Health

မယ်တော် ဆေးခန်း ဆက်လက် လည်ပတ်နိုင်ရေး ခက်ခဲနေ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံ မဲဆောက်မြို့ အခြေစိုက် မယ်တော် ဆေးခန်းသည် နေရာ ပြောင်းရွှေ့ရန်ရှိပြီး ဆေးခန်း ပုံမှန် ဆက်လက် လည် ပတ်နိုင်ရေး အတွက် အခက်အခဲများ ရှိနေကြောင်း သိရသည်။

မယ်တော်ဆေးခန်းကို ပြီးခဲ့သည့် သြဂုတ်လအတွင်း သြစတြေးလျနိုင်ငံက ချီးမြှင့်သည့် ၂၀၁၃ ခုနှစ်အတွက် ဆစ်ဒနီ ငြိမ်းချမ်း ရေး ဆုရှင် ဒေါက်တာ စင်သီယာမောင် ဦးစီး ဖွင့်လှစ်ထားခြင်း ဖြစ်သည်။

ဒေါက်တာ စင်သီယာမောင် အနေဖြင့် မယ်တော် ဆေးခန်း ပုံမှန် လည်ပတ်ရေး အခက်အခဲများ နေ့စဉ်နှင့်အမျှ ရုန်းကန် နေ ရလျက်ရှိရာ လွန်ခဲ့သည့် ဇူလိုင်လအတွင်းကလည်း သြစတြေးလျနိုင်ငံ အကူအညီပေးရေး ရန်ပုံငွေ အဖွဲ့(AusAid) မှ မယ်တော်ဆေးခန်းကို တိုက်ရိုက် ထောက်ပံ့နေသည့် ရန်ပုံငွေလည်း ဖြတ်တောက် ခံခဲ့ရသည်။

“သြစတြေးလျက ရန်ပုံငွေကတော့ ကျမတို့ စာချုပ်သက်တမ်းက ဒီ ၂၀၁၃ အထိပဲ ရှိတော့၊ ဒီ ၂၀၁၃ ပြီးတဲ့နောက်ပိုင်းမှာ စာချုပ် ၂ နှစ်သက်တမ်းက ပြီးပြီပေါ့၊ ကျမတို့နဲ့တော့ စာချုပ်သက်တမ်း ပြည့်သွားပြီပေါ့နော်။ ထပ်ပြီးတော့ မတိုးတော့ဘူး” ဟု ဒေါက်တာ စင်သီယာမောင်က ဧရာဝတီကို ပြောသည်။

သြစတြေးလျနိုင်ငံက မယ်တော်ဆေးခန်းအား တိုက်ရိုက်ထောက်ပံ့မှု မရှိတော့သော်လည်း ဒုက္ခသည်များ နေရပ်ပြန်ရေး အပေါ် အာရုံစိုက်၍ ရန်ပုံငွေထောက်ပံ့မှု ဆက်လက်ရှိကြောင်းသူက ဆက်ပြောသည်။

မယ်တော် ဆေးခန်းသည် နှစ်ပေါင်း ၂၅ နှစ်ကျော် သက်တမ်းရှိပြီ ဖြစ်ပြီး ထိုင်း-မြန်မာ နယ်စပ်တလျှောက်ရှိ ဒုက္ခသည်များ၊ ရွှေ့ပြောင်း အလုပ်သမားများနှင့် အခြား ကျန်းမာရေး အကူအညီလိုအပ်နေသူများကို ကျန်းမာရေးနှင့် အရေးပေါ် စောင့်ရှောက် မှုလုပ်ငန်းများကို အခမဲ့ လုပ်ကိုင် ပေးနေသည့် ဆေးခန်းဖြစ်သည်။

ယခု မယ်တော်ဆေးခန်း တည်ရှိရာ မြေသည် ကိုယ်ပိုင်မြေ မဟုတ်၍ အဆောက်အအုံ ပြန်လည်မွမ်းမံ ပြင်ဆင်ရေး အတွက် အခက်အခဲရှိပြီး လက်ရှိနေရာမှ ပြောင်းရွှေ့ရမည်လည်း ဖြစ်သည်။

“ကိုယ်ပိုင်မြေ မဟုတ်တော့လည်း အဆောက်အအုံတွေ ပြင်ဆင်မွမ်းမံဖို့ကအစ ကောင်းမွန်အောင် ပြန်လုပ်ဖို့က နည်းနည်း အခက်အခဲရှိတော့၊ ကျမတို့ အခု လက်ရှိဆေးခန်းကနေ ဝယ်ထားတဲ့၊ ကျန်းမာရေး ဝန်ထမ်းတွေကို သင်တန်းပေးတဲ့ နေရာ ဘက်ကို ပြန်ရွှေ့မယ်။ ဒါပေမယ့် ရပ်ကွက်ကတော့ တရပ်ကွက်တည်းမှာပါပဲ”ဟု ဒေါက်တာ စင်သီယာမောင် က ဆိုသည်။

ဆေးခန်းနေရာသစ်တွင် အဆောက်အအုံများ ဆောက်လုပ်ရန်အတွက် ခန့်မှန်းခြေ ဘတ်ငွေ သန်း ၂၀ မျှ ကုန်ကျမည် ဖြစ်ပြီး ဂျပန်နိုင်ငံ အစိုးရကလည်း အမေရိကန်ဒေါ်လာ ၉ သိန်းကျော် (ထိုင်း ဘတ်ငွေ ၃ သန်း) ကို ထောက်ပံ့ကူညီ ထားကာ လတ် တလော၌ ရန်ပုံငွေ တဝက်ခန့် ရရှိထားသည်ဟုလည်း သူက ဆက်ရှင်းပြသည်။

“ကျမတို့ လိုအပ်မှုရဲ့ ငွေပမာဏရဲ့ တဝက်လောက်တော့ ရပါပြီ။ ကျမတို့က ဘတ်ငွေ သန်း ၂၀ လောက်တော့ မှန်းထားတဲ့ အပေါ်မှာတော့ အခု ၁၀ သန်း လောက်တော့ ဒီ အဆောက်အအုံ နေရာအတွက်တော့ ရပြီးပြီပေါ့။ ကျန်တဲ့ ၁၀ သန်းကတော့ နောက်ထပ် ၂ နှစ်ဖြစ်ဖြစ်၊ ၃ နှစ်ဖြစ်ဖြစ် ဆက်ပြီးတော့ အကူအညီ ဆက်ရှာရမှာပေါ့”ဟု ဒေါက်တာ စင်သီယာမောင် က ဆို သည်။

ထို့အပြင် မယ်တော်ဆေးခန်း အနေဖြင့် လက်ရှိ ရန်ပုံငွေ လျော့နည်းလာမှုများကြောင့် လည်ပတ်နိုင်ရေး အတွက် အလှူရှင် များ ဆက်လက် ရှာဖွေသွားရမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

“ဒီ ၂၀၁၄ မှာလည်း ကျမတို့ ရန်ပုံငွေကတော့ နည်းသွားနိုင်တယ်”ဟု သူက ဆိုသည်။

လွန်ခဲ့သည့် ဇူလိုင်လအတွင်းက မယ်တော်ဆေးခန်းတည်ရှိရာ မြေပိုင်ရှင်ဖြစ်သော မေတ္တာ သန်မာရာ့ခ် ဖောင်ဒေးရှင်း (Metta Thammarak Foundation) က ပြီးခဲ့သည့် မယ်တော်ဆေးခန်း မြေနေရာတချို့ကို ရဲအရာရှိကြီး တဦးထံ ရောင်းချခဲ့သည့် သတင်းလည်း ပေါ်ထွက်ခဲ့သည်။

ယခု ဆေးခန်း မြေနေရာ ပြောင်းရွှေ့ရမှုသည် အဆိုပါကိစ္စနှင့် ဆက်စပ်ခြင်း ရှိ မရှိ ဧရာဝတီက မေးမြန်းရာ ဒေါက်တာ စင်သီယာမောင်က “အဲဒီမြေကြီးက သပ်သပ်ပါပဲ၊ အခု ရှိတဲ့ မြေကြီးက ဆက်စပ်မှုတော့ ရှိတယ်၊ ဒါပေမယ့်လို့ အဲဒီကိစ္စ က သပ်သပ်ပေါ့”ဟု ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

လွန်ခဲ့သည့် လအနည်းငယ်က သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းနှင့် အစိုးရဝန်ကြီးတချို့က ဒေါက်တာ စင်သီယာမောင် နှင့် တွေ့ဆုံပြီး မယ်တော်ဆေးခန်းကို မြန်မာနိုင်ငံနယ်မြေ အတွင်း လာရောက် ဖွင့်လှစ်ရန် ပြောဆို ကမ်းလှမ်းခဲ့ဖူးသည်။

အဆိုပါ သတင်းကြောင့် မယ်တော် ဆေးခန်း မြဝတီမြို့တွင် ဖွင့်လှစ်မည်ကို စိုးရိမ်မှုများရှိကြကြောင်း လူနာရှင်များက ပြော ဆိုကြသည်။

“ဟို မြဝတီဘက်ကမ်းကို ဆရာမရဲ့ ဆေးခန်းပြောင်းလိုက်ရင် လူနာတွေရဲ့ လုံခြုံရေးအတွက် မြဝတီဘက်က အာမ မခံနိုင်ပါဘူး။ အဓိက အဲဒီဘက်မှာက စစ်တပ်နဲ့ တခြား လက်နက်ကိုင်တွေကို ကြောက်နေရတာတွေ ရှိတယ်လေ”ဟု မယ်တော် ဆေး ခန်းတွင် လာရောက် ဆေးကုသနေသည့် လူနာရှင်တဦးက ပြောသည်။

ဒေါက်တာ စင်သီယာမောင်ကမူ မြဝတီမြို့တွင် ခုတင် ၅၀ ဆန့် ဆေးရုံရှိထားပြီးဖြစ်ပြီး ခုတင် ၁၀၀ တိုးမြှင့်ရန် ပြင်ဆင်နေ လျက်ရှိကာ ထိုင်း ကျန်းမာရေး ဌာန ထိုင်းဆေးရုံတို့နှင့် ချိတ်ဆက်ဆောင်ရွက်သည်ဟု သိရ၍ မြဝတီမြို့သို့ မယ်တော် ဆေး ခန်း ပြောင်းရွှေ့ရန် မရှိကြောင်း ပြောဆိုသည်။

“လက်ရှိ အထိတော့ ကျမတို့ ဆီကို ဆေးလာကုတဲ့ လူနာရဲ့ ၅၀ ရာခိုင်နှုန်းက ပြည်တွင်းကဖြစ်တော့ ပြည်တွင်းမှာ ရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ လက်လှမ်းမီအောင် ငွေရေး၊ ကြေးရေးအရ ဖြစ်စေ၊ လမ်းပန်းဆက်သွယ်ရေးအရ ဖြစ်စေ၊ ဘာသာ စကားအရ ဖြစ်စေ အဟန့်အတားလေးတွေတော့ ရှိတာပေါ့”ဟု ဒေါက်တာ စင်သီယာမောင် က ပြောသည်။

မယ်တော်ဆေးခန်းသည် တပ်မတော်အပါအဝင် လက်နက်ကိုင် အဖွဲ့အစည်းပေါင်းစုံမှ လူနာများ ဆေးကုသရာ နေရာ တခု လည်း ဖြစ်ပြီး ဆေးရုံ၊ ဆေးခန်းသဘာ၀ ရန်သူ မရှိကြောင်းလည်း ဒေါက်တာ စင်သီယာမောင် က ဆက်ရှင်းပြသည်။

“ဒီမှာကျတော့ ကျမတို့ဆီကိုလာတဲ့ လူနာမှာလည်း စစ်သားပေါင်းစုံ ပါတာပေါ့။ သူတို့ မိသားစုတွေလည်း ဒီမှာ လာဆုံ ကြ တာပေါ့ နော်။ ကရင်ပဲဖြစ်ဖြစ်၊ တပ်မတော်ကပဲဖြစ်ဖြစ် အားလုံးကလည်း ဒီမှာလာပြီး ဆေးလာကုတော့ မိသားစုတွေလည်း ဒီမှာပဲ ဆုံကြတာပဲလေ”ဟု သူက ဆိုသည်။

ဒေါက်တာ စင်သီယာမောင်၏ မယ်တော်ဆေးခန်းသည် တိုက်ရိုက်ဆေးကုသခြင်း၊ ဆေးသင်တန်းများ ပေးခြင်း၊ လူနာ လွှဲပြောင်းခြင်း၊ ပညာရေး စသည့် ကဏ္ဍများကို လုပ်ကိုင်နေခြင်းဖြစ်သည်။ ယင်းကဏ္ဍများ လည်ပတ်ရန် တနှစ်အတွက် စုစုပေါင်း ရန်ပုံငွေ ဘတ် သန်း ၁၀၀ ခန့်နှင့် ရုန်းကန်နေရပြီး နယ်စပ် ဒေသများရှိ မိတ်ဖက် အဖွဲ့အစည်းများကို ပံ့ပိုးမှုလည်း ပါဝင်ကြောင်း၊ တိုက်ရိုက်ဆေးကုသမှု အတွက် ဘတ် သန်း ၇၀ ကုန်ကျစရိတ် ရှိကြောင်း သိရသည်။

“ရန်ပုံငွေ ရရှိတဲ့အပေါ် မူတည်ပြီး တချို့လုပ်ငန်းတွေကို လျှော့တာတို့ ဘာတို့ လုပ်ရတယ်။ လိုအပ်ချက်က သန်း ၁၀၀ လောက်ရှိတယ်။ ၉၅ သန်းလောက်ပဲ ရတယ်ဆိုရင် တချို့လုပ်ငန်းတွေကို ရွှေ့ဆိုင်းရတာတို့ လျှော့လိုက်ရတာတို့ ရှိတယ်ပေါ့” ဟု ဒေါက်တာ စင်သီယာမောင်က ဆိုသည်။

မယ်တော်ဆေးခန်းသည် နေ့စဉ် တနေ့လျှင် ကလေး ၁၅ ဦးအထိ ပုံမှန် မွေးဖွားပေးနေရပြီး လူ ၅၀၀ ကျော်ကိုလည်း တနေ့ ၂ ကြိမ် အစားအသောက်များ ကျွေးမွေး ပေးနေရသည်။

ထို့အပြင် လူနာ ၃၀၀ မှ ၄၀၀ အထိ နေ့စဉ်ကြည့်ရှု စစ်ဆေးပေးနေပြီး နှစ်စဉ် အနည်းဆုံး လူနာပေါင်း ၇ သောင်း ခွဲနှင့် ကျန်း မာ ရေး ပြဿနာပေါင်း ၁ သိန်းကျော်ကို အခမဲ့ ဝန်ဆောင်မှုများ ပေးနေသည်။

မယ်တော်ဆေးခန်းကို ဦးဆောင်နေသည့် ဒေါက်တာ စင်သီယာမောင်သည် ဖိလစ်ပိုင်နိုင်ငံမှ ချီးမြှင့်သော ရီမွန်မက်ဆေးဆေး ဆု၊ အမေရိကန် ပြည်ထောင်စု National Endownment for Democracy – NED မှ ချီးမြှင့်သော လူ့အခွင့်အရေးဆု အပါအဝင် ဆုများစွာ ကို ရရှိထားပြီး သြစတြေးလျနိုင်ငံမှ ချီးမြှင့်သည့် အမေရိကန်ဒေါ်လာ ၅ သောင်း နှင့် အတူ ယခုနှစ်အတွက် ဆစ်ဒနီ ငြိမ်းချမ်းရေး ဆုသည် နောက်ဆုံးရရှိသည့် ဆုဖြစ်သည်။

မယ်တော်ဆေးခန်းကို ၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီးပြီးနောက် နယ်စပ်ဒေသသို့ ဒေါက်တာ စင်သီယာမောင် ရောက်ရှိလာပြီး ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ ပေးနိုင်ရေးအတွက် ထူထောင်ထားခဲ့ခြင်း ဖြစ် သည်။

Loading