မလေးရှား နိုင်ငံတွင် တရားမဝင်နေထိုင်သူများ ဖမ်းဆီးရေး ၃ လ စီမံချက် ကာလအတွင်း မလေးရှားသို့ ရောက်ရှိနေသည့် မြန်မာ အလုပ်သမားများအတွက် လုံခြုံမှု လုံးဝ မရှိကြောင်း ယမန်နေ့က ပြန်လည်ရောက်ရှိလာသူ မြန်မာ အလုပ်သမား များက ပြောကြသည်။
မလေးရှားနိုင်ငံတွင် သွားရောက် အလုပ်လုပ်ကိုင်ခဲ့ကြသည့် မြန်မာအလုပ်သမား ၁၇၃ ဦးသည် MAI လေကြောင်း၊ သီတဂူ ဆရာတော် ကြီးနှင့် ကမ္ဘောဇဘဏ် တို့၏ အခမဲ့ စီစဉ်ပေးမှုဖြင့် စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၄ နာရီ ၁၀ မိနစ်တွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့် ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပြီး ယခုတခေါက်သည် စတုတ္ထအကြိမ် ဖြစ်ကြောင်း သိရသည်။
“မလေးမှာ မြန်မာအလုပ်သမားတွေ အတွက်က လုံးဝ လုံခြုံမှုမရှိသေးဘူး၊ အချိန်မရွေး အသက်သေသွားနိုင်တဲ့ အခြေအနေ မှာ ရှိနေတယ်လေ။ ဒါကြောင့် ပြန်လာလိုက်တာ။ စပြီး သွားတုန်းကတော့ တရားဝင်ဖြစ်ပေမယ့် နောက်ပိုင်း တရားမဝင် နေဖြစ်နေခဲ့တာ” ဟု မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ကင်မရာ ထုတ်လုပ်သည့် စက်ရုံတွင် ၁ နှစ်ကျော် အလုပ် လုပ်ခဲ့သည့် ကိုအောင်မြတ်က ပြောသည်။
တရားမဝင် အလုပ်သမားများ ဖမ်းဆီးသည့် စီမံချက်ဟု ဆိုသော်လည်း တရားဝင် အလုပ်သမားများပါ ဖမ်းဆီးခံရမှုများ ရှိနေကြောင်းနှင့် ကွာလာလမ်ပူမြို့ရှိ နေအိမ်များ၊ စက်ရုံ အလုပ်ရုံများနှင့် ဆီအုန်းခြံ၊ ရာဘာခြံများတွင် အများဆုံး ဖမ်းဆီး နေခြင်းဖြစ်ပြီး တခြားဒေသများတွင် ဖမ်းဆီးမှု နည်းပါးသည်ဟု သိရသည်။
“ကျမက တရားမဝင် နေတဲ့သူဖြစ်နေတော့ ဖမ်းဆီးရေး စီမံချက် စမယ်လို့ ကြေညာကတည်းက မလေးမှာရှိတဲ့ ကပုန်း နာရေး ကူညီမှု အသင်းကို ဖုန်းဆက်ပြီး အကူအညီတောင်းခဲ့တာပါ။ အလုပ်လုပ်ရတာက အဆင်ပြေပေမယ့် ဖမ်းဆီးရေး စီမံချက် လုပ်မယ်ဆိုတော့ ပြန်လာလိုက်တာ။ ထပ်ပြီးတော့ မသွားချင်တော့ဘူး။ ဖမ်းဆီးတာတော့ မကြုံခဲ့ရပေမယ့် မြင်ရ ကြားရ တာတွေအတွက်တော့ စိတ်မချမ်းသာပါဘူး” ဟု MAI လေကြောင်းလိုင်းဖြင့် ယမန်နေ့က့ ပြန်လည်ရောက်ရှိလာသူ မသဇင်အေးက ဧရာဝတီသို့ ပြောသည်။
မလေးရှားနိုင်ငံ ဂျိုဟိုးလ်မြို့ရှိ လက်အိတ်စက်ရုံနှင့် တခြားစက်ရုံတချို့တွင် ခြောက်နှစ်ကျော်ကြာ အလုပ်လုပ်ခဲ့သည့် မသဇင်အေးက မလေးရှားအစိုးရ၏ ယခုတကြိမ် ဖမ်းဆီးရေး စီမံချက်မှာ အကြီးဆုံး ဖြစ်နိုင်သည်ဟု ဆိုသည်။
တရားမဝင် မြန်မာအလုပ်သမား အများစုမှာ ဖမ်းဆီးရေး စီမံချက် စတင်ကြေညာစဉ်က ထိုင်း နယ်စပ်မှ တဆင့် မြန်မာ နိုင်ငံတွင်းသို့ ပြန်ဝင်ရန် စီစဉ်ထားကြသော်လည်း နယ်စပ်ဂိတ်များတွင်ပါ ပိတ်ဆို့ဖမ်းဆီးမှုများ ပြုလုပ်နေသည့် အတွက် ပြန်ရန် အဆင်မပြေကြကြောင်း သိရသည်။
“ဒီတခေါက် စီမံချက်က တော်တော်ကြမ်းတယ်လို့ ပြောလို့ရတယ်၊ အရင်တုန်းက အခုလိုမျိုး ဖမ်းဆီးမှုတွေ မလုပ်ဘူးဗျ၊ ဒါကြောင့် ဒီသတင်း ကြား ကြတယ်ဆိုပေမယ့် သိပ်ဂရုမစိုက်ဖြစ်ကြဘူး။ အခုလို ဖြစ်ကုန်မှသာ ပြေးတဲ့သူတွေကပြေး၊ ပြန်တဲ့သူလည်း ပြန် ဖြစ်ကုန် ကြတာ။ တရားမဝင် နေရတာဆိုတော့လည်း ဘယ်အချိန် အဖမ်းခံရမလဲ ကြောက်ပြီး အလုပ် တောင်မသွားဘဲ အိမ်မှာပဲ ပုန်းနေခဲ့ရတယ်” ဟု ကွာလာလမ်ပူမြို့ရှိ အဆောက်အဦး လုပ်ငန်းများတွင် လုပ်ကိုင်ခဲ့သူ ကိုအောင်ကျော်မြင့်က ဆိုသည်။
စက်တင်ဘာ ၁၂ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် VIP ဝင်ပေါက်အနီးတွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် အလုပ် သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က မလေးရှားနိုင်ငံရှိ မြန်မာသံရုံးနှင့် မလေးရှား ပြည်ထဲရေး ဝန်ကြီးဌာနတို့ ပူးပေါင်းပြီး မလေးရှားရောက် မြန်မာအလုပ်သမားများ အတွက် အလုပ်အကိုင်နှင့် တရားဝင် နေထိုင်ခွင့် ရရှိစေရန် လာမည့် ၂ လအတွင်း အကောင်အထည် ဖော်မည်ဟု ပြောခဲ့သည်။
သို့သော် မလေးရှားမှ ပြန်လည် ရောက်လာသည့် မြန်မာအလုပ်သမား အများစုကမူ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ အလုပ်သမားများအတွက် အကူအညီပေးမှု နည်းပါးသဖြင့် လူမှုကူညီရေး အဖွဲ့များကိုသာ အကူအညီတောင်းကြရကြောင်း ပြောဆိုနေကြသည်။