ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့အနီး လည်ပတ်နေသည့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံမှ ထွက်သည့် ရေဆိုးနှင့် အနံ့ဆိုးများကြောင့် စက်ရုံအနီးရှိ ကျေးရွာများမှ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ ဧက ၁၀၀ ကျော် ပျက်စီးသွားကြောင်း ပြောဆိုမှုများ ထွက်ပေါ်လာသည်။
“စက်ရုံနားက လယ်ဧက ၅၀ လောက်ကတော့ လုံး၀ အရှင်းကို စိုက်လို့မရတော့ဘူး။ စပါးတွေက မီးလောင်သလို အဖျားတွေကရဲပြီး ခြောက်ကုန်ရော။ စက်ရုံ စတည်ပြီး လည်ပတ်ကတည်းက ရေဆိုးတွေ စလွှတ်ကတည်းက အဲ့လိုတွေဖြစ်နေတာ။ သီဟိုဠ်ပင်တွေဆိုရင် ပျက်စီးတာ ဧက ၁၀၀ နီးပါးလောက် ရှိတယ်”ဟု ပုသိမ်မြို့နယ် နတ်ပြည်ချောကျေးရွာမှ ဒေသခံ ဦးမြင့်အေးက ဧရာဝတီကို ပြောသည်။
ပုသိမ်မြို့နယ်နှင့် ကန်ကြီးထောင့်မြို့နယ်အကြား တည်ရှိသည့် ကွမ်းခြံကုန်းကျေးရွာတွင် ၂၀၁၀ ခုနှစ်ကလည်းက လည်ပတ်ခဲ့သည့် ဓာတ်မြေသြဇာစက်ရုံမှ ရေဆိုးများကို ၁ မိုင်ခန့်ဝေးသည့် ဒါးကချောင်းအတွင်းသို့ စွန့်ထုတ်နေသည့်အတွက် ရေဆိုးမြောင်းတလျှောက်ရှိ ကျေးရွာ ၆ ရွာမှ စပါးပင်၊ သီဟိုဠ်ပင်၊ ဝါးပင်၊ ကွမ်းပင်၊ သီးပင်စားပင်များနှင့် ချောင်းအတွင်းမှ ငါးများ သေဆုံးမှုများ ဖြစ်ပေါ်နေသည်ဟု ဒေသခံရွာသားများက ပြောကြသည်။
ထိခိုက်ပျက်စီးမှုနေသည့် ကျေးရွာ ၆ ရွာမှာ ရွာသစ်ကုန်း၊ ညောင်ခြေထောက်၊ ကျွန်းလျားရှည်၊ တကောင့်ဝ၊ အိုးဘို၊ ကွမ်းခြံကုန်းကျေးရွာများဖြစ်သည်။
“ကျနော်တို့ရွာတွေဆို ငါးဘတ်တောင် ဝယ်မစားရဲတော့ဘူး။ ရေဆိုးတွေထိတော့ ငါးတွေ သေတာလေ။ သေတဲ့ငါးတွေကို ရွာကို တက်ရောင်းကြတယ်။ ငါးဘတ်တွေ များလှချည်လား ဆိုပြီး စုံစမ်းကြည့်တော့ အဲဒါချောင်းထဲက သေပြီးပေါ်တဲ့ဟာတွေဆိုတော့ ကျနော်တို့ကလည်း ဝယ်မစားရဲတော့ဘူး။ စက်ရုံမဆောက်ခင်တုန်းက ဘာငါးမှသေတာမရှိဘူး။ သေတဲ့ငါးတွေက ၈၀ သား ၉၀ သား၊ ၁ ပိဿာလောက်ရှိတဲ့ အကောင်တွေ”ဟု ဒေသခံ ဦးလှမြင့်ကပြောသည်။
တရက်လျှင် တန် ၅၀၀ ထုတ်လုပ်နိုင်သည့် ပုသိမ် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံမှာ တရုတ်ပညာရှင်များ အကူအညီဖြင့် ဆောက်လုပ်ခဲ့သည့် သဘာဝဓာတ်ငွေ့သုံးစက်ရုံဖြစ်ပြီး နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် တည်ရှိသည်။
ယခင်က သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် စက်ရုံမှရေဆိုးများ တိုက်ရိုက်မစွန့်ထုတ်ပဲ ကန်အဆင့်ဆင့်ဖြင့် စနစ်တကျစွန့်ထုတ်ရန် ညွှန်ကြားထားကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစောမြသိန်းက ဧရာဝတီကို ပြောသည်။
“ရေဆိုးထုတ်တဲ့နည်းပညာတွေနဲ့ ကန်အဆင့်ဆင့်ခံပြီး တိုက်ရိုက်မစွန့်ထုတ်ပဲ ကန် ၂ ဆင့် ၃ ဆင့် ခံပြီးတော့ စနစ်တကျစွန့်ထုတ်ဖို့ ကျနော်တို့ညွှန်ကြားထားပါတယ်။ ဒီကိစ္စကိုလည်း သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေးအဖွဲ့တွေကို ကျနော်ပြောပြလိုက်ပါ့မယ်”ဟု သူက ပြောသည်။
ရေဆိုးထုတ်လွှတ်မှုမှာ ရေများသည့် မိုးတွင်းရာသီတွင် မသိသာသော်လည်း ဆောင်းရာသီ ရေနည်းချိန်တွင် ပိုမိုသိသာကြောင်း၊ အနံ့ဆိုးများကြောင့်လည်း သီးပင်စားပင် သေဆုံးမှုများလည်း ရှိနေကြောင်း ဦးလှမြင့်က ပြောသည်။
“ဆောင်းရာသီဆို စက်ရုံနဲ့ ၃ မိုင်ခွဲလောက်ရှိတဲ့ နတ်ပြည်ချောရွာအထိတောင် အနံ့က မခံနိုင်ဘူး။ ဘူးပင်ဆိုလို့ရှိရင် အသီးက စက်ရုံဘက်ကအခြမ်းက မီးလောင်သလိုမျိုး ဖြစ်နေတယ်။ ကျန်တဲ့ အခြမ်းက စိမ်းနေတယ်။ ဝါးပင်၊ သီဟိုဠ်ပင်ဆိုတာက နှစ်ရှည်ပင်၊ အင်မတန် အသက်ပြင်းတဲ့အပင်တွေ။ အဲဒီအပင်တွေတောင်မှ အကုန်လုံး ခြောက်သွေ့ပြီး သေကုန်တာ။ အရွက်တွေဆို မီးလောင်သလိုဖြစ်ကုန်တယ် “ဟု သူက ပြောသည်။
လက်ရှိတွင် မြန်အောင်မှပို့လွှတ်သည့် သဘာဝဓာတ်ငွေ့ကို သာပေါင်းမြို့နယ်ရှိ ပျော့ဖတ်စက်ရုံအား ဦးစားပေး ပို့နေရသည့်အတွက် ဓာတ်ငွေ့မလုံလောက်သဖြင့် အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံကို စက်တင်ဘာနှင့်အောက်တိုဘာ ၂ လတာ ရပ်ဆိုင်းထားကြောင်း သိရသည်။
စက်ရုံမလည်သော်လည်း ရေဆိုးများက စက်ရုံမှ ချောင်းအထိတူးဖော်ထားသည့်မြောင်းအတိုင်း စီးဝင်နေဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
စီမံကိန်းများပြုလုပ်ရာတွင် EIA ခေါ် သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု စစ်တမ်း၊ SIA ခေါ် လူမှုဘဝအပေါ် အကျိုးသက်ရောက်မှုစစ်တမ်းများ လုပ်ဆောင်ခဲ့မှု အားနည်းခြင်း၏ အကျိုးဆက်အဖြစ် ယခုလို ဘေးထွက်ဆိုးကျိုးများ ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူအစိုးရအနေဖြင့် သဘာဝပတ်ဝန်းကျင်နှင့် ပြည်သူများအပေါ် ထိခိုက်မှုမရှိစေရေးအတွက် အမြန်ဆုံးလုပ်ဆောင်ပေးရန်လိုအပ်ကြောင်း ဧရာဝတီတိုင်း သာပေါင်းမြို့အခြေစိုက် လှပသောမြေ (Beautiful Land) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့က ပြောသည်။
“ဓာတ်မြေသြဇာ စက်ရုံဆိုတာက အဓိကက အမိုးနီးယားဓာတ်ငွေ့တွေ ထွက်တာပေါ့။ စက်ရုံက ထွက်တဲ့ အငွေ့မှာရော ရေဆိုးမှာရော ပါနိုင်တယ်။ အခု စက်ရုံအနီးနားက သဘာဝပတ်ဝန်းကျင်တွေ ထိခိုက်လာပြီဆိုတော့ ဒါကိုပြန်လည်ကုစားဖို့ဆိုရင် စက်ရုံကထွက်တဲ့ မီးခိုးငွေ့မှာရော ရေဆိုးမှာပါ ဘေးဖြစ်စေမယ့်အရာတွေကို အတတ်နိုင်ဆုံး လျော့နည်းအောင် လုပ်ပေးရမယ်။ ပျက်စီးဆုံးရှုံးခဲ့တဲ့ ဒေသခံတွေရဲ့စီးပွားရေး၊ ကျန်းမာရေးတွေ ပြန်လည်ထူထောင်နိုင်ဖို့ လုပ်ပေးရပါမယ်”ဟု လှပသောမြေအဖွဲ့မှ ဦးမြင့်အောင်က ပြောသည်။
အမှတ် ၅ ဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသည့် ဓာတ်မြေသြဇာများအား နေပြည်တော်နှင့် ဧရာဝတီတိုင်းဒေသကြီးရှိ လယ်သမားများအား အဓိကထား ရောင်းချပေးနေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးရှိ နိုင်ငံပိုင်စက်ရုံတချို့ကြောင့် သဘာဝပတ်ဝန်ကျင် ညစ်ညမ်း ပျက်စီးမှုများဖြစ်ပေါ်နေရာ သာပေါင်းမြို့အနီးတည်ဆောက်ထားသည့် ပျော့ဖတ်စက္ကူ စက်ရုံကြောင့်လည်း သစ်တောဝါးတောများ ပြုန်းတီးခြင်း၊ စက်ရုံမှစွန့်ပစ်ရေများကြောင့် မြစ်ချောင်းများအတွင်း ငါးများအဆိပ်သင့်ခြင်း၊ အနီးဝန်းကျင်ဒေသရှိ ရေတွင်းများ အက်ဆစ်ဓာတ်သင့်ခြင်းစသည့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။