စက်တင်ဘာ ၁၃ ရက်နေ့ထုတ် “Hot News” ဂျာနယ်တွင် “ထောင်တွင်း၌ ဆန္ဒပြနေသော လူသားတဦး အကြောင်း ဖတ်ရသည်။ ဓာတ်ပုံက သူ အပြင်မှာ ဆန္ဒပြစဉ် ရဲများက ဖမ်းဆီးနေပုံ ဖြစ်၏။ သူ့ အနားမှာ သူ့လက်မောင်းကို ချစ်မြတ်နိုးစွာ တွယ်ချိတ်ထားသော ကျေးလက်သူ ကလေးများကို မြင်ရသည်။ သူရော၊ ကျေးလက်သူလေးတွေပါ ပါးနှစ်ဘက်မှာ သနပ်ခါး ပါးကွက်ကြားများကို တင်ထားကြ၏။ အလှအပ အတွက် မဟုတ်တန်ရာ။ နေပူ လေပူဒဏ် ခံနိုင်ရန် အတွက် ဖြစ်ပါလိမ့်မည်။
သူ့ အမည်ကား “နော်အုန်းလှ” …၊ လူအများ လက်လျှော့ခဲ့ကြပြီ ဖြစ်သော လက်ပံတောင်းတောင် ကိစ္စကို “လက်ပံတောင်းတောင် စီမံကိန်း လုံး၀ ဖျက်သိမ်းရေး” ကြွေးကြော်သံဖြင့် ဇွဲမလျှော့ဘဲ တိုက်ပွဲဝင်နေသူတည်း။
သူ့ ခန္ဓာကိုယ်က ပုပု၀၀၊ မျက်နှာဝိုင်းဝိုင်း ပြည့်ပြည့်၊ ဆံပင်မှာ ပန်းမဆင်၊ ပခုံးမှာ ပုဝါမပါ၊ ပကတိ ရိုးရှင်းသော ကရင် အမျိုးသမီးလေး ဖြစ်လေသည်။ သူ၏ အသွင်အပြင် ရိုးစင်း ရိုးရှင်းသကဲ့သို့ သူ၏ စေတနာက သန့်ရှင်းသည်။ နှစ်ပေါင်း ၂၀ ကျော် ဖြတ်သန်း ချီတက်လာသော သူ၏ ခရီးက မဆုံးနိုင်သေး။ မရပ်နားနိုင်သေး။ ယခု “အစာ အငတ်ခံ ဆန္ဒပြနေသည်” ဟု ဆိုသည်။
သူသည် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က ဆန္ဒပြခဲ့ပြီး ၁၃ ရက်နေ့တွင် မုံရွာ၌ အဖမ်းခံခဲ့ရသည်။ ၂၇ ရက်နေ့တွင် ရုံးတင် စစ်ဆေးခံရကာ ၂၉ ရက်နေ့တွင် အလုပ်နှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံခဲ့ရသည်။ “ပုဒ်မ ၅၀၅ (ခ)” ဟု ဆိုလေသည်။ ထောင်ထဲရောက်သည့် နေ့၌ပင် စတင်၍ အစာအငတ်ခံခဲ့ခြင်း ဖြစ်သည်။ ယခု စာရေးနေသည့် စက်တင်ဘာ ၅ ရက်အထိ၊ ဆက်လက်၍ အစာအငတ်ခံ ဆန္ဒပြနေဆဲဟု သိရသည်။ ဤ အတောအတွင်း သူ၏ ခန္ဓာကိုယ် အလေးချိန် ၄ ပေါင်ခန့် ကျဆင်းသွားခဲ့ပြီ ဟုလည်း ကြားသိရသည်။
Hunger Strieke ခေါ် အစာအငတ်ခံ ဆန္ဒပြခြင်းသည် လက်နက်မပါ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများထဲတွင် အမြင့်ဆုံး အဆင့် ဖြစ်၏။ နောက်ဆုံး အဆင့်ဖြစ်၍ အသက်ကိုပင် စွန့်လွှတ်ခြင်းလည်း ဖြစ်ပေသည်။ မိမိ ယုံကြည်ရာကို တောင်းဆိုခြင်း ဖြစ်ပြီး တောင်းဆိုချက် မရရှိလျှင် ဆန္ဒပြမှု မရုပ်သိမ်းကြေး ဖြစ်၏။
မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် ထောင်တွင်း၌ အစာအငတ်ခံ ဆန္ဒပြရင်း ပျံလွန်တော်မူသွားခဲ့ရသော “ဆရာတော် ဦးဝိစာရ” ကို လူတိုင်း မမေ့ကြပါ။ အစာအငတ်ခံခြင်းတွင် သူကိုယ်တိုင် အစားအသောက် မစားတော့သည်ကို မည်သည့် အာဏာပိုင်ကမှ အတင်းအကြပ် ကျွေး၍ မရ။ မိမိခန္ဓာကိုယ်ကို အရက်စက်ဆုံး ညှဉ်းပမ်းခြင်းဖြင့် နောက်ဆုံး အသက်ဆုံးရှုံးသည် အထိ တိုက်ပွဲဝင်ခြင်းကား သည်းထိတ်ရင်ဖို စွန့်လွှန် စွန့်စားမှုကြီးပင် ဖြစ်သည်။ မအောင်မြင်လျှင် ခန္ဓာကိုယ် နိဂုံးချုပ်မည်။ ဆရာတော်ကား ကိုလိုနီနယ်ချဲ့ အင်္ဂလိပ် အစိုးရ၏ လိုက်လျောမှု မရဘဲ အသက်စွန့် နိဂုံးချုပ်ခဲ့ရသူတည်း။
မြန်မာအချင်းချင်း အုပ်ချုပ်သော လမ်းစဉ်ပါတီ ခေတ်တွင်လည်း ကြီးမားသော အစာအငတ်ခံ ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြသည်။ ဆရာ မြသန်းတင့် မကွယ်လွန်မီက “ကိုကိုးကျွန်း အစာအငတ်ခံ ဆန္ဒပြမှု” အကြောင်း ကျမအား နှစ်ကြိမ်ထက်မက ရှင်းပြခဲ့ ဖူး၏။ မိမိတို့ တောင်းဆိုချက်များကို ကြေညာပြီး မပေးမချင်း အစားမစားဘဲ နေရန် ဆန္ဒပြကြခြင်း ဖြစ်၏။ ထိုစဉ်က ဆန္ဒပြပွဲများ အကြောင်း အသေးစိတ်ကို ယခုအခါ စာအုပ်အဖြစ် ထုတ်ဝေခွင့် ရပြီမို့ လူထုဦးလှ၊ လူထုဒေါ်အမာတို့၏သား ရဲဘော် ဖိုးသံချောင်းက “ကျောင်းသား၊ ထောင်၊ နိုင်ငံရေးသမား” ခေါင်းစဉ်ဖြင့် စာအုပ် ရေးသားခဲ့သည်၊ ဖတ်ရှုရပါပြီ။ ထိုစဉ်က ပါဝင်ခဲ့သော ဆရာထက်မြက်ကလည်း “ကိုကိုးကျွန်း အကျဉ်းထောင် ဖျက်သိမ်းရေး တိုက်ပွဲ ၅၃ ရက်” ခေါင်းစဉ်ဖြင့် သံတော်ဆင့် ဂျာနယ်တွင် ရေးသားတင်ပြနေသည်။
အစာအငတ်ခံ ဆန္ဒပြခြင်းများသည် ကိုယ်ရေးကိုယ်တာ အကျိုးစီးပွား အတွက် ပြုလုပ်ခြင်း မဟုတ်သည်မှာ သေချာသည်။ ဆန္ဒပြသူများသည် နိုင်ငံရေး ယုံကြည်ချက် ပြင်းထန်သူများ ဖြစ်သည်မှာလည်း သေချာသည်။ တခွန်းတည်း ပြောရလျှင် “အမာ” များဖြစ်၏။
၅၃ ရက်ကြာခဲ့သည့် ကိုကိုးကျွန်း အစာအငတ်ခံ ဆန္ဒပြပွဲတွင် လူ ၃၀ တိုက်ပွဲဝင်သည်။ ၁၀ ဦးစီ ၃ သုတ်ခွဲ၍ ပြုလုပ်သည်။ ရေက လွဲ၍ ဘာမှ မသုံး၊ ဆေးဝါးလည်း မစား၊ ဖျားလျှင် ခံမည်။ အစာအငတ်ခံ ဆန္ဒပြတိုက်ပွဲဝင်ခြင်း ၃၈ ရက်တွင် ရဲဘော် သိန်းကြည် ကျဆုံးသည်။ ၄၃ ရက်တွင် ရဲဘော် စိန်ချင်း၊ ၄၆ ရက်တွင် ရဲဘော် အုန်းမောင်၊ ၄၈ ရက်တွင် ရဲဘော် ချစ်ဆွေ၊ ၅၃ ရက်တွင် ရဲဘော် မောင်မောင်စိန်၊ ကိုလေးမောင်နှင့် ရဲဘော်ထွန်းဝင်း စုစုပေါင်း ၈ ဦး ကျဆုံးခဲ့သည်။
နောက်ဆုံးလူ ရဲဘော်ထွန်းဝင်းသည် ထောင်အာဏာပိုင်တို့က ဆန္ဒပြသူများအား အရှုံးပေးပါပြီ၊ အားလုံး လိုက်လျောပါမည်ဟု လာရောက်ပြောဆိုစဉ် တုံးခနဲ လဲကျ သေဆုံးသွားခဲ့သည်ဟု ဆိုသည်။ အားလုံး၏ စိတ်ဓာတ်ကို အသေခံ ပြသခဲ့ကြသော သက်သေပင် ဖြစ်သည်။ ထို ၅၃ ရက်ကြာပြီး တိုက်ပွဲဝင်သူ ၈ ဦး ထပ်မံ သေဆုံးခဲ့ရေသော အစာအငတ်ခံ ဆန္ဒပြခြင်း၏ အောင်မြင်မှုကား သမိုင်းတွင်ခဲ့ပါ၏။ ထိုအချိန်မှစ၍ “ကိုကိုးကျွန်းပို့ခြင်း” စီရင်ချက် မရှိတော့ချေ။ ကိုကိုးကျွန်း ထောင်စခန်း ကိုလည်း အပြီး ဖျက်သိမ်းခဲ့ရသည်။
ထို့ကြောင့် အစာအငတ်ခံ ဆန္ဒပြခြင်းသည် နောက်ဆုံးအဆင့်၊ အမြင့်ဆုံးအဆင့်ဟု သတ်မှတ်ရခြင်း ဖြစ်၏။ အသက်ကို စွန့်လွှတ်ရခြင်း အတူတူ လက်နက်ထိမှန်ကာ ရုတ်တရက် သေဆုံးရခြင်းမျိုး မဟုတ်ဘဲ ခန္ဓာကိုယ်အား တဖြည်းဖြည်း ညှဉ်းဆဲရခြင်း ဖြစ်ရာ ခိုင်မာသည့် ရည်ရွယ်ချက်နှင့် ကြံ့ခိုင်သည့် စိတ်ဓာတ် မရှိလျှင် တိုက်ပွဲမှ ရှုံးထွက် ထွက်ရတတ်၏။
ယခု မုံရွာထောင်အတွင်းတွင် “နော်အုန်းလှ” အစာအငတ်ခံ ဆန္ဒပြနေသည်။ သြဂုတ် ၂၉ မှ ယခု စာရေးနေသည့် စက်တင်ဘာ ၅ အထိ ၁ ပတ်ကျော်ခဲ့ပြီ။ ကိုယ်အလေးချိန် ၄ ပေါင်ကျသွားပြီ။ တခြား ရောဂါ မရှိ။ မန္တလေးထောင်မှ ဆရာဝန် တဦး အနီးကပ် စောင့်ရှောက်ပေးနေသည်ဟု သိရသည်။
“နော်အုန်းလှ” သည် သူ ယုံကြည်သော ခေါင်းဆောင်နေအိမ် အကျယ်ချုပ် ဘ၀ ရှိစဉ်၊ ဘာမှ လှုပ်ရှား၍ မရစဉ်တုန်းကပင် အင်္ဂါနေ့တိုင်း ရွှေတိဂုံရင်ပြင် အင်္ဂါထောင့်၌ သူ့ ခေါင်းဆောင် လွတ်မြောက်ပါစေကြောင်း ဆုတောင်းခြင်း အမှုကို ပုံမှန်ပြုလုပ်၍ ဆန္ဒ ဖော်ထုတ်ခဲ့သူ ဖြစ်၏။
စင်စစ် “နော်အုန်းလှ” သည် သာမန် ပြည်သူ မိန်းကလေး တဦးဖြစ်၏။ သာမန် ပြည်သူတဦး အဖြစ်နှင့်ပင် ဒီမိုကရေစီ တိုက်ပွဲမှာ မရပ်မနား ပါဝင်ခဲ့သူ ဖြစ်၏။ ခိုင်မာသည့် စိတ်ဓာတ်နှင့် ကြံ့ခိုင်သည့် ဇွဲသတ္တိ အပြည့်ရှိ၏။ နော်အုန်းလှ လိုပင် စိတ်ဓာတ် ခိုင်မာ ပြင်းထန်ပြီး အများအတွက် အနစ်နာခံခဲ့ကြသော “ဒီမိုကရေစီ ပြောင်းလဲရေး ဖြစ်စဉ်၌ အညတြ သူရဲကောင်းများ” များစွာရှိပါ၏။ အညတြမို့ ထင်ရဲ့…၊ သူတို့သည် ချီးမြှောက်ခြင်းလည်း မခံရ၊ မှတ်တမ်းတင်ခြင်းလည်း မခံရ။ သို့သော် သူတို့၏ ရည်ရွယ်ချက် ရပ်တည်ချက် လုပ်ကိုင်ဆောင်ရွက်ချက်များသည် ချီးမြှောက်ခံရဖို့ အတွက် မဟုတ်၊ ခမ်းခမ်းနားနား မှတ်တမ်းတင် ခံရရေး အတွက်လည်း မဟုတ်ပေ။
“နော်အုန်းလှ” အစာငတ်ခံ ဆန္ဒပြနေသည်…၊ ကိုကိုးကျွန်းတုန်းကလို တခြားအဖော် မရှိ၊ အားပေးသူမရှိ၊ သူ့ ခံယူချက် ယုံကြည်ချက်ကို စွဲစွဲမြဲမြဲ စူးစူးနစ် ဆုပ်ကိုင် တိုက်ပွဲဝင်နေဆဲ …၊ သူ ဘယ်အထိ ခရီးဆက်မည်လဲဟု ပူပန်စိတ်များနှင့် စဉ်းစားရင်း …။