သတင်း

ဒေါ်လာ ၁၁ ဘီလျံ သတင်း၏ နောက်ကွယ်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်းဆည်းထားသောကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည်ဟူသော သတင်းရေးသားချက်များကြောင့် ပြီးခဲ့သောရက်က အင်တာနက်စာဖတ်သူများကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့သည်။

ကမ္ဘာ့ဘဏ်အပါအဝင် ငွေကြေးဌာနများ စောင့်ကြည့်ရေးနှင့် သုတေသန အဖွဲ့တဖွဲ့ဖြစ်သော Bank Information Center မှ မစ္စတာ ဂျဲလ်ဆန်ဂါစီယာက ရန်ကုန်မြို့တွင် စက်တင်လာလ ၁၀ ရက်နေ့က ကျင်းပသော အလုပ်ရုံ ဆွေးနွေးပွဲ တခုတွင် ထိုသို့ပြောဆိုကြောင်း သတင်းများပေါ်ထွက်လာပြီးပြီးချင်း သမ္မတဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒု-ဝန်ကြီး ဦးရဲထွဋ်က ဒေးလီးအလဲဗင်း Daily Eleven သတင်းစာတွင် ဖော်ပြပါရှိခဲ့သော ထိုသတင်းပါ မစ္စတာ ဂျဲလ်ဆန်ဂါစီယာသည် ကမ္ဘာ့ဘဏ်ဝန်ထမ်း မဟုတ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

“အစိုးရအနေနဲ့ နိုင်ငံပိုင်ငွေကို အဲဒီလို ပြည်ပမှာ အပ်နှံထားတာ လုံးဝမရှိပါဘူး။ ၁၁ ဘီလီယံ အပ်ထားတယ်ဆိုတဲ့ အကောင့်ငါးခုနဲ့ ပတ်သက်လို့ ခိုင်မာတဲ့ အချက်အလက်ရှိရင် ပေးပါ။ အစိုးရအနေနဲ့ ဆက်လက်ဆောင်ရွက်ဖို့ အသင့်ပါပဲ” ဟု ဦးရဲထွဋ်က ကိုယ်ပိုင်ဖေ့ဘွတ်အကောင့်တွင် ရေးသားတုန့်ပြန်ခဲ့သည်။

မရှေးမနှောင်း ကမ္ဘာ့ဘဏ် မြန်မာပြည်ရုံးခွဲကလည်း အလားတူ ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန် ဒေါ်လာ ၁၁ ဘီလျံ သိမ်းဆည်းထားသောကြောင့် ကမ္ဘာ့ဘဏ်အနေဖြင့် မြန်မာနိုင်ငံအပေါ် တင်ရှိနေသော ကြွေးကျန်များ လျှော်မပစ်ခြင်းဖြစ်သည်ကိုမူ ထင်မြင်ချက် မပေးပေ။

သို့သော် “ကုန်သွယ်ရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းများ ချောမွေ့လွယ်ကူစေရန်နှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းများကို တည်ငြိမ်အောင် စီမံဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံရပ်ခြားဘဏ်စာရင်းများ ထားရှိခြင်းသည် နိုင်ငံတော်အစိုးရများ၏ ပုံမှန်လုပ်ငန်းတရပ်ဟု ကမ္ဘာ့ဘဏ်က ယူဆသည်”ဟု ရေးသားထုတ်ပြန်သောကြောင့် အစိုးရ ငွေကြေးဆိုင်ရာ မူဝါဒအပေါ် ပွင့်လင်းမြင်သာမှု မရှိဟု ဝေဖန်ပြောဆိုမှုများ မြင့်တက်စေရန် အကြောင်းဖန်လာခဲ့သည်။

ဧရာဝတီက အမေရိကန် ပြည်ထောင်စု ဝါရှင်တန် ဒီစီအခြေစိုက် သုတေသန အဖွဲ့အစည်းလုပ်နေသည့် အစိုးရမဟုတ်သည့် NGO တခု ဖြစ်သော Bank Information Centre (BIC) မှ အာရှ ဒေသဆိုင်ရာ ပရိုဂရမ် မန်နေဂျာ မစ္စတာ ဂျဲလ်ဆန် ဂါဆီယာထံ ဆက်သွယ်မေးမြန်းရာ ပြည်တွင်း စာနယ်ဇင်းတချို့က ၎င်းအား ကမ္ဘာ့ဘဏ် ဝန်ထမ်းအဖြစ် ဖော်ပြမှုကို မှားယွင်းကြောင်း၊ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ပြီး ဘီလျံပေါင်းများစွာ သိမ်းဆည်းထားသည် ဆိုခြင်းမှာ ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ဘဏ်(World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရံပုံငွေအဖွဲ့ (IMF) မှ အရာရှိများနှင့် တွေ့ဆုံခဲ့မှုများကို အခြေပြုပြောဆိုခြင်းဟု ပြောသည်။

“ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးရေးဘဏ်က ဝန်ထမ်းတွေနဲ့ ကျနော်တို့ ဆွေးနွေး ပြောဆိုချက်တွေအရ နိုင်ငံခြား ဘဏ်တွေမှာ ဘဏ်အကောင့် ၃ ခု ကနေ ၅ ခုလောက်ရှိနိုင်တယ်လို့ မှတ်ယူခဲ့တယ်။ ဒေါ်လာ ၁၁ ဘီ လျံလို့ အတိအကျ ကျနော် မပြောခဲ့ပါဘူး။ အဲဒီတုန်းက ခန့်မှန်း ပြောဆိုကြတာတော့ ရှိကြပါတယ်” ဟု သူက ဆိုသည်။ သူ၏အဆို အာရှဖွံ့ဖြိုးရေးဘဏ် အရာရှိများက စင်္ကာပူရှိ ဘဏ်များတွင် အမေရိကန် ဒေါ်လာ ၇ ဘီလျံရှိနေပြီး နိုင်ငံခြားအရံငွေအဖြစ် သိမ်းဆည်းထားပုံရကြောင်း ဆိုသည်။ သို့သော် အဆိုပါ အကောင့် ပိုင်ရှင်များ မည်သူမှန်း မသိသကဲ့သို့ မည်သည့်ဘဏ်တွင် သိမ်းဆည်းထားကြောင်း အဆိုပါ ဘဏ်ဝန်ထမ်းများက မပြောခဲ့၍ မသိဟု ဆိုသည်။

မစ္စတာ ဂါဆီယာ၏အဆို ထိုငွေများရှိနေခြင်းကြောင့် ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ်တို့မှ ကြွေးမြီသစ် ချေးယူရန် ဒေါ်လာ ၁ ဘီလျံနီးပါး ကြွေးဟောင်းကို ပြန်ဆပ်နိုင်သော အခြေအနေ မြန်မာနိုင်ငံတွင် ရှိသည်ဟု ယင်းဘဏ်အရာရှိများက မြန်မာကို ချေးငွေသစ်ထုတ်ပေးရေး ညှိနှိုင်းရာတွင် ပြောဆိုကြောင်း၊ သို့ရာတွင် ဂျပန်နိုင်ငံက ကြားဝင်ဖြေရှင်းပေးခြင်းဖြင့် ကြွေးဟောင်းကိစ္စ ပြေလည်သွားကြောင်း၊ အချိန်ကာလတခုအတွင်း ယင်းကြွေးမြီများ ဂျပန်ကို ပြန်ဆပ်ရမည် ဖြစ်ကြောင်း ဧရာဝတီကို ပြောသည်။

“မြန်မာက ကမ္ဘာ့ဘဏ်ကို ကြွေးမြီ အမေရိကန် ဒေါ်လာ ၁ ဘီလျံ ပေးဆပ်ရမယ်၊ ဒါကို ဂျပန် အစိုးရက ကြားက ဝင်ဆပ်ပေးလိုက်တယ်။ ဒါဟာ ကမ္ဘာ့ဘဏ်က မြန်မာကို အခွင့်အရေး တခု ပေးလိုက်တာပါ”ဟု ဂျဲလ်ဆန်ဂါစီယာက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံမှ အမည်မသိ နိုင်ငံခြားဘဏ် အကောင့်များ ဖွင့်ထားပြီး အမေရိကန်ဒေါ်လာ ဘီလျံချီရှိကြောင်း ၂၀၀၉ ခုနှစ်ကလည်း အမေရိကန် ပြည်ထောင်စု အခြေစိုက် လူ့အခွင့်အရေးနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေး အဖွဲ့ ERI (Earth Right International ) က အမေရိကန် ဒေါ်လာ ၄ ဒဿမ ၈ ဘီလျံမှာ စင်္ကာပူနိုင်ငံရှိ Overseas Chinese Banking Corporation (OCBC) နှင့် DBS Group တို့တွင် အပ်နှံထားပြီး ယင်းငွေများမှာ သဘာဝဓာတ်ငွေ့ ရောင်းရငွေများ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့ဖူးသည်။ သို့ရာတွင် အဆိုပါဘဏ်များက မမှန်ကြောင်း ထိုစဉ်က ငြင်းဆိုခဲ့ကြသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ဧရာဝတီက ဆက်သွယ်၍ အဖွဲ့၏ သဘောထား ပြောင်းမပြောင်း စုံစမ်း မေးမြန်းရာ ERI ၏ ဆော်ဩရေး ဒါရိုက်တာ မစ္စတာ ပေါလ်ဒိုနိုဝဇ်က “ကျနော်ပြောနိုင်တာက ရတနာနဲ့ ရဲတံခွန် စီမံကိန်းတွေက သဘာဝဓာတ်ငွေ့တွေ ရောင်းချပြီး ရလာတဲ့ ဝင်ငွေတွေကို စင်္ကာပူမှာရှိတဲ့ OCBC နဲ့ DBS Group ဘဏ် ၂ ဘဏ်အပါအဝင် မြန်မာပြည် ပြင်ပက ဘဏ်တွေမှာ နိုင်ငံခြားအရံငွေအဖြစ် အပ်နှံထားတယ်လို့ ဆိုတဲ့သတင်းတွေကို နှစ်အတန်ကြာတုန်းက ERI အနေနဲ့ လက်ခံရရှိခဲ့ပါတယ်” ဟု ပြောဆိုသည်။

“IMF ကလည်း မြန်မာအစိုးရဟာ သဘာ၀ ဓာတ်ငွေ့ဆရောင်းလို့ ရတဲ့ ဝင်ငွေရဲ့ ၉၉ ရာခိုင် နှုန်းကျော်ကို နိုင်ငံခြား အရံငွေကြေးတွေအတွက် သိမ်းထားခဲ့တယ်။ နိုင်ငံတော် ဘတ်ဂျက်ထဲ ဒါတွေ မထည့်သွင်းခဲ့ဘူးဆိုတဲ့အချက်ကို အတည်ပြုထားပါတယ်”ဟု ERI ၏ မစ္စတာ ပေါလ်ဒိုနိုဝဇ်က ဧရာဝတီကို ပြောသည်။

၎င်းတို့၏ ရရှိသော လျှို့ဝှက် သတင်းများအရ အမေရိကန် ဒေါ်လာ သန်း ရာပေါင်းများများသည် ယခင် စစ်အစိုးရနှင့် အလွန်နီးကပ်ပြီး စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းတွင် မပါရှိသော တသီးပုဂ္ဂလ တချို့၏ ဘဏ် အကောင့် များထဲသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ သို့သော် မကြာသေးခင်က ရရှိသည့် သတင်းအချက်အလက်များအရ အဆိုပါငွေကြေးများသည် လွန်ခဲ့သည့် ၂ နှစ်ခန့် လောက်က စင်ကာပူမှ တဆင့် ဒူဘိုင်း၊ မကာအိုနှင့် တရုတ်နိုင်ငံများသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း၊ အသေးစိပ်ကို သိရန် အလွန်ခက်ခဲကြောင်း မစ္စတာ ပေါလ်ဒိုနာဝဇ်က ပြောသည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အမည်မဖော်လိုသူ အနောက်တိုင်းသား ဘဏ်လုပ်ငန်းရှင် တဦးကလည်း မြန်မာအစိုးရ နှင့် စစ်တပ်ခေါင်းဆောင်တချို့သည် ထိုင်းနိုင်ငံသို့ သဘာ၀ ဓာတ်ငွေ့ရောင်းချ၍ ရငွေများကို ကာလပေါက်ဈေး တစ်ဒေါ်လာ တစ်ထောင်ကျော် အတိုင်း တိုင်းပြည်ဘဏ္ဍာငွေစာရင်းသို့ စာရင်းမသွင်းဘဲ ယင်းအချိန်က တရားဝင်ပေါက်ဈေး ၆ ကျပ်ဖြင့်သာ စာရင်းသွင်းခဲ့သောကြောင့် ကွာဟချက်များမှ ဒေါ်လာ ဘီလျံပေါင်းများစွာကို စင်ကာပူနှင့် ဒူဘိုင်းဘဏ်များသို့ လွှဲပြောင်းသွင်းခဲ့ကြောင်း ဆိုသည်။

ထို့ပြင် စင်္ကာပူနှင့် ဒူဘိုင်းရှိ ငွေများထဲမှ အချို့မှာ မြန်မာပြည်တွင်းသို့ ပြန်လည်စီးဝင်လာပြီး အိမ်ခြံမြေများကို လိုက်လံဝယ်ယူနေခဲ့ကြသောကြောင့် မြန်မာပြည်ရှိ အိမ်ခြံမြေဈေးများမှာ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်သွားသည်အထိ ဖောင်းပွသွားခဲ့ကြောင်းလည်း ၎င်းက ပြောဆိုသည်။

“ဒါ့ကြောင့် ရန်ကုန်က အိမ်ခြံမြေဈေးတွေ အဆမတန် မြောက်ကုန်တာပေါ့။ ဒီလိုဖြစ်တာ နိုင်ငံခြားသားတွေက မည်းမည်းမြင်ရာ ဝယ်မယ်ဆိုတာကြောင့်မဟုတ်ဘူး။ နိုင်ငံခြားသားတွေ မြန်မာပြည်မှာ မြေဝယ်လို့ မရဘူးလေ။ သူတို့က ဈေးတွေ ကြည့်ပြီး လန်ထွက်ကုန်ပြီ။ သူတို့ ဝယ်ဖို့ စိတ်မဝင်စားဘူး။ ရုံးခန်းဖွင့်ဖို့လောက် ငှားရမ်းရုံပဲ” ဟုလည်း မှတ်ချက်ပေးသည်။

ထိုသို့ မြန်မာပြည်၏ တရားမဝင်ငွေကြေးများ စီးဆင်းမှုကို စောင့်ကြည့်နေသူများက မြန်မာပြည်ပြင်ပရှိ နိုင်ငံခြားဘဏ် အကောင့်များကို ယခင် စစ်အစိုးရခေါင်းဆောင်များနှင့် နီးစပ်သူများ၊ လက်ရှိတပ်မတော်ခေါင်းဆောင်များနှင့် ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် မပါဝင်သူများက ဖွင့်လှစ်ထားကြသည်ဟု ခန့်မှန်းတွက်ဆနေကြသည်။

၎င်းတို့က ဇူလိုင်လ အစောပိုင်းတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးနှင့် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးဌာန အကြီးအကဲ ဒု- ဗိုလ်ချုပ်ကြီး သိန်းဌေးကို အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းသွင်းခဲ့ရခြင်းသည် မြောက်ကိုရီးယားနှင့် လက်နက်ရောင်းဝယ်ရာတွင် ပတ်သက်သော ဘဏ်စာရင်းကို စင်္ကာပူတွင် ဖွင့်လှစ်ထားမှုနှင့် ပတ်သက်နေနိုင်ကြောင်း ထောက်ပြပြောဆိုသည်။

မြန်မာ့အရေးကျွမ်းကျင်သူ ဝါရင့်သတင်းစာဆရာ ဘာတေးလင့်တနာက Asia Times အွန်လိုင်းသတင်းဝဘ်ဆိုက်တွင် မကြာမီကပင် ရေးသားခဲ့သော သတင်းပေးပို့ချက်တွင် ထိုသို့ နာမည်ပျက်စာရင်းသွင်းခံရခြင်း အတွက် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး အလွန်ဒေါသ ဖြစ်ခဲ့ပြီး သူ့အနေဖြင့် အမိန့်ကို နာခံ၍ အထက်လူကြီးများ၏ ညွှန်ကြားချက်အတိုင်းသာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်ဟု ရေးသားထားသည်။

ဘာတေးလင့်တနာက “စဉ်းစားဆင်ခြင်တတ်သော မည်သည့်လေ့လာသူမဆို ၎င်း၏ ဖြေရှင်းချက်ကို လက်ခံကြလိမ့်မည်ဖြစ်သည်။ အလွန် အရေးပါသော ဒုံးပျံ ကဲ့သို့ ကိစ္စမျိုးကို မြောက်ကိုရီးယားနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် သူတဦးတည်း သဘောဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့် ရဖို့ မဖြစ်နိုင်ပါ။ အမေရိကန် အစိုးရတာဝန်ရှိသူများ ဘက်ကလည်း ထိုအချက်ကို သိနေ မည်ဖြစ်ကြောင်း သံသယရှိရန် မလိုပေ”ဟု ရေးသားဖော်ပြခဲ့သည်။

Loading