးမှူးများ၊ ပြည်နယ်နှင့် တိုင်းဒေသများမှ ရဲတပ်ဖွဲ့မှူးများ နှင့် ရဲတပ်ရင်းမှူးများ အပါအဝင် အကြီးတန်း ရဲအရာရှိ ၂၃ ဦး တက် ရောက်ခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အဖွင့် မိန့်ခွန်းပြောကြားရာတွင် “ ဒါက မိမိရဲ့ ရဲတပ်ဖွဲ့ကို ပိုပြီး အရည်အချင်း ပြည့်စေချင်တဲ့နိုင်ငံတခုအတွက် အလွန်အရေးပါပါတယ်။ ဒီလုပ်ငန်းစဉ် အတွက် အရေးပါတဲ့ အချက်တခုကတော့ ရဲအရာရှိများဟာ လူစုလူဝေးနဲ့ သက်ဆိုင်တဲ့ အခြအနေတွေအပါအဝင် နိုင်ငံတကာ စံချိန် စံညွှန်းများကို သိရှိနားလည်ပြီး အကောင်အထည် ဖော်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ လမ်းကြောင်းမှန်ကို ဦးတည်တဲ့ ခြေလှမ်းတခုဖြစ်ကြောင်း အလွန်ထင်ရှားနေပါတယ်” ဟု ပြောကြောင်း ICRC ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာပြည် ရဲတပ်ဖွဲ့အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း၊ အထူးသဖြင့် ယမန်နှစ်က ရခိုင်ပြည်နယ်မှ စတင်ဖြစ်ပွားပြီး မြန်မာပြည်အလည်ပိုင်း မိတီ္ထလာမြို့၊ ရန်ကုန်တိုင်း ဥက္ကံမြို့တို့အထိ ကူးစက်ပြန့်ပွားလာခဲ့သော ဘာသာရေး အဓိကရုဏ်းများတွင် လူအုပ်ဖြင့် အကြမ်းဖက်တိုက်ခိုက် ရမ်းကားမှုများကို ရဲတပ်ဖွဲ့က မကာကွယ်ပေးနိုင်ခြင်း၊ ပြီးခဲ့သော နိုဝင်ဘာလအတွင်း လက်ပံတောင်း ကြေးနီစီမံကိန်းအား ကန့်ကွက်ဆန္ဒပြနေသည့် သံဃာတော်များကို အလွန်အကျွံအင်အားသုံးနှိမ်နင်းခြင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်၏ ယာဉ်တန်းကို လူအုပ်က ခြိမ်းခြောက်ခြင်းကိုပင် အကာအကွယ် မပေးခြင်းတို့ကြောင့် နိုင်ငံတကာရှိ လူ့အခွင့်အရေးအဖွဲ့များက ပြင်းထန်စွာ ဝေဖန်ပြစ်တင်နေခဲ့ကြသည်။
ICRC သည် ကမ္ဘာတလွှားရှိ ရဲတပ်ဖွဲ့များကို သင်ကြားပေးနေသည့် တရားဥပဒေ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် ပတ်သက် သည့် သင်ရိုးညွှန်းတမ်းများနှင့် ကျွမ်းကျင်သူများကို စုစည်းထားပြီး အတွေ့အကြုံရှိထားကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
“ဒီအစီအစဉ်မှာ လက်တွေ့ဖြစ်စဉ်လေ့လာခြင်းနဲ့ စာတွေ့ကို မျှတအောင် စီစဉ်ထားပါတယ်။ ပါဝင်တက်ရောက်သူတွေကို ခိုင်မာတဲ့ နမူနာတွေကို စစ်ဆေးခွင့်ပေးထားပြီးတော့ အပြန်အလှန်ဆွေးနွေးခြင်းနဲ့ ထိထိရောက်ရောက် သင်ယူနိုင်အောင် လုပ်ထားပေးပါတယ်” ဟု ဆွေးနွေးပွဲ၏ တာဝန်ခံဖြစ်သော ဒိန်းမတ်နိုင်ငံသား ရဲအရာရှိဟောင်းတဦး ဖြစ်သည့် John-Erik Jensen ကပြောသည်။ ၎င်းသည် ICRC၏ ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ရေးရာ ကျွမ်းကျင်သူအဖြစ် တာဝန်ထမ်းဆောင်နေသူ လည်း ဖြစ်သည်။
ICRC သည် လူသားချင်း စာနာထောက်ထားရေး ဆောင်ရွက်နေသည့် အဖွဲ့တခုဖြစ်ပြီး ၎င်း၏ ရုံးကို မြန်မာနိုင်ငံတွင် ၁၉၈၆ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့သည်။
၂၀၁၃ ခုနှစ်ဆန်းပိုင်းလောက်မှစ၍ အကျဉ်းထောင်များသို့ သွားရောက်လေ့လာခြင်းကို ပြန်လည်စတင်ခဲ့ပြီး မြန်မာနိုင်ငံ နေရာ အသီးသီးမှ အကျဉ်းထောင်များသို့ သွားရောက်ပြီး အကျဉ်းသားတို့၏ အခြေအနေကို လေ့လာအကဲဖြတ်ခဲ့ပါသည်။ အကျဉ်းဦးစီးဌာနနှင့် အတူပူးပေါင်းပြီး အဓိက အကျဉ်းထောင် အများအပြားတွင် ရေနှင့် သန့်ရှင်းရေး အခြေအနေများကို အဆင့်မြှင့်တင်ပေးနိုင်ခဲ့ပါသည်။
မြန်မာနိုင်ငံမှ မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်သော ကျန်းမာရေးဝန်ကြီးဌာန နှင့် မြန်မာ နိုင်ငံ ကြက်ခြေနီအသင်း တို့က ဖွင့်လှစ်ထားသည့် ကိုယ်လက်အင်္ဂါ မသန်စွမ်းသူများ ပြည်လည်ထူထောင်လေ့ကျင့်ရေး စခန်း ၄ခု ကိုလည်း ထောက်ပံ့ကူညီပေးနေသည်။
မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့လည်း စွမ်းဆောင်ရည် မြှင့်တင် ပေးခြင်း အကူအညီများအပြင် ရေကောင်းရေသန့် ထိန်းသိမ်းခြင်း နှင့် ရှမ်းပြည်နယ်မှ ကျေးရွာများတွင် ရောဂါ ကာကွယ် ရေးနှင့် ပတ်ဝန်း ကျင်သန့်ရှင်းရေး ဆောင်ရွက်ပေးခြင်းစသည့် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက် နေပါသည်။
တင်းမာမှုများပြားသော ရခိုင်ပြည်နယ်မှ မြို့နယ်များ တွင် ပြည်လည်တည်ထောင်ရေးနှင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုများကို လူမျိုးဘာသာ မခွဲခြားဘဲ လူတိုင်းအတွက် ဆောင်ရွက်ပေးနေသည်။