လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ ဝန်းကျင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် လေယာဉ် ပြန်ပေးဆွဲမှုကို ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကား ကြီး ရိုက်ကူးရာတွင် ထိုင်းနိုင်ငံမှ စက်ပစ္စည်းများကို အသုံးပြုသွားမည်ဖြစ်ပြီး ကျပ်သိန်း ၃ ထောင် အကုန်အကျ ခံသွားမည် ဖြစ်ကြောင်း ဒါရိုက်တာ အဏ်ထော်ဏီက ဧရာဝတီသို့ ပြောသည်။
“မြန်မာ့ရုပ်ရှင်ကို ကမ္ဘာ့ဈေးကွက်အထိ သွားချင်တယ်။ စက်မှု အားကောင်းကောင်းနဲ့ အချိန်ယူပြီး ရိုက်ရမယ်။ အရင် ဇာတ်ကားတွေ တုန်းကလည်း နိုင်ငံတကာမှာ စီးပွားရေးဈေးကွက် ထိုးဖောက်ဖို့ ပြမယ်ဆိုပြီး ရိုက်ခဲ့ကြတယ်။ ဒါပေမယ့် ရုပ်ရှင်ပွဲတော်မှာ ပြပြီး အသံစနစ် လိုက်မမီတော့ ပြန်လာခဲ့ရတယ်။ ကျနော်ကတော့ ဒီကားကို နိုင်ငံတကာမှာ လုပ်တဲ့ နည်းစနစ်အတိုင်း အသံစနစ် ကောင်းအောင် စတူဒီယိုနဲ့ အသံ ပြန်ဖမ်းတာမျိုး လုပ်မယ်” ဟု သူက ပြောသည်။
မြန်မာနိုင်ငံတွင် ၁၉၅၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ပျံသန်းလာသည့် နိုင်ငံတော် လေကြောင်း သယ်ယူပို့ဆောင်ရေး အဖွဲ့ပိုင် ဒါကိုတာ XY-ACT လေယာဉ်အား ထိုစဉ်က ကရင်လက်နက်ကိုင် KNDO တပ်ဖွဲ့ဝင် ဗိုလ်စောကျော်အေး ဦးဆောင်ကာ ပြန်ပေးဆွဲသည့် ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်စဉ်သည် ကမ္ဘာပေါ်တွင် ပထမဆုံး လေယာဉ်ပြန်ပေးဆွဲမှု တခုဖြစ်လာခဲ့သည်။ အဆိုပါ ဖြစ်ရပ်ကို လာမည့် တန်ဆောင်မုန်း လပြည့်နေ့တွင် ရုပ်ရှင် ဇာတ်ကားကြီးအဖြစ် စတင်ရိုက်ကူးတော့မည် ဖြစ်ကြောင်း၊ ဇာတ်ကားရိုက်ကူးချိန်ကို ၃ လ သတ်မှတ်ထားကြောင်းလည်း အထက်ပါ ဒါရိုက်တာက ပြောသည်။
“အခု ဇာတ်ညွှန်းကို တတိယ အကြိမ် ပြန်ချောနေပါပြီ။ ဖြစ်ရပ်မှန် အတိုင်းပဲ ရိုက်မယ်။ အချစ်ဇာတ်လမ်း မျိုးမှာကျရင် ဖထီး စောကျော်အေး ကြုံခဲ့ရတဲ့ အချစ်အကြောင်းနဲ့ မိသားစုအကြောင်း နည်းနည်းပါမယ်။ နိုင်ငံတကာကို ထိုးဖောက်ဖို့ ရည်ရွယ်တာဖြစ်လို့ အင်္ဂလိပ်စာတန်း ထိုးမယ်။ တချို့နေရာတွေမှာ လျှို့ဝှက် ကရင်စကားတွေ ပါတဲ့အတွက် မြန်မာ စာတမ်းလည်း ထိုးပေးမယ်” ဟု ဒါရိုက်တာ အဏ်ထော်ဏီက ဆိုသည်။
အဆိုပါ ဖြစ်ရပ်မှန် ရုပ်ရှင် ရိုက်ကူးနိုင်ရန်အတွက် စာရေးသူ ဦးလှသောင်း၏ “မြန်မာနိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး လေယာဉ် ပြန်ပေးဆွဲမှုကြီး” ဆိုသည့် စာအုပ်အား ဇာတ်ညွှန်းရေးဆရာ အကယ်ဒမီ စိုးကျော်ဆန်းက ပြန်လည် ရေးသားမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။
ဒါရိုက်တာ အဏ်ထော်ဏီက “ ကျနော်တို့ဆီမှာက ဖြစ်ရပ်မှန်တွေကို နိုင်ငံတော် ပေါ်လစီအရ တားမြစ်ခဲ့တာမျိုး ရှိတော့ ဒီဘက်ခေတ်မှာ ဖြစ်ရပ်မှန် ကားတွေ ရှားခဲ့တယ်။ အရင်တုန်းက အခြေအနေဆိုရင် ဒီလိုကားမျိုး ရိုက်လို့မရဘူး” ဟု ဆက်လက် ပြောသည်။
ရိုက်ကူးရေး အတွက် စက်ကိရိယာများကို ထိုင်းနိုင်ငံ Gear Head အဖွဲ့ထံမှ စာချုပ်ဖြင့် ငှားရမ်းထားသည့် Post Mandalay ကုမ္ပဏီနှင့် လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ဇာတ်ကားတွင် မျက်နှာသစ် သရုပ်ဆောင်များကိုသာ အသုံးပြုသွားမည်ဖြစ်ပြီး လတ်တလောတွင် သင်တန်းသာ ၃၀ ဦးအား သရုပ်ဆောင် သင်တန်းနှင့် အင်္ဂလိပ် စကားပြော သင်တန်းပေးလျှက် ရှိသည်။
အဆိုပါ ဇာတ်ကားတွင် အသုံးပြုနိုင်ရန်အတွက် နေပြည်တော် စစ်သမိုင်းပြတိုက်နှင့် မြန်မာ့လေထီး တပ်များမှ ယခင်ခေတ် လေယာဉ်ပုံတူများကို ပုံစံတူ ဖန်တီးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။