မြန်မာနိုင်ငံ ဒီမိုကရေစီသို့ အသွင်ကူးပြောင်း နေချိန် နိုင်ငံရေး ဖြစ်စဉ်များတွင် အရေးပါသော လွှတ်တော် ခိုင်မာ အားကောင်းရေး၊ သမ္မတ ဦးသိန်းစိန်အစိုးရ လပေါင်း ၃၀ အတွင်း ပြုပြင်ပြောင်းလဲမှုများနှင့် ရှေ့ဆက် ကြုံတွေ့ရမည့် စိန်ခေါ်မှုများ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ တိုင်းရင်းသားများနှင့် ဖက်ဒရယ်ပြည်ထောင်စု ကိစ္စ၊ သမ္မတနှင့် လွှတ်တော်ကြား အာဏာလွန်ဆွဲမှု၊ ၂၀၁၅ ရွေးကောက်ပွဲ အလားအလာ၊ မြန်မာ့နိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ အပါအဝင် အစိုးရ အဖြေမရှာနိုင်သေးသော ဘာသာရေး၊ လူမျိုးရေး၊ ပဋိပက္ခများ အကြောင်းတို့ကို မြန်မာ့ နိုင်ငံရေး လေ့လာ စောင့်ကြည့်သူလည်းဖြစ်၊ အမျိုးသားလွှတ်တော် နိုင်ငံရေး စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင် အဖွဲ့ဝင်လည်း ဖြစ်သူ စာရေးဆရာ ကျော်ဝင်းကို ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားပါသည်။
မေး။ ။ ဆရာကျော်ဝင်း အနေနဲ့ လွှတ်တော်မှာ ပါဝင် ပတ်သက်လာဖြစ်ပုံနဲ့ လွှတ်တော်ကို ဘယ်လိုမျိုး ကူညီ ဆောင်ရွက်နေလဲ ဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ဖြစ်စဉ်ကတော့ သူတို့က ကျနော်ကို ဖုန်းဆက်ခေါ်တယ်၊ တတ်နိုင်သမျှ ပတ်ရှောင်တယ်။ ကျနော်က စာပဲ ရေးချင်တာ။ ဘယ်ထဲမှာမှ မပါချင်ဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ဦးခင်အောင်မြင့်ကိုယ်တိုင်က တိုက်ရိုက်ဖုန်းဆက် ခေါ်တော့ လူကြီးဆိုတော့ အားနာတယ်။ နောက်ပြီးတော့ ဒီအလုပ်က နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါဖို့ မဟုတ်ဘူး။ လွှတ်တော်ရဲ့ Capacity Building ကို တတ်နိုင်သလောက် ကူညီပေးပါဖို့ပါ။ နောက်တခုက ပြန်ကြည့်လိုက်တော့ ဒီကော်မရှင်ထဲမှာက အသက် ၈၀ ကျော် အဘိုးကြီးတွေတောင် ပါတယ်၊ သူတို့တောင် အိုကြီးအိုမနဲ့ လုပ်နေတော့ ကိုယ်က ငြင်းလို့ မကောင်းဘူး လေ။ အဲဒါနဲ့ လက်ခံလိုက်တာ။
နောက်တခုက နိုင်ငံတကာ ကွန်စတီကျူးရှင်းတွေကို လေ့လာပြီးတော့ အစိုးရနဲ့ လွှတ်တော်နဲ့ ဘယ်လို Check and Balance လုပ်ရလဲဆိုတာ Paper တခုလုပ်နေတယ်။ အဲဒါကတော့ ဘယ်အစိုးရပဲ တက်တက် လွှတ်တော်မှာ နောင် အသုံးတည့်ကောင်း တည့်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။ ရေရှည် လုပ်သွားရမှာကတော့ လွှတ်တော်မှာ သုတေသန ဌာနတခု ပေါ်အောင် ကူညီ ပေးရမှာ။ အဲဒါကတော့ နည်းနည်း ရေရှည်လုပ်ရမယ် ထင်တယ်။ အခု လွှတ်တော်အမတ်တွေ ညံ့တယ်၊ အသုံး မကျဘူးသာ ပြောနေကြတာ၊ ဒီအမတ်တွေကို အထောက်အကူ ပြုနိုင်တဲ့ Organ တခုမှ မရှိဘူး။ နိုင်ငံတကာမှာ ဆိုရင် လွှတ်တော် အမတ်တယောက်က ဥပဒေကြမ်း တခု တင်ချင်တယ်ဆိုရင် သုတေသန အဖွဲ့လိုဟာမျိုးကို အကူအညီတောင်းရင် သူကအကုန်လုံး Set လိုက်လုပ်ပေးနိုင်တယ်။ သူမှာက Facilities အပြည့်ပဲ။ ဒီမှာက ဘာမှ မရှိဘူး။ အဲဒီ အနေအထားတွေ ဖြစ်နေလို့ ကျနော်က နိုင်သလောက် ကူမယ်ဆိုပြီး ဝင်လုပ်တာ။ ကျနော်က အမတ်မဟုတ်တဲ့ အတွက် မဲပေးစရာလည်း မလိုဘူး။ လေ့လာသူအနေနဲ့ တက်ပြီးတော့ တတ်နိုင်သလောက် ဝင်ကူတာ။ တိတိကျကျ ပြောရရင် အမျိုးသားလွှတ်တော် နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေရေးရာ ကော်မရှင်အဖွဲ့ဝင်ပါ။
မေး။ ။ သမ္မတနဲ့ လွှတ်တော်အကြားမှာ အမြင်မတူတာတွေ ရှိတယ်၊ ပွတ်တိုက်မှုတွေ ရှိလာတယ်၊ အာဏာရပါတီ ကြံ့ခိုင်ရေးပါတီနဲ့ စစ်တပ် ကိုယ်စားလှယ်တွေ အကြားမှာတောင် အမြင်မတူဘဲ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေတော့ တိုင်းပြည်က နောက်ကြောင်းပြန်လှည့် ပြီးတော့ စစ်တပ်က အာဏာပြန်သိမ်းတာမျိုးအထိ ဖြစ်လာနိုင်မလား။
ဖြေ။ ။ ယျေဘုယျ ပြောရင်တော့ Power Elite ပေါ့။ Elite ဆိုတဲ့စကားက စပြောရမယ်။ Elite ကို ဗမာ လက်ဝဲသမား တွေက လူ့မလိုင်တို့၊ ရေပေါ်ဆီတို့ ဆိုပြီး သုံးတယ်။ မကြိုက်တဲ့ အဓိပ္ပာယ်နဲ့ ဘာသာပြန်ကြတယ်။ အဲဒါက အရာခပ်သိမ်း မမှန်ပါဘူး။ Elite ဆိုတာက အစုအဝေး တခုမှာ လုပ်ပိုင်ခွင့် အာဏာအရ သူများထက် ခေါင်းတလုံး မြင့်တဲ့သူ။ Political Elite လို့ ပြောရင် နိုင်ငံရေးသြဇာမှာ သူများထက် ခေါင်းတလုံး မြင့်တဲ့သူကို ပြောတာ။ မြန်မာပြည်မှာ Political Elite လို့ပြောရင် ဒေါ်အောင်ဆန်းစုကြည်ပေါ့။ Power Elite က အခု အစုအနေနဲ့ ၃ စု ကွဲနေတယ်လို့ ပြောနိုင်တယ်။ တစုကတော့ သမ္မတ ဦးသိန်းစိန် အမှူးပြုတဲ့ အုပ်ချုပ်ရေး အာဏာပေါ့၊ တစုကတော့ ဦးရွှေမန်းတို့ ဦးခင်အောင်မြင့်တို့ ဦးဆောင်တဲ့ လွှတ်တော် အစုပေါ့၊ နောက်တစုကတော့ တပ်ပေါ့။ အခု ပြန်ကြည့်တော့ တပ်က ဘယ်နိုင်ငံရေး ပါတီနဲ့မှ မပတ်သက်ဘဲ လွတ်လွတ် လပ်လပ် နေတဲ့ သဘောရှိတယ်။ ဒါကြောင့် လွှတ်တော်မှာ မဲပေးတဲ့ ပုံစံတွေကြည့်ရင် USDP က တင်လည်း တပ်က သူ့မူနဲ့သူပဲ။ အစိုးရက တင်တဲ့ဟာတွေလည်း သူ့မူနဲ့သူပဲ။ တပ်က တစုံတရာ လွတ်လပ်လာတယ်လို့ ယူဆရမယ်။
ဒါက တိုင်းပြည်အတွက် ကောင်းတဲ့ လက္ခဏာလို့ ထင်တယ်။
လွှတ်တော်နဲ့ အစိုးရကြားမှာ ပွတ်တိုက်မှုဆိုတာက သမ္မတကြီးသုံးတဲ့စကားပေါ့။ ပွတ်တိုက်မှုက သာမန်ပါပဲ၊ မဆန်းပါဘူး။ ဒါက ဘယ်နိုင်ငံပဲ ဖြစ်ဖြစ် ရှိတာပဲ။ သို့သော် ပွတ်တိုက်မှုထက် ကျော်လာရင်တော့ ပြဿနာ ရှိတယ်။ အခုဟာက သာမန် ပွတ်တိုက်မှု ဖြစ်ပါစေလို့ပဲ ကျနော်တို့က ဆုတောင်းနေရတာ။ ကျော်ပြီးတော့ ဂိုဏ်းဂဏတိုက်ပွဲ ဖြစ်သွားရင်တော့ မကောင်းဘူး။ တိုင်းပြည်အတွက်လည်း မကောင်းဘူး၊ သူတို့အတွက်လည်း မကောင်းဘူး။ ဒါက ဘယ်လို အခြေခံနဲ့ ဖြစ်နေလဲဆိုတာလည်း ကျနော်မသိဘူး။ အဲဒီဟာတွေဟာ အလွန်အကျွံတွေဖြစ်ပြီး ထိန်းနိုင်သိမ်းနိုင် မရှိရင် ပြုပြင် ပြောင်းလဲရေး ထိခိုက်နိုင်တယ်လို့ ထင်တယ်။
ဘာဖြစ်လို့လဲဆိုတော့ ဒီပြုပြင်ပြောင်းလဲရေးက အင်အားစု တစုတည်းက ဦးဆောင်တာ မဟုတ်ဘူး။ အားလုံးပေါင်းလုပ်ရတာ။ ညီညွတ်ရေး အားကောင်းလေ၊ အပြောင်းအလဲက ချောမွေ့လေလေပဲ။ ဒီကိစ္စကြောင့် အာဏာသိမ်းသည် အထိတော့ မဖြစ်နိုင်ပါဘူး။ သို့သော် တခုတော့ ရှိတယ်၊ အာဏာသိမ်းနိုင်တဲ့ အလားအလာက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဆက်စပ် နေတယ်၊ ဖက်ဒရယ် ကိစ္စနဲ့ ဆက်စပ်နေတယ်။ အဲဒီနှစ်ခုနဲ့ ပတ်သက်ပြီး အတိုက်အခံဘက်က အလွန်အကျွံ တောင်းလာခဲ့ရင် ပြဿနာ ရှိကောင်း ရှိနိုင်တယ်။ အလွန်အကျွံကို ဘာနဲ့တိုင်းမလဲ။ တပ်ရဲ့ ရပ်တည်မှုကို ကျနော် အကဲခတ်ရသလောက်တော့ တပ်က ဒို့တာဝန်အရေးသုံးပါးနဲ့ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဆိုတဲ့ အပေါ်မှာ ထိုင်ထားတယ်။ ထိုင်ထားတယ်လို့ ယူဆရတယ်။ ဆိုတော့၊ ဒို့တာဝန်အရေးသုံးပါးကို ထိခိုက်လာတဲ့ ဘောင်အထိ အတိုက်အခံဘက်က တောင်းခဲ့ရင်၊ ဒါမှမဟုတ် အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး အသစ်ရေးရမယ် ဆိုတာမျိုး တောင်းခဲ့ရင်တော့ တပ်က တခုခု တုန့်ပြန်လိမ့်မယ်။ အဲဒီ တုန့်ပြန်မှုက အာဏာပြန်သိမ်းသည် အထိ အခြေအနေ ဆိုးသွားမလား မသွားဘူးလားတော့ မပြောတတ်ဘူး။ ဒါဆိုရင်တော့ တပ်နဲ့ ထိပ်တိုက်တွေ့နိုင်တယ်။ မြန်မာ့နိုင်ငံရေးမှာ တပ်ရဲ့ သဘောတူညီမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရဘူး။
မေး။ ။ ဆရာပြောတဲ့အခါမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုတာ ပါလာတော့ အဲဒါကို ဘယ်လို နည်းလမ်းနဲ့ ပြင်ဆင်ကြမလဲ၊ အသစ်ဆွဲမှာလား၊ ဒါမှမဟုတ် ဖြည့်စွက် ပြင်ဆင်ရုံပဲ လုပ်မှာလား၊ ဘယ်လို လုပ်ကြမလဲ။
ဖြေ။ ။ အခုက အမြင်နှစ်မျိုး ကွဲနေတယ်။ အပြင်က ချင်းမိုင်ဆွေးနွေးပွဲက ထွက်လာတဲ့ အသံနောက်မှာ ပြည်တွင်း ပြည်ပ မီဒီယာတွေက ဝိုင်းပြီး တင်ပေးနေကြတာ ရှိတယ်။ ပြည်တွင်း Opinion Leader တွေကလည်း ဒါကို ဝိုင်းတင်ကြတာရှိတယ်။ အဲဒီ လမ်းကြောင်းက ဘာလဲဆိုတော့ ၂၀၀၈ အခြေခံဥပဒေဟာ ဒီမိုကရေစီ လုံးဝမဆန်လို့ ဒါကိုဖျက်ပြီး လုံး၀ အသစ်ပြန်ဆွဲဖို့ ပြောတဲ့လမ်းကြောင်း၊ လူကြိုက်များနိုင်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်တို့တိုင်းပြည်မှာ Radical အစွဲကြီးတာကိုး။ အဲဒီတော့ လက်ခုပ်သံ တဖြောင်းဖြောင်း ရနိုင်တယ်။ အဖြေရမှာတော့ မဟုတ်ဘူး။ အသစ်ပြန်ဆွဲရင် တပ်နဲ့ ထိပ်တိုက် တွေ့နိုင်တော့ အန္တရာယ်ရှိတယ်။ နောက်တခုကတော့ ၂၀၀၈ အခြေခံဥပဒေကို ပေးထားချက်လို့ ယူဆပြီးတော့ အဲဒီ ဘောင်ထဲက လိုအပ်ချက်တွေကိုညှိနှိုင်း ဆွေးနွေးလိုက်ရင် အဖြေရလာနိုင်တယ်။ ဒီလမ်းကြောင်းကတော့ လူကြိုက် နည်းနိုင်တယ်။ ဒါပေမယ့် အဖြေရနိုင်ပြီး Side Effect နည်းတယ်။ လူကြိုက်များတဲ့ ပထမ လမ်းကြောင်းက အားကောင်း သွားရင်တော့ တိုင်းပြည်အနာဂတ်က ကောင်းမယ် မထင်ဘူးဗျ။
မေး။ ။ အခု တိုင်းပြည် ပြုပြင်ပြောင်းလဲရေးက ၂၀၁၅ ကို စောင့်ကြည့်ရတော့မယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD သာ Landslide နိုင်ခဲ့ရင် အခု ဒီမိုကရေစီ အသွင်ကူးပြောင်းမှုက ချောမွေ့ပါတော့မလား၊ စစ်တပ်က နိုင်ငံရေးမှာ ပြန်ပါလာ နိုင်လား၊ လက်ရှိအာဏာရ ကြံ့ခိုင်ရေးပါတီကရော ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ်၊ တရားမျှတစွာနဲ့ လုပ်ပေးပါ့မလား။
ဖြေ။ ။ ၂၀၁၅ မရောက်သေးခင် ဘာဖြစ်မလဲဆိုတာတောင် မရေရာလှဘူး။ သူမတိုင်ခင်မှာ အရေးကြီးတဲ့ ပြဿနာတချို့ကို အရင် အဖြေ ရှာနိုင်ဖို့လိုတယ်။ အဲဒါက အခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ဖက်ဒရယ် ကိစ္စပဲ။ တပ်နဲ့ထိပ်တိုက် တွေ့နိုင်မယ့်၊ တနည်း ပြောရရင် တပ်ကပြောထားတဲ့ ဘောင်ထက် ကျော်ပြီးတော့ တောင်းလို့ရှိရင် ပြဿနာ ရှိနိုင်တယ်။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကိုပဲ တမျိုးတမည် ဖြစ်သွားနိုင်တယ်။
NLD Landslide နိုင်မနိုင် ဆိုတဲ့ ကိစ္စကလည်း အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ဆက်စပ်နေတယ်။ တကယ်လို့ PR
စနစ် ကျင့်သုံးလိုက်ခဲ့ရင် NLD အပါအဝင် ဘယ်သူမှ Landslide နိုင်စရာ အကြောင်း မရှိတော့ဘူး။ အဲဒီလိုလုပ်လိုက်ရင် အားလုံး စိုးရိမ်နေကြတဲ့ တပ်အာဏာ ပြန်သိမ်းနိုင်တယ်ဆိုတဲ့ အန္တရာယ် လျော့ပါးသွား နိုင်တယ်။ ဒါဟာ PR ရဲ့ အားကောင်းချက်ပဲ။ ဒါပေမယ့် PR ရဲ့ ဖြစ်နိုင်တဲ့ အားနည်းချက်တခုက PR ရဲ့အောက်မှာ ရှုပ်ထွေးမှုတွေ အများကြီး ရှိနိုင်တယ်။ အထူးသဖြင့် လူထုက ဒီမိုကရေစီ အတွေ့အကြုံ၊ ရွေးကောက်ပွဲ အတွေ့အကြုံ နည်းတဲ့အောက်မှာ ပိုပြီးတော့ အမှားအယွင်း တွေ ဖြစ်နိုင်တယ်၊ ညစ်ကွက်တွေ ပိုပေါ်နိုင်တယ်။ နောက်တချက်က အစွန်းရောက် အဖွဲ့အစည်းတွေ လွှတ်တော်ထဲကို ရောက်ကောင်း ရောက်လာနိုင်တယ်။ နောက်ဆုံး တချက်ကတော့ အရေးကြီးတယ်။ အဲဒါက PR စနစ်အောက်မှာ ဘယ်သူမှ Majority Vote မရှိတဲ့အတွက် သွားရမှာက ညှိနှိုင်းဆွေးနွေးပြီး သွားရမယ့်ပုံ။ ဗမာ ပြည်မှာက ညှိနှိုင်းဆွေးနွေးတဲ့ Culture သိပ်အားနည်းတယ်။ အဲဒီတော့ အလုပ်ဖြစ်ဖို့ ခက်တယ်။ PR မှာ ကောင်းတာရှိတယ်၊ ဆိုးတာရှိတယ်။
ရွေးကောက်ပွဲက Free and Fair ဖြစ်ရင် NLD Landslide နိုင်မှာ သေချာလောက်ပါတယ်။ NLD Landslide နိုင်ရင်တောင်မှပဲ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ဖို့ မသေချာဘူး။ အခြေခံဥပဒေနဲ့က ငြိနေတယ်။ ကျနော် သိသလောက်တော့ ၄၇ အခြေခံဥပဒေရဲ့ ရွေးကောက်ပွဲဥပဒေမှာရော နောက်ဆုံး ၉၀ အထိရော ပြန်ဌာန်းချက်က မှတ်မိသလောက်ပြောရရင် ရွေးကောက်ပွဲ ဝင်မယ့်သူ တယောက်ရဲ့ အရည်အချင်းကို စိစစ်တဲ့အခါမှာ သူကိုယ်တိုင်နဲ့ သူ့အိမ်ထောင်ဘက်က
နိုင်ငံခြား အထောက်အပံ့ အမှီအခို ကင်းရမယ်ဆိုတာပဲ ပါတယ်။ အခု ၂၀၁၀ ကျမှ သားသမီး ပါလာတယ်။ အဲဒီတော့ အရင်
ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့အတိုင်း သွားရင် သားသမီးဆိုတာ ဖြုတ်လိုက်ရင် ဒေါ်စုဝင်နိုင်တယ်။ သို့သော် အဲဒါကို ပြင်ပေး မလား၊ မပေးဘူးလား မသေချာဘူး။ ပြင်ပေးမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်မှာ။ မပြင်ဘူးဆိုရင် သူ ဒု သမ္မတတောင် မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဒု သမ္မတ ဖြစ်ပြီးမှ သမ္မတ ဖြစ်လို့ရတာ။ အင်တာဗျူး တခုမှာ ပြင်မပေးလို့ သူ ဒု သမ္မတပဲ ဖြစ်ရင် မကျေနပ်ဘူးလို့ ပြောတာ မှားနေတယ်။
မေး။ ။ ကျနော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကစပြီး စစ်တပ်က နိုင်ငံရေးကနေ တဖဝါးမှ မခွာခဲ့ဘူး။ အခုချိန်အထိပဲ ဆိုတော့ သူမပါရင်ကို အပြောင်းအလဲ လုပ်လို့မရဘူးဆိုတဲ့ ယူဆချက်မျိုးတွေကလည်း ရှိနေတော့ တချို့ သုံးသပ်တာက စစ်တပ်က အာဏာသိမ်းစရာ မလိုပါဘူးတဲ့။ အခုတိုင်းပြည်ကို အုပ်ချုပ်နေတာက ဗိုလ်ချုပ်ဟောင်းတွေ။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ မှာလည်း ဝန်ကြီးချုပ်တွေက စစ်တပ် အငြိမ်းစားတွေ။ နောက် ဌာနဆိုင်ရာတွေမှာ အရာရှိတွေကလည်း တပ်က မိုးကျ ရွှေကိုယ်တွေ။ အစိုးရဝန်ကြီးတွေကို ကြည့်လည်း တပ်က အများစုဆိုတော့ အာဏာထပ်သိမ်းဖို့ လိုသေးလားဆိုတဲ့
မေးခွန်း ဖြစ်လာတော့ ဘယ်လိုမြင်လဲဆရာ။
ဖြေ။ ။ ဗမာပြည်မှာ တပ်က နိုင်ငံရေး မက်ထရစ်ထဲကို ရောက်နေတာ ကြာလှပြီ။ တိတိကျကျ ရောက်လာတာတော့ ၆၂ ခုနှစ် ပေါ့။ အဲဒီမတိုင်ခင် ၅၈ ခုနှစ် မှာလည်း တပ်က တခါရောက်တယ်။ အဲဒီမတိုင်ခင်လည်း တပ်ကသြဇာ ကြီးတယ်။ ဘာလို့လဲ ဆိုတော့ ပြည်တွင်းစစ် ဖြစ်နေလို့။ ပြည်တွင်းစစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ စစ်တပ်အင်အား ကြီးတာ သဘာ၀ ကျတယ်။ တပြိုင်နက်တည်းပဲ စစ်ဖြစ်နေရင် စစ်ဘောင်ကျယ်မယ်၊ စစ်ဘောင်ကျယ်ရင် ဒီမိုကရေစီ ဘောင်ကျဉ်းမယ်။ ဒါကတော့ Reality ဆိုတော့ ကျနော်တို့ မတတ်နိုင်ဘူး။ ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ စစ်တပ်နဲ့တော့ Deal လုပ်နိုင်ရမယ်။
ခုနက မေးခွန်းကို ပြန်ဆက်ရရင် အမှန်ပဲ။ အခု အပြောင်းအလဲကိုတောင် စလိုက်တာက အရင်အစိုးရ၊ တည့်တည့်ပြောရရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ။ သူခွင့်ပြုလို့ ၂၀၁၀ ရွေးကောက်ပွဲဆိုတာ ဖြစ်လာတာ။ သူခွင့်မပြုရင် ဘာမှ မတတ်နိုင်ဘူး။ အဲဒီအောက်မှာ အရင်အစိုးရက လူဟောင်းတွေ အာဏာဆက်ယူတာလည်း အမှန်ပဲ။ သို့သော် ဒါကို ရန်လုပ်နေလို့ မရဘူး။ သူ့ဟာသူ သဘာဝကျကျ ဖြစ်လာတဲ့ အချင်းအရာ။ အဲဒီတော့ ပြဿနာက အဲဒီလူတွေ အနေနဲ့က တဘက်က လူတွေ တောင်းတာ တွေကို မလိုက်လျောဘဲ တောင့်ခံမယ် ဆိုရင် စစ်တပ်က အာဏာပြန်သိမ်းစရာ မလိုဘူး။ အဲဒီလူတွေ ကိုယ်တိုင်က တဘက်က အလွန်အကျွံ တောင်းဆိုလာရင်၊ အလွန်အကျွံလို့ ပြောရတာလည်း ကောင်းတော့ မကောင်းဘူး ပေါ့ဗျာ။ စံအရ ပြောရရင်တော့ လွန်တယ်ကျွံတယ် မရှိပါဘူး။ သို့သော် လက်တွေ့မှာ အန္တရာယ်ရှိလို့ ကျနော်က အလွန်အကျွံလို့ ပြောတာ။ လက်ရှိ ခေါင်းဆောင်တွေက အလွန်အကျွံ တောင်းဆိုတာတွေ လက်ခံလိုက်ရင် တပ်က ဝင်ပါနိုင်တယ်။
အခုတပ်က အခြေခံဥပဒေ ဖျက်ပစ်၊ အသစ်ပြန်ဆွဲ ဆိုတာမျိုးကို လက်ခံလက်မခံ မသေချာဘူး။ လက်ရှိ ခေါင်းဆောင်တွေက
လက်မခံဖို့ များတယ်။ ဒါပေမယ့် ကံသေကံမ ပြောမရဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်သတိပြုမိတာ တခုရှိတယ်။ လွှတ်တော် ခေါင်းဆောင်တွေရော၊ အစိုးရအဖွဲ့က ခေါင်းဆောင်တွေရော တော်တော်များများဟာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ဦးဆောင်မှု ရချင်တယ်။ တနည်းပြောရရင် ဒီမိုကရေစီ ချန်ပီယံ ဖြစ်ချင်နေကြတယ်။
အဲဒီစိတ်က လွန်ကဲသွားလို့ရှိရင် လိုက်လျောမှုတွေ များသွားနိုင်တယ်။ လိုက်လျောမှုတွေ များသွားရင်တော့ တပ်ကလည်း အခြေခံဥပဒေ စောင့်ရှောက်ရေးနဲ့ ဒို့တာဝန်အရေး ၃ ပါး ထိပါးလာတဲ့ဘက် ရောက်သွားနိုင်တယ်။ အဲဒီလို ရောက်သွားရင် တော့ စစ်တပ် ပါလာနိုင်တယ်။ မရောက်သရွေ့ကတော့ မပါနိုင်ဘူး။ ဒါကြောင့်မိုလို့ အာဏာသိမ်းမလား၊ မသိမ်းဘူးလား ဆိုတာ ကံသေကံမ ပြောလို့မရဘူး။ ဘက်ပေါင်းစုံ ကြည့်ဖို့လိုမယ်။ အထူးသဖြင့် ရယ်ဒီကယ် ထောင်ခြောက်ထဲကို လိမ့်မကျဖို့ အရေးကြီးတယ်။
မေး။ ။ အခု အသံပိုကျယ်လာတဲ့ ဖက်ဒရယ်ကိစ္စမှာ ၃ မျိုးလောက် ကွဲနေတာကို တွေ့ရတယ်။ လွှတ်တော်မှာ ပြောတဲ့ ဖက်ဒရယ်က ဗဟိုချုပ်ကိုင်မှု လျော့ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို လုပ်ပိုင်ခွင့် ပိုပေးရင် ရပြီပေါ့၊ ဦးခွန်ထွန်းဦး ပြောတဲ့ ဖက်ဒရယ်က လူမျိုးစုကို အခြေခံတဲ့ ဖက်ဒရယ်မျိုး၊ ဗမာတိုင်းရင်းသား အတွက် ဗမာ ပြည်ထောင်စု ဆိုတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောတာက အမေရိကန်ပုံစံ ဖက်ဒရယ် ဖြစ်နေတော့ ဘယ်လိုစနစ်မျိုးက နိုင်ငံအတွက် လိုက်လျောညီထွေမှု ရှိမလဲ။
ဖြေ။ ။ သီအိုရီ သဘောအရ ဖက်ဒရယ်ဆိုတာက တမျိုးပဲရှိတယ်။ ဗဟိုနဲ့ ဒေသအစိုးရကြားမှာ အာဏာခွဲဝေ ကျင့်သုံး ခြင်းပဲ။ Power Sharing ပေါ့။ တိတိကျကျပြောရရင် Power Sharing တင်မကဘူး၊ Taxes Sharing ပါတယ်။ Resource Sharing ပါတယ်။ ဒါဟာ ဖက်ဒရယ်ပဲ။ အဲဒီအပေါ်မှာ မူကွဲဖြစ်သွားတာက၊ တချို့က ပထဝီအရ ခွဲတာရှိတယ်။ အမေရိကားက ပထဝီအရ ခွဲတာ။ တချို့က လူမျိုး အခြေခံပြီး ခွဲတာ ရှိတယ်၊ အိန္ဒိယလို ဟာမျိုး၊ ဗမာလိုဟာမျိုး။ ကျနော်တို့က ၄၇ အခြေခံ ဥပဒေ စတည်ကတည်းက လူမျိုးကို အခြေခံခွဲလာတော့ အခုမှ ပထဝီအရ ပြောင်းခွဲလို့ မရနိုင်တော့ဘူး။ အဲဒီတော့ အမေရိကန်နဲ့ ပုံတူ ကူးချလို့ မရဘူး။
နောက်တချက်က ဦးခွန်ထွန်းဦးတို့ တင်နေတာ အရင် ရှမ်းမူပါ၊ ရှမ်းမူကို ပြန်ပြောရင် ဆန့်ကျင်ဘက် အင်အားစု နှစ်ခုပေါင်းပြီး ရှမ်းမူဆိုတာပေါ်လာတာ။ တခုက ရပလ၊ ရပလဆိုတာ တောင်ကြီး ဦးထွန်းမြင့်တို့ ပါတယ်။ ရပလက လက်ဝဲနွှယ်တယ်။ ရှမ်းမူ မပေါ်ခင် ဦးထွန်းမြင့်ရဲ့ စာတမ်းမှာ ခွဲထွက်လိုက ခွဲထွက်ခွင့်ဆိုတဲ့ အချက်တချက် ပါတယ်။ ဒါက စတာလင်ရဲ့ Self Determination က လာတာ၊ လက်ဝဲအယူအဆက လာတာ။ ဒါပေမယ့် စော်ဘွားတွေ၊ စပ်ခွန်ချိုတို့တင်တဲ့ဟာ ကျတော့ အဲဒါ မပါဘူး။ စပ်ခွန်ချိုတို့က အဲဒီကာလက Western Train ပဲ။ ဗမာပြည်မှာ အင်္ဂလန်သွား စာသင်နိုင်တာ သူတို့ပဲ ရှိတယ်။ ဗိုလ်ချုပ်အောင်ဆန်း တို့တောင် ရန်ကုန်တက္ကသိုလ်ပဲ တက်နိုင်တာ။ သူတို့က လက်ဝဲသမား မဟုတ်တဲ့အတွက် ခွဲထွက်ရေး မပါဘူး။ ဒါပေမယ့် သူတို့တင်တဲ့ ရှမ်းမူက ဘယ်ကလာလဲ ဆိုတော့ အမေရိကန် ဖွဲ့စည်းပုံရဲ့ ကနဦး ကာလပေါ့။ အခုလက်ရှိ အမေရိကန် ဖွဲ့စည်းပုံ မဟုတ်ဘူးနော်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက နှစ်ပေါင်း ၂၀၀ ကျော်ပြီ။
စတည်ခါစက အမေရိကန်ဟာ ဖက်ဒရယ် စစ်စစ်လို့ ပြောရခက်တယ်။ ဖက်ဒရယ်နဲ့ ကွန်ဖက်ဒရေးရှင်းနဲ့ ပေါင်းထားတာ။ အဲဒီတုန်းက တောင်ပိုင်း ပြည်နယ်တွေက ကွန်ဖက်ဒရေးရှင်းလို့ ခေါ်တဲ့ လျော့ရဲတဲ့ ဖွဲ့စည်းပုံနဲ့ သွားချင်တယ်။ အမေရိကန် မြောက်ပိုင်း ကတာ့ ဖက်ဒရယ် စစ်စစ်နဲ့ သွားချင်တယ်။ အမေရိကန် ကွန်စတီကျူးရှင်း ဆိုတာ ဖက်ဒရယ်လစ် ပေပါနဲ့ အင်တီ ဖက်ဒရယ်လစ် ပေပါ နှစ်ခုပေါင်းပြီးမှ ဖြစ်လာတာ။ အမေရိကန်ရဲ့ ကနဦး ကွန်စတီကျူးရှင်းမှာ ပြည်နယ်တွေရဲ့ လုပ်ပိုင်ခွင့်ကို တော်တော်များများ ပေးထားတာ ရှိတယ်။ အားနည်းချက် တခုလို့လည်း ပြောနိုင်တယ်။ အဲဒီ အားနည်းချက်ကြောင့် နောက်ဆုံး ပြည်တွင်းစစ်ကြီး အထိ ဖြစ်ခဲ့ရတယ်။ ပြည်တွင်းစစ် နောက်ပိုင်းကနေ ဆင့်ကဲဆင့်ကဲနဲ့ ဒီနေ့ အမေရိကန်ဟာ ဗဟို အစိုးရ လုပ်ပိုင်ခွင့်ကို ပိုပေးထားတဲ့ Centralize Federalism ဘက် ရောက်လာတယ်။ ရှမ်းမူမှာ ပါတဲ့ဟာက ဒီနေ့ အမေရိကန် ကွန်စတီကျူးရှင်း မဟုတ်ဘူး။ ကနဦးက အမေရိကန် ကွန်စတီကျူးရှင်း။
မြန်မာပြည်မှာ လက်တွေ့ ကျင့်သုံးဖို့ကျတော့ စဉ်းစားစရာတွေ အများကြီးရှိတယ်။ ဦးထွန်းမြင့်တို့နဲ့ ရှမ်းမူ ပေါင်းလိုက်တော့ ခွဲထွက်ရေး ပြုတ်သွားတယ်။ သို့သော် အမေရိကန်ရဲ့ ကနဦး ကွန်စတီးကျူးရှင်းမှာ ပါတဲ့ ပြည်နယ်တွေကို အလွန်အကျွံ လုပ်ပိုင်ခွင့် ပေးတဲ့ဟာက အမွေခံ ပါလာတယ်။ ဒါကြောင့်လည်း အဲဒီတုန်းက နိုင်ငံရေးပါတီတွေ ဖြစ်တဲ့ ပမညတ ရော၊ ပထစ ရော၊ ဖဆပလ ရောက ဘယ်လို ဝေဖန်လဲဆိုတော့ ဒီအတိုင်းသွားရင် ဖက်ဒရေးရှင်းကို ကျော်ပြီးတော့ ကွန်ဖီဒရေးရှင်း ဖြစ်သွား နိုင်တယ်တဲ့၊ တချိန်မှာ ကွန်ဖီဒရေးရှင်းကို ကျော်လိုက်ရင် ဘော်ကန်နိုက်ဇေးရှင်း ဖြစ်သွားနိုင်တယ်ပေါ့။ ဘော်ကန်နိုက်ဇေးရှင်း ဆိုတာ အစိတ်စိတ် အမွှာမွှာ ပြိုကွဲမှုဆိုတဲ့ အဓိပ္ပာယ်ရတယ်။
ဒီနေ့ ဖက်ဒရယ်နဲ့ ပတ်သက်ပြီး တောင်းဆိုချက်က သီးခြားပြည်နယ်၊ သီးခြားအစိုးရ၊ သီးခြားတပ် ဆိုတာမျိုး ကြားနေရတယ်။ အဲဒီအတိုင်း ဖြစ်ရင် ပြဿနာ ရှိနိုင်တယ်။ ခုနက တပ်နဲ့ သွားညိနိုင်တယ်။ အန္တရာယ်ရှိတယ်။ အဲဒီတော့ ဦးခွန်ထွန်းဦးတို့ တောင်းတာကို နားလည်တယ်၊ ဒါပေမယ့် ရှမ်းမူ အခြေခံထားတော့ ကျနော် တဦးချင်းအတွက် ကျတော့ ရှမ်းမူ အခြေခံက Decentralize ဘက်ကို ကဲတယ်လို့ မြင်တယ်။ စိတ်ရှည်ရှည်နဲ့ အများကြီး ညှိကြဖို့ လိုလိမ့်မယ်။ ဘေးထွက်ဆိုးကျိုးတွေ မတိုးအောင်လည်း သတိကြီးကြီးထားဖို့ လိုမယ်ထင်တယ်။
တချို့ပြောနေကြသလို ပထဝီအရ ခွဲရမယ် ဆိုရင်တော့ လက်တွေ့မကျဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြောနေတဲ့ အမေရိကန်ပုံစံ ဖက်ဒရေးရှင်းကတော့ ဘာပြောမှန်း မသေချာဘူး။ ကနဦး အမေရိကန် ကွန်စတီကျူးရှင်းကို ပြောတာလား၊ ဒီနေ့ ဟာကို ပြောတာလား။ ဒီနေ့ဟာဆိုရင်တော့ ကျနော်တို့နိုင်ငံနဲ့ အထိုက်အလျောက် ကိုက်ညီနိုင်တယ်။
မေး။ ။ အခုအစိုးရက ရှေ့လပေါင်း ၃၀ မှာသူတို့ ဘာတွေလုပ်နိုင်ခဲ့လဲ၊ နောက် လပေါင်း ၃၀ မှာ ဘာတွေလုပ်ဖို့ လိုလဲ။ ပြုပြင်ပြောင်းလဲရေး ဖြစ်စဉ်တွေက မြန်လား၊ နှေးနေလား။
ဖြေ။ ။ သူတို့ တတ်နိုင်သလောက်တော့ လုပ်ခဲ့တာပဲ။ လပေါင်း ၃၀ ကို ပြန်ကြည့်ရင် သူတို့ လုပ်နိုင်တယ်။ လုပ်တော့ ၃ ခု တပြိုင်တည်း လုပ်တယ်။ နံပါတ်တစ်က နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး၊ အများကြီး ရှေ့ရောက်နေတယ်။ အတော်ကြီးကို လုပ်လိုက် နိုင်တယ်။ ကျနော်တို့ မျှော်လင့်တာထက် အများကြီး ပိုတယ်။ ကျနော်တဦးတည်းအရ ပြောရင် မြန်လွန်းတယ်လို့ ထင်တယ်။ မြန်တာကောင်းလား ဆိုတော့ မြန်တာကောင်းတယ်၊ လူကြိုက်တယ်။ ဒါပေမယ့် မကောင်းတာက အဲဒီမြန်တဲ့ Speed ကို ထိန်းနိုင်မယ့် Organ မရှိရင် ဒုက္ခရောက်နိုင်တယ်။ Institutionalization လိုတယ်။ အဲဒါကမလွယ်ဘူး။ အထူးသဖြင့် ပညာရေချိန် နိမ့်တဲ့ တိုင်းပြည်မှာ ပိုကြာနိုင်တယ်။ Institutionalization ဘာမှမရှိတဲ့ အချိန်မှာ Libralization အရှိန်မြင့်လိုက်တော့ ဘေးထွက်ဆိုးကျိုးတွေ အများကြီး ပေါ်လာတယ်။ ဒီကနေ့ စိန်ခေါ်မှု တွေက ဒီကနေလာမှာ။
နံပါတ်နှစ်က စီးပွားရေး ပြုပြင်ပြောင်းလဲမှုက နိုင်ငံရေးနဲ့ ယှဉ်ရင် အတော်နှေးတယ်။ ဘာကြောင့် နှေးလဲဆိုတော့ အကုန်လုံး လွှမ်းခြုံနိုင်တဲ့ Master Plan လုံးဝမတွေ့ဘူး။ အမှန်က အဲဒီ Master Plan ကြီး အောက်မှာမှ မြေယာ ပေါ်လစီ၊ Industrial ပေါ်လစီ စသဖြင့် ပေါ်လစီခွဲတွေနဲ့ သွားရင် တခုနဲ့ တခုဟန်ချက် ညီတာပေါ့။ အခုတော့ ဆန်စင်ရာ ကျည်ပွေ့လိုက်သလို ဟိုရောက် ဒီရောက် ဖြစ်ကုန်လိမ့်မယ်။ အဲဒီအတွက် အပြစ်ပြောဖို့ မလိုဘူး။ မြန်မာပြည်မှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့က အကန့်အသတ်တွေ၊ အဟန့်အတားတွေ သိပ်များတယ်။ ဦးသိန်းစိန်အစိုးရမှ မဟုတ်ဘူး။ ဘယ်အစိုးရ တက်တက် စီးပွားရေး ကတော့ အပြောင်းအလဲ သိပ်မမြန်နိုင်ဘူး။
တတိယ လုပ်ငန်းစဉ်ကတော့ ပြည်တွင်းငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်တာ။ အများကြီး အရှိန်ရနေပြီ။ အစိုးရ အဆက်ဆက် လုပ်ခဲ့တဲ့ အထဲမှာတော့ အထိရောက်ဆုံးလို့ ပြောနိုင်တယ်။ သို့ပေမယ့် ရှေ့ဆက်တိုးဖို့ နည်းနည်း ခက်နေတယ်။ ရှေ့ဆက်ဖို့ ဘာခက်နေလဲ ဆိုတော့ ဖွဲ့စည်းပုံ ပြင်ရေးမှာ ပြည်တွင်းစစ် ရပ်စဲရေးနဲ့ သွားငြိနေတဲ့ အချက်တွေ ပါတယ်။ အဲဒါဘာလဲ ဆိုတော့ ဇယား ၁၊ ၂ အခြေခံပေါ်မှာ ဒါကိုဆွေးနွေးပြီး ပြင်နိုင်ရင်ကောင်းတယ်။ Taxes Sharing လည်း ဇယား ၅ မှာ ပြန်ဆွေးနွေးဖို့ လိုတယ်။ မပါသေးတဲ့ Resource Sharing ဖြည့်ပေးနိုင်ရင် ကောင်းတယ်။ အဲဒါတွေ ဆွေးနွေး နိုင်ခဲ့ရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးက အဖြေတခု ရကောင်း ရနိုင်ပါတယ်။ သို့သော်လည်း ဒီနေရာမှာလည်း အဟောင်းဖျက် အသစ်ရေး ဆိုရင်တော့ အဖြေရမှာ မဟုတ်ဘူး။ အခုက အဲဒီအဆင့် မရောက်သေးဘူးဗျ။ အပစ်အခတ် ရပ်စဲရေး ဖြစ်ဖို့ကို KIA နဲ့ ပြဿနာ ရှိနေတယ်။ ဒါက ပြီးခဲ့တဲ့ လ ၃၀ လုပ်ခဲ့တာနဲ့ ရှေ့ကြုံရနိုင်တဲ့ အခက်အခဲကို ပြောတာ။
မေး။ ။ အခုနောက်ဆုံး သိချင်တာက သမ္မတ ဦးသိန်းစိန် လက်ထက်ရောက်မှ သိသာလာတဲ့ ပြဿနာပေါ့။ အဲဒါက ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေ အကြောင်းပါ။ ဒီကြားထဲ မရိုးသားတဲ့သူတွေက ကောလာဟလတွေ ထုတ်တယ်။ လူတွေက ဒေါသတွေ ထွက်ကြ။ လိုအပ်တာထက် ပိုတုန့်ပြန်ကြတယ်။ အစိုးရကလည်း ကောင်းကောင်း မကိုင်တွယ်နိုင် သေးဘူး။ မိတ္ထီလာ ဖြစ်စဉ်မှာဆိုရင် ရဲတွေရပ်ကြည့်နေတဲ့ ဗီဒီယိုတွေ ထွက်လာတယ်။ အမျိုးသားရေးဟာ အာဏာရှင်တွေရဲ့ နောက်ဆုံး ခံတပ် ဖြစ်လာပြီလား။ ဒီဖြစ်စဉ်တွေက ရိုးသားမှုကော ရှိရဲ့လား။
ဖြေ။ ။ ရခိုင်ပြဿနာက သမိုင်းနဲ့လည်း ဆိုင်တယ်၊ ပထဝီနိုင်ငံရေးနဲ့လည်း ဆိုင်တယ်။ အခုမှ ပေါ်လာတာ မဟုတ်ဘူး။ ပြောရရင်တော့ အကျယ်ကြီးပဲ။ အင်တာဗျူး တခုနဲ့တင် မလုံလောက်ဘူး။ သို့သော် ပြဿနာက အခုဖြစ်နေပြီ။ ဖြစ်လည်း ဖြစ်မှာပဲ ။ ဖြစ်တာက သဘာဝကျတယ်။ ဖြစ်ရင် ရခိုင်ပြဿနာကို Local မှာ ထိန်းနိုင်ခဲ့ရင် ကောင်းတယ်။ ဒါပေမယ့် မထိန်းနိုင်ခဲ့ဘူး။ ရခိုင်ပြဿနာက သမိုင်းဇစ်မြစ်နဲ့ ဆိုင်တဲ့ ပထဝီ နိုင်ငံရေး ပြဿနာ။ အဲဒီပြဿနာကို လူ့အခွင့်အရေးနဲ့ ရောထွေးလို့မရဘူး၊ ဘာသာရေးနဲ့ ရောထွေးလို့လည်း မရဘူး။ ဒါပေမယ့် တဘက်က ရည်ရွယ်ချက်ရှိရှိနဲ့ ဘာသာရေး ဖြစ်အောင် လုပ်တာမျိုးတွေ ရှိနေတယ်။ ဘယ်သူဆိုတာတော့ အထောက်အထား မရှိလို့ မပြောနိုင်ဘူး။ ကိုယ့်ဘက်က ဖြစ်သင့်တာက ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး ဆိုတာမျိုး ဖြစ်အောင် လုပ်ရမယ်။ ဒီကိစ္စ တည့်တည့်ပြောရင် နယ်မြေ ပြဿနာပဲ။ ဘာသာရေးနဲ့ မဆိုင်ဘူး။ ဘာသာရေးဖြစ်အောင် လုပ်တာကိုက မရိုးသားဘူးလို့ ပြောလို့ရတယ်။
ဆရာတော် ဦးဝီရသူတို့ ဘာတို့ ကိစ္စတွေကိုတော့ ကျနော်က ဗုဒ္ဓဘာသာဖြစ်လို့ သိပ်မဝေဖန်ချင်ဘူး။ သတိတခုတော့ ပေးချင်တယ်၊ ဘာသာရေးနဲ့ နိုင်ငံရေး ရောထွေး မကျင့်သုံးမိစေဖို့ပါ။ ခင်ဗျားတို့ ပြောတဲ့ မိတ္ထီလာမှာ ရဲတွေက ရပ်ကြည့် နေတယ်ဆိုတာ ကျနော်ကြားတဲ့ သတင်းက တမျိုး၊ ခင်ဗျားပြောတဲ့ သတင်းက အနောက် မီဒီယာတွေက ဖွတာ။ အနောက် မီဒီယာတွေ မရိုးသားဘူး။ မလေးရှားမှာ ကျနော်တို့ အသတ်ခံရတာ၊ မုဒိန်းအကျင့် ခံရတာတွေကျတော့ ရည်ရွယ်ချက် ရှိရှိ မှိန်ထားတယ်။
မိတ္ထီလာ ကိစ္စဆို ကျနော်ကြားတာက သိပ်ပြီးတော့ သွေးပူနေတဲ့ လူတွေက ဆိုင်တဆိုင်ကို မီးရှို့မယ် လုပ်တယ်၊ အဲဒီတော့ ရဲကထိန်းတယ်၊ ထိန်းလို့မရတော့ နောက်ဆုံး ခွင့်ပြုလိုက်ရတယ်။ ဒါပေမယ့် တခြားဟာ မလောင်စေနဲ့လို့ဆိုပြီး အဲဒါကို ရပ်ကြည့် နေရတယ်။ အဲဒီဓာတ်ပုံတွေကို ရည်ညွှန်းပြီးတော့ သတင်း တမျိုးလုပ်လိုက်တယ်လို့ ကြားတယ်။ ဘယ်ဟာ အမှန်ဆိုတာတော့ မသိဘူး။ ပွင့်ပွင့်လင်းလင်း ပြောရရင် အစိုးရက ရည်ရွယ်ချက်ရှိရှိ လွှတ်ပေးတယ်ဆိုတဲ့ စွပ်စွဲချက် ကိုတော့ ကျနော် လက်မခံဘူး။
လူမျိုးရေး အဓိကရုဏ်း ဆိုတာ အာဏာရှင်တွေရဲ့ လုပ်ကွက်ဆိုတဲ့ အယူအဆ ရှိကြတယ်။ အခါခပ်သိမ်း မမှန်ပါဘူး။ အခု လောလောဆယ် မဖြစ်နိုင်ဘူး။ အစိုးရက ဘယ်တုန်းကမှ မရဘူးတဲ့ နိုင်ငံတကာ ထောက်ခံမှု ရနေတဲ့ အချိန်မှာ ကိုယ်ရပြီးသား ထောက်ခံမှုကို ဆုံးရှုံးအောင် မလုပ်ဘူး။ ကျနော်ကတော့ အစိုးရရဲ့ ပယောဂ မပါဘူးလို့ ထင်တယ်။ ပြီးတော့ ကျနော်တို့ အတိုက်အခံ တချို့က ပြဿနာဆိုးဆိုးဝါးဝါး မဖြစ်ခင်က အစိုးရမပါနဲ့၊ စစ်တပ် မပါနဲ့ဆိုတဲ့ အသံတွေနဲ့ ဟန့်တယ်၊ စစ်တပ်က မပါဘဲနေတဲ့ အခါကျတော့ စစ်တပ်ကို လုံခြုံရေး တာဝန်ယူတာ ညံ့တယ်လို့ ဝေဖန်တယ်။ အဲဒါက အစိုးရဆိုရင် ဆဲရမယ် ဆိုတဲ့ သမားရိုးကျ အမြင်က လာတယ်။ ဒါက Radical လမ်းကြောင်းက လာတဲ့ဟာ။ အစိုးရ ပယောဂ ပါတယ် ဆိုတာ လက်မခံပေမယ့် ဒီပြဿနာက ပယောဂတော့ သေချာပေါက် ပါတယ်။ ဘယ်သူတွေ ဆိုတာတော့ အထောက်အထား မရှိလို့ လက်လွတ်စပယ် မပြောချင်ဘူး။ သေချာတာကတော့ ဗမာပြည်ရဲ့ အလွန်ကောင်းမွန်တဲ့ အပြောင်းအလဲကို မလိုလားတဲ့ အင်အားစုတွေရဲ့ ပရောဂ ပါနိုင်တယ်၊ နောက်တခုက နိုင်ငံတကာ အကြမ်းဖက်မှု ပယောဂ ပါနိုင်တယ်။ နိုင်ငံတကာ အကြမ်းဖက်မှုက ၂၁ ရာစု အစောပိုင်းမှာ အဓိက ထားတာက ဖွံ့ဖြိုးပြီး နိုင်ငံတွေ၊ အခုသူတို့ ပစ်မှတ် ပြောင်းလာတယ်။ နိုင်ငံကြီးတွေမှာ အကြမ်းဖက်မှုတွေ လုပ်ဖို့ သူတို့ မတတ်နိုင်တော့ဘူး။ ကျနော်တို့လို ဖွံ့ဖြိုးဆဲ နိုင်ငံတွေ ဘက်ကို Target ရွေးလာတယ်။
ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာမှ သူတို့ပိုကြိုက်တာက အစိုးရနဲ့ ပြည်သူအကြားမှာ ယုံကြည်မှု ပျောက်နေတဲ့ Fail State တွေ။ အဲဒီ Concept က စဉ်းစားရင် နိုင်ငံတကာ အကြမ်းဖက်မှု ပယောက ပါကောင်း ပါနိုင်တယ်။ ဒီပြဿနာက တော်တော် ရှုပ်ထွေးတယ်၊ တော်တော် သိမ်မွေ့တယ်၊ လက်လွတ်စပယ် လုပ်လို့မရဘူး၊ ကျနော်တို့ သတိကြီးကြီး ထားရမယ်။ ကျနော်တို့က ဒီကိစ္စကို ဘာသာရေး ပြဿနာအနေနဲ့ တုန့်ပြန် လိုက်ရင် တစ်ဘက်က အကြိုက်ဖြစ်သွားမယ်။ အမှန်က ဘာသာရေး ပြဿနာ မဟုတ်ဘူး၊ နယ်မြေ ပြဿနာ၊ ပထဝီနိုင်ငံရေး ပြဿနာ။