ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ယာဉ်ကြော ကျပ်တည်းမှုကို ဖြေရှင်းရန် ရန်ကုန်မြို့ရှိ ယာဉ်အများဆုံး သွားလာလျှက် ရှိသည့် အဓိက လမ်းမများတွင် ခရီးသည်တင် ယာဉ်များက မှတ်တိုင်များတွင် ရပ်၊ ချ၊ တင်၊ ထွက် စနစ်မှအပ တခြား မည်သည့်ယာဉ်မျှ မရပ်နားစေရန် သတိပေးစာ ထုတ်ပြန်ခဲ့သည်။
ထိုသတိပေးစာကို ယခုလ ၁၀ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ကာ ခရီးသည်တင်ယာဉ်များက မှတ်တိုင်များတွင် ရပ်၊ ချ၊ တင်၊ ထွက် စနစ်မှအပ တခြား မည်သည့် ယာဉ်မျှ မရပ်နားရဟု ကြေညာထားသည့် နေရာမှာ ခြောက်လမ်းသွား လမ်းမကြီးများ အပါအဝင် အဓိက လမ်းမကြီးများတွင် ဖြစ်ကြောင်း သိရသည်။
“အဲဒီ လမ်းမတွေမှာ တချို့ယာဉ်တွေက စည်းကမ်းမဲ့ ရပ်ကြတယ်၊ တချို့ကျတော့လည်း ညအိပ်ရပ်ကြတာတွေ ရှိတယ်။ ယာဉ်ကြော ပိတ်တာဟာ အဲဒီလို ယာဉ်တွေကြောင့် နဲ့လည်း ဆိုင်တယ်။ ဒီ စည်းကမ်းထုတ်ထုတ်ခြင်း ၂ ပတ်လောက်တော့ ပညာပေး ကာလလို့ပဲ သတ်မှတ်ပေး ထားတယ်။ ၂ ပတ် ကျော်သွားရင်တော့ တကယ်ကို ထိထိရောက်ရောက် ပြစ်ဒဏ်နဲ့ အရေးယူတာတွေ လုပ်မယ်” ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့မှ ရဲမှူးကြီး သာဌေးက ဧရာဝတီသို့ ပြောသည်။
စည်းကမ်း ထုတ်ထားသည့် အထက်ဖော်ပြပါ လမ်းမများတွင် စည်းကမ်းမဲ့ ရပ်နားသည့် ယာဉ်များကို မော်တော်ယာဉ် ဥပဒေ အပြင် စီမံချက် ဒဏ်ငွေဖြင့်ပါ ဖမ်းဆီး အရေးယူသွားမည် ဖြစ်ကြောင်း သိရသည်။
“၁၉၆၄ ခုနှစ် မော်တော်ယာဉ် ဥပဒေက အမျိုးအစား အမျိုးမျိုး ရှိတော့ ယာဉ်မောင်းတွေ ကျူးလွန်တဲ့ အမှုအပေါ် မူတည်ပြီး သူတို့နဲ့ ကိုက်ညီတဲ့ ပြစ်ဒဏ်မျိုး ပေးသွားမှာပေါ့။ ဘယ်လို ပြစ်ဒဏ် ဆိုတာကတော့ ယေဘုယျအားဖြင့် ပြောရခက်တယ်။ စီမံချက် ဒဏ်ငွေကတော့ ၁၁၅၀၀ ကျပ်ဖြစ်ပြီး စည်းကမ်း မလိုက်နာတဲ့ ယာဉ်မောင်းတွေက ပေးဆောင် သွားရမှာပါ” ဟု ရဲမှူး သာဌေးက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်အတွင်း အစိုးရက ကားသစ်များ တင်သွင်းခွင့် ပြုလိုက်ပြီးနောက်မှစ၍ ရန်ကုန်မြို့၌ ယာဉ်ကြော ပိတ်ဆို့မှု ပြဿနာမှာ အလွန် ဆိုးရွားခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း ကြီးကြပ်မှု ကော်မတီက ထုတ်ခဲ့သည့် သတိပေးချက်များကြောင့် ရှေ့လျှောက်တွင် ယာဉ်ကြောပိတ်ဆို့မှု လျော့နည်းသွားနိုင်သည်၊ မလျော့နည်းနိုင်သည်ကို ပြည်သူအများက ခန့်မှန်းနေလျှက် ရှိသည်။
“ဘယ်ယာဉ်မဆို ဘတ်စ်ကားဖြစ်ဖြစ်၊ Taxi ဖြစ်ဖြစ်၊ ကိုယ်ပိုင်ကားဖြစ်ဖြစ် ယာဉ်ထိန်းရဲ မရှိတဲ့ နေရာဆို လုပ်ချင်သလို လုပ်နေကြတာပဲ။ အခုလည်း သူတို့က ဘယ်နေရာမှာ ဘယ်လို မရပ်ရဘူး ကြေငြာချက် ထုတ်ထားတော့ရော၊ သူတို့ရှေ့မှာပဲ အားလုံးက စည်းကမ်းလိုက်နာ နေတာ။ နောက်ကွယ် ရောက်သွားရင် ဖြစ်ချင်တိုင်း ပြန်ဖြစ်နေတာပဲလေ။ ဒီတော့ အခုလို စည်းကမ်းထုတ်လည်း ဘာမှ မထူးလောက်ဘူး ထင်တယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ မမို့မို့က ပြောသည်။
ယခင်က ခရီးသည်တင် ယာဉ်များ ရပ်၊ ချ၊ တင်၊ ထွက်စနစ် ပုံစံမျိုး ပြုလုပ်ခဲ့ဖူးသော်လည်း အောင်မြင်မှု ရှိသည်ဟု မကြားဖူးကြကြောင်း ဝေဖန်သူများလည်း ရှိသည်။
ထိုသို့သော ဝေဖန်မှုများနှင့် ပတ်သက်၍ ရဲမှူး သာဌေးက “အခု တခေါက်တော့ ယာဉ်ကြော ပိတ်ဆို့မှုတွေ သက်သာ သွားအောင် ကျနော်တို့ သေသေချာချာ ကြိုးစားပြီး လုပ်သွားမှာပါ” ဆိုသည်။
ယာဉ်ကြောပိတ်ဆို့မှု အများဆုံးဖြစ်နေသည့် နေရာများမှာ ခုံးကျော်တံတား စီမံကိန်းနေရာများ၊ ငွေကြေး တတ်နိုင်သူများ၏ သားသမီးများ တင်ရောက်ကြသော အထက်တန်းကျောင်းအချို့ အနီးနေရာများအပြင်၊ ချော်တွင်းကုန်း မီးပွိုင့်၊ ကုက္ကိုင်း မီးပွိုင့်၊ ရွှေဂုံတိုင် မီးပွိုင့်၊ ဘုရင့်နောင် မီးပွိုင့်၊ တာမွေ မီးပွိုင့်၊ ပန်းဆိုးတန်း မီးပွိုင့် အစရှိသည့် နေရာများ ဖြစ်သည်ဟု ယာဉ်မောင်း အများစုက ဆိုသည်။
“ဒဂုံ ၁ ရှေ့မှာဆိုရင် ကျောင်းတက် ကျောင်းဆင်းချိန်ဆို ဘယ်လိုမှကို သွားလို့မရတော့တာ။ ကိုယ်ပိုင်ကား အပြိုင်အဆိုင်နဲ့ ကျောင်းရှေ့က လမ်းမမှာ ရပ်ထားကြတယ်။ ကျောင်းကားတွေကလည်း အများကြီး တန်းစီ ရပ်ထားတာ။ ကျောင်းရှေ့က လမ်းမမှာဆို လမ်းရဲ့ ၃ ပုံ ၁ ပုံက ကျောင်းသားတွေကို လာကြိုတဲ့ ကားတွေချည်းပဲ။ တော်တော် ဒုက္ခရောက်ရတယ်။ မြို့ထဲ တခါရောက်ဖို့ကို အချိန်က ၁ နာရီခွဲ ၂ နာရီလောက်ကို ကုန်တာ။ ဒါတွေကို မြန်မြန် ဖြေရှင်းပေးနိုင်မယ် ဆိုရင်တော့ တော်တော် ကောင်းမှာပါ” ဟု ခရေပင်ရိပ်မွန် – ဆူးလေ ပြေးဆွဲနေသည့် ၄၃ အထူးယာဉ်မှ ယာဉ်မောင်းတဦးက ပြောသည်။
ယာဉ်ထိန်းရဲ မရှိသည့် နေရာများအတွက် မည်သည့်ယာဉ်မဆို စည်းကမ်းမဲ့ မောင်းနှင်ခြင်း၊ စည်းကမ်းမဲ့ ကွေ့ခြင်း၊ စည်းကမ်း မဲ့ ရပ်နားခြင်း၊ ညာဘက်အစွန် ယာဉ်ကြောမှ ဘယ်ဘက်အစွန် ယာဉ်ကြောသို့ လုယက် ဝင်ရောက်ခြင်း၊ လမ်းဘေး ဈေးသည် များက လမ်းဘေးတင်မက၊ လမ်းမပေါ် အထိ တက်၍ ဈေးရောင်းချခြင်း များကြောင့် ခရီးသည်တင် ယာဉ်များက လမ်းလယ် ခေါင်တွင် ရပ်ကာ ခရီးသည် အတင်အချ ပြုလုပ်ခြင်းများကြောင့်လည်း ယာဉ်ကြော ပိတ်ဆို့ရခြင်းဖြစ်ကြောင်း မော်တော်ယာဉ် ကိုယ်တိုင် မောင်းနှင် သွားလာကြသူ တချို့ထံမှ သိရသည်။
“တကယ်လို့ ယာဉ်ထိန်းရဲတွေက စည်းကမ်းတကျ တင်းတင်းကျပ်ကျပ် ထိန်းသိမ်းနိုင်မယ်ဆိုရင် ၅၀ ရာခိုင်နှုန်းလောက်တော့ သက်သာသွားလိမ့်မယ်။ အခုပြောကြတဲ့ လမ်းကျပ်တယ်ဆိုတဲ့ လမ်းမတွေမှာက ယာဉ်မရပ်ရလို့ သတ်မှတ်ထားတဲ့ အနီ၊ အဖြူ နေရာတွေမှာပါ ယာဉ်တွေက စည်းကမ်းမဲ့ ရပ်ထားကြလို့ ဖြစ်တာ။ အခု ယာဉ်ထိန်းရုံးက သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့ ဆိုရင်တော့ အဆင်ပြေနိုင်လောက်မယ် ထင်ပါတယ်” ဟု အငြိမ်းစား အစိုးရ ဝန်ထမ်းတဦးက ပြောသည်။
ခရီးသည်တင် ယာဉ်များက ရပ်၊ ချ၊ တင်၊ ထွက် စနစ်မှအပ တခြား မည်သည့်ယာဉ်မျှ မရပ်နားရသည့် နေရာများတွင် ပြည်လမ်း၊ ကမ္ဘာအေး စေတီလမ်း၊ ဘုရင့်နောင်လမ်း၊ ကမ်းနားလမ်း၊ ဗဟိုလမ်း၊ အင်းစိန်လမ်း၊ လေးထောင့်ကန်လမ်း၊ ဗညားဒလလမ်း၊ သုဓမ္မာလမ်း၊ အရှေ့/ အနောက် ရွှေဂုံတိုင်လမ်း၊ ဝေဇယန္တာလမ်းနှင့် ကန်တော်ကြီးပတ်လမ်းတို့ ဖြစ်သည်။
အဆိုပါ လမ်းမများအပြင် ပါရမီလမ်း၊ သံသုမာလမ်း၊ မင်းနန္ဒာလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အနော်ရထာလမ်း၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ အင်းယားလမ်း၊ ဓမ္မစေတီလမ်း၊ ဗားကရာလမ်း၊ သမိုင်းဘူတာရုံလမ်း၊ လှည်းတန်းလမ်းနှင့် အောက်ပုဇွန်တောင်လမ်းတို့လည်း ပါဝင်သည်။