ရန်ကုန် ဗိုလ်တထောင်မြို့နယ်ရှိ ယခင် မီးရထားရုံးချုပ် အဆောက်အဦးကို အဆင့်မြင့် ကြယ်ငါးပွင့် ဟိုတယ် ဆောက်လုပ်ခွင့် ရရှိထားပြီး အမေရိကန်ဒေါ်လာ ၁၅ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း ဟိုတယ်ဆောက်လုပ်ခွင့် တင်ဒါ ရရှိထားသော Dosim Engineering & Construction ကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖေက ပြောကြားသည်။
မြန်မာ့ မီးရထားရုံးချုပ် အဆောက်အဦးအား အဆင့်မြင့်ဟိုတယ် အဖြစ် မွမ်းမံပြုပြင် ဆောင်ရွက်နေသော အစီအစဉ်များ အကြောင်းကို ပြည်တွင်းပြည်ပ သတင်းမီဒီယာများနှင့် တွေ့ဆုံကာ သတင်းစာရှင်းလင်းပွဲ တရပ်ကို ယခုလ ၁၄ ရက်နေ့က ယင်းဟိုတယ် ဆောက်လုပ်ခွင့် ရရှိထားသည့်နေရာတွင် ပြုလုပ်ခဲ့သည်။
ဟိုတယ်ဖွင့်လှစ်မည့် ၃ ဧကခွဲ အကျယ်အဝန်း၏ မြေငှားရမ်းခမှာ လစဉ် အမေရိကန် ဒေါ်လာ နှစ်သောင်းခွဲ ဖြစ်ပြီး တနှစ်လျှင် အမေရိကန် ဒေါ်လာ ၃ သိန်း ကုန်ကျမည်ဖြစ်ကြောင်း၊ မြေအသုံးပြုခမှာ သီးသန့် ဒေါ်လာ ၃. ၇၅ သန်း ပေးသွင်းရမည် ဖြစ်ကြောင်း၊ အဆင့်မြင့်ဟိုတယ် ဆောက်လုပ်ခွင့်အတွက် အစိုးရနှင့် အပြီးသတ်စာချုပ်ကို ရက်ပိုင်းအတွင်း ချုပ်ဆိုသွားမည် ဖြစ်ပြီး စာချုပ်ချုပ်ဆိုပြီး ၁၀ လအတွင်း အခန်းပေါင်း ၁၄၅ ခန်းပါဝင်သော ကြယ်ငါးပွင့် အဆင့် ဟိုတယ်ကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
ယခင် တင်ဒါလျှောက်ထားခဲ့စဉ်က ပူးပေါင်း လုပ်ကိုင်မည့် အဖွဲ့ ၄ ဖွဲ့ဖြစ်သော်လည်း ကိုးရီးယားနိုင်ငံမှ အဖွဲ့ ၃ ဖွဲ့မှာ အစိုးရ၏ မြေငှားရမ်းခနှင့် မြေအသုံးပြုခ နှစ်မျိုးပေးရမည့် ပုံစံကို မကြိုက်နှစ်သောကြောင့် နုတ်ထွက်သွားခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့ မြန်မာတိုင်းရင်းသား ကုမ္ပဏီက လုပ်ငန်းကို ရာနှုန်းပြည့် ဆက်လက် အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖေက သတင်းစားရှင်းလင်းပွဲ၌ ပြောကြားသည်။
“တင်ဒါ လျှောက်ထားတုန်းက ကြမ်းခင်းဈေးတွေ ဘာတွေ မရှိပါဘူး။ ကျမတို့ Presentation သွားတင်မှ Land Use ပရီမီယံရယ်၊ မြေငှားခရယ် ဆိုပြီး နှစ်မျိုးပေးရမယ် ဆိုတာ သိရတာ။ အဲဒီ Presentation လည်း ပြီးရော ကျန်တဲ့ ၃ ဖွဲ့က နုတ်ထွက်သွားတဲ့ အတွက် ကျမတို့ပဲ ကျန်တော့တယ်” ဟု ဒေါ်နန်းနွယ်ဖေက ဆိုသည်။
တင်ဒါအောင်မြင်ရန် လုပ်ကိုင်ဆောင်ရွက်နိုင်မည့် အခြေအနေများ ရှင်းလင်းတင်ပြရသော Presentation တင်ပြပြီး နှစ်လအကြာတွင် တင်ဒါအောင်မြင်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နံှမှု ကော်မရှင်မှ အကြောင်းကြားခဲ့ပြီး ၂၀၁၂ ခုနှစ် ဇွန်လမှစတင်ကာ လုပ်ငန်းများ စတင်ဆောင်ရွက်ခွင့်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။
သို့သော် Presentation တင်ပြခဲ့စဉ်က စည်းကမ်းချက်တချို့ကို မကြိုက်နှစ်သောကြောင့် နုတ်ထွက်သွားခဲ့သော ကိုးရီးယား ကုမ္ပဏီမှာ တင်ဒါအောင်မြင်ခဲ့ပြီး အစိုးရနှင့် လုပ်ငန်းအပြီးသတ် စာချုပ်ချုပ်ဆိုမည့် အချိန်သို့ ရောက်ရှိမှ ဟိုတယ် ဆောက်လုပ်ခွင့်တွင် ၎င်းတို့လည်း ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံသို့ သွားရောက် အကြောင်းကြား ခဲ့သည်ဟု Dosim Engineering & Construction ကုမ္ပဏီ၏ အမှုဆောင် ဒါရိုက်တာ ဦးမောင်မောင်လွင်က ပြောသည်။
Dosim Engineering & Construction သည် ကိုရီးယား ဆောက်လုပ်ရေး ကုမ္ပဏီတခုနှင့် Myanmar Megatrend ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး Presentation တင်ပြစဉ် ကိုရီးယားကုမ္ပဏီက နုတ်ထွက်သွားခဲ့ခြင်း ဖြစ်ကြောင်း ယခု တင်ဒါအောင်မှသာ ကိုရီးယားကုမ္ပဏီက လုပ်ကိုင်လိုသည်ဟု ပြောလာခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“သူတို့ဘက်က ဆက်တိုးလာရင်တော့ ဥပဒေလမ်းကြောင်း အရ ဖြေရှင်းသွားမယ်။ နုတ်ထွက်သွားပြီးခါမှ ဘယ်လို ရည်ရွယ်ချက်နဲ့ ပြန်လာတယ်ဆိုတာ မသိဘူး၊ တကယ်ပြန်လုပ်ချင်တယ်ဆိုရင် ကျနော်တို့ ကုမ္ပဏီကို ဆက်သွယ်ရမှာ။ စုံစမ်းကြည့်တော့ ကိုရီးယားမှာ သူ့ကုမ္ပဏီက အရှုံးပေါ်နေတာ” ဟု ဦးမောင်မောင်လွင်က ပြောသည်။
တင်ဒါအောင်မြင်ခဲ့သော ကုမ္ပဏီအမည်မှာ Dosim Engineering & Construction ကုမ္ပဏီ ဖြစ်သောကြောင့် နုတ်ထွက် သွားသော ကုမ္ပဏီနေရာတွင် ယင်းနာမည်ဖြင့် ကုမ္ပဏီ မှတ်ပုံတင်ခဲ့ကြောင်း၊ တင်ဒါလျှောက်ထားသူ ကုမ္ပဏီပေါင်း ၂၈ ခုတွင် မိမိတို့ ကုမ္ပဏီတခုတည်းသာ တင်ဒါအောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်း ဒေါ်နန်းနွယ်ဖေက သတင်းစာရှင်းလင်းပွဲတွင် ပြောကြား သည်။
ဟိုတယ်ကို ၂၀၁၄ ခုနှစ်အတွင်း ဖွင့်လှစ်မည် ဖြစ်ပြီး ဟိုတယ်ဝန်ထမ်း ၄၅၀ ခန့်အပ်သွားမည် ဖြစ်ကြောင်း၊ ဟိုတယ် အမည်နှင့် ဖွင့်လှစ်မည့် နေ့ရက်ကို ဗေဒင် မေးမြန်းထားသောကြောင့် အတိအကျ မပြောနိုင်သေးကြောင်း မန်နေဂျင်း ဒါရိုက်တာ ဒေါ်နန်းနွယ်ဖေက ဧရာဝတီ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
ရန်ကုန်မြို့တွင် အစိုးရပိုင် တိုင်းဒေသကြီး စုပေါင်းရုံးနှင့် မီးရထား ရုံးချုပ်တို့ကို နိုင်ငံတကာ အဆင့်မီဟိုတယ် ဆောက်လုပ်ရန် တင်ဒါခေါ်ခဲ့ရာ တိုင်းဒေသကြီး စုပေါင်းရုံးကို Flying Tiger Engineering ကုမ္ပဏီက ရရှိခဲ့ပြီး မီးရထားရုံးချုပ်ကို Dosim Engineering & Construction ကုမ္ပဏီက လုပ်ပိုင်ခွင့် ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နံှမှုကော်မရှင်က တရားဝင် ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၅ လုံး ရှိပြီး အများစုမှာ နိုင်ငံခြားသားပိုင် ဟိုတယ်များဖြစ်ကြောင်း၊ တစ်နိုင်ငံလုံး တွင် လိုင်စင်ရဟိုတယ် ၈၃၀ ခန့်ရှိပြီး အခန်းပေါင်း သုံးသောင်းကျော်အထိ ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနက သတင်းထုတ်ပြန် ထားသည်။