မြန်မာ ကျပ်ငွေ ငွေစက္ကူတွေမှာ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံတွေနဲ့ ပြန်လည်ပုံနှိပ် ထုတ်ဝေရေး အဆို တရပ်ကို မနေ့က ကျင်းပတဲ့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်မှာ ဆွေးနွေးခဲ့ပေမယ့် ကန့်ကွက်မဲ အပြတ်အသတ်နဲ့ အဆို ရှုံးနိမ့်သွားကြောင်း သိရပါတယ်။
ဒီအဆိုကို အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP) လွှတ်တော်ကိုယ်စားလှယ် ဦးကျော် က တင်သွင်းခဲ့ရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး ပါတီ) အမတ် ဒေါက်တာ စောလှထွန်း က ကန့်ကွက်ခဲ့တဲ့အတွက် မဲခွဲဆုံးဖြတ် ရာမှာ ကန့်ကွက်မဲ ၁၂၁ မဲ ထောက်ခံမဲ ၂ မဲနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
“ဆွေးနွေးခွင့်အတွက်ကို မဲခွဲတဲ့ အခါမှာ လွှတ်တော် ဥက္ကဋ္ဌ ရဲ့သဘောထားပေးချက်အရ ဆွေးနွေးဖို့သဘောတူရင် မတ်တတ် ရပ်ပါဆိုတော့ ကျနော်နဲ့ ကျနော်တို့ပါတီက ဒေါ်စန်းနဲ့ ၂ ယောက်ပဲရှိတယ်၊ ကျန်တဲ့ ကိုယ်စားလှယ်တွေက လုံးဝ မထတဲ့ အတွက်ကြောင့်မို့လို့ ကန့်ကွက်တဲ့ အနေအထားဖြစ်သွားတဲ့အတွက် ကျနော့်အဆိုက ရှုံးသွားရခြင်းဖြစ်ပါတယ်” လို့ အဆို တင်သွင်းခဲ့တဲ့ NNDP ပါတီ အမတ် ဦးကျော် က ဧရာဝတီကိုပြောပါတယ်။
ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော်မှာ မြို့နယ် ၄၅ မြို့နယ်က ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ် ၉၀၊ တပ်မတော်သား အမတ် ၃၁ ဦး၊ ကရင်နဲ့ ရခိုင် တိုင်းရင်းသားရေးရာဝန်ကြီး ၂ ဦးတို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း မြို့နယ် ၄၅ မြို့နယ်က ရွေးချယ်ခံ ကိုယ်စားလှယ် ၉၀ အနက် ၇၅ ဦးမှာ ကြံ့ခိုင်ရေးပါတီကဖြစ်ပြီး တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး (တစည) ပါတီ က ၈ ဦး၊ အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ် (NNDP)၊ ဒီမိုကရက်တစ်ပါတီ – မြန်မာပြည် (DPM) တို့က တစ်ပါတီကို ၂ ဦးစီနဲ့ ၈၈ မျိုးဆက် ကျောင်းသား လူငယ်များအဖွဲ့ (ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီက တစ်ဦးတို့ဖြစ်ကြပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း ခေတ်အဆက်ဆက်တွင် ငွေစက္ကူတွေကို ဗိုလ်ချုပ်အောင်ဆန်း ပုံတွေကို ကျပ် တစ်ရာတန်အထိ ရိုက်နှိပ်ဖော်ပြခဲ့သလို အလုပ်သမားခေါင်းဆောင်ကြီး သခင်ဖိုးလကြီးနဲ့ လယ်သမားခေါင်းဆောင်ကြီး ဆရာစံတို့ရဲ့ ပုံတွေနဲ့လည်းဖော်ပြခဲ့တဲ့ အကြောင်း အဆိုတင်တဲ့အထဲမှာပါဝင်ပါတယ်။
“ခေတ်အဆက်ဆက်က ဗိုလ်ချုပ်ပုံနဲ့ ထုတ်ဝေခဲ့ပေမယ့် မကြာခင်နှစ်များအတွင်းကတော့ ခြင်္သေပုံနဲ့ ထုတ်ဝေလာပါတယ်၊ အဲဒီခြင်္သေပုံကတော့ အဖွဲ့အစည်းတခုခုရဲ့ အမှတ်အသား သင်္ကေတ တခုနဲ့ သွားတူနေတာ မဖြစ်သင့်ပါဘူးလို့ ဒါကြောင့်မလို့ နိုင်ငံတော်အဆင့်အနေနဲ့ ဒါကို တနိုင်ငံလုံး၊ တကမ္ဘာလုံးက အလေးထားပြီးတော့ လေးစားကြည်ညိုတဲ့ အမျိုးသား ခေါင်းဆောင်ကြီး ပုံကိုအစားထိုး ထုတ်ဝေသင့်ပါတယ်ဆိုပြီး ကျနော်က အဆိုတင်သွင်းတာ”လို့ ဦးကျော်က ရှင်းပြပါတယ်။
ဒီအဆိုဟာ ကြံ့ခိုင်ရေးပါတီကို ပုတ်ခတ်စော်ကားတယ်ဆိုပြီး ကြံ့ခိုင်ရေးပါတီ မင်္ဂလာတောင်ညွှန့်မြို့နယ် လွှတ်တော်အမတ် ဒေါက်တာစောလှထွန်းက ကန့်ကွက်ရာမှာ ထည့်သွင်းပြောဆိုသွားတယ်လို့လည်း သိရပါတယ်။
၁၉၄၈ ခုနှစ် နောက်ပိုင်းထုတ်ဝေသော ငွေစက္ကူအများစုကို ဗိုလ်ချုပ်အောင်ဆန်းပုံများ အလေးပေး ရိုက်နှိပ်ဖော်ပြခဲ့ပေမယ့် ၁၉၉၀ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ထုတ်ဝေခဲ့တဲ့ ငွေစက္ကူများမှာတော့ ခြင်္သေပုံကို အများဆုံးပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။
ဒါပေမယ့် ၁၉၆၅ ခုနှစ်ကနေ ၁၉၇၃ ခုနှစ်အထိ ထုတ်ဝေတဲ့ ဗိုလ်ချုပ် အောင်ဆန်းပုံ ပါရှိတဲ့ မြန်မာ ကျပ်ငွေ တွေကို ebay အမည်ရှိ အွန် လိုင်းမှာတော့ အမေရိကန် ဒေါ်လာနဲ့ တန်ဖိုး သတ်မှတ်ပြီး ရောင်းချဖို့ ကြော်ငြာထားတာကို တွေ့ရပါတယ်။