ရန်ကုန်မြို့၏ စည်ကားမှု နည်းပါးနေသော လမ်းမကြီးများ ဖြစ်သည့် အမှတ် ၂ လမ်းမကြီး၊ အမှတ် ၇ လမ်းမကြီး၊ အမှတ် ၆ လမ်းမ ကြီးများ ဘေးတွင် ပွဲရုံဝင်းနှင့် ကားအဝေးပြေးဝင်းများ တိုးချဲ့ရေး ပြည်ထောင်စုအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရ ရန်ကုန်မြို့တော ်စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးလှမြင့် က ပြောဆို လိုက်သည်။
ယနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သော နေရာများတွင် ကုန်သွယ်မှု စီးပွားရေးဆိုင်ရာ အဆောက် အအုံများ ထပ်မံတိုးချဲ့ရေး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို တင်သွင်းစဉ် ဦးလှမြင့်က ထိုသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။
စီးပွားရေးမြို့တော် ဖြစ်သော ရန်ကုန်မြို့တွင် ပွဲရုံဝင်း၊ အဝေးပြေးကားဝင်းနှင့် စီမံကိန်းများ ထပ်မံတိုးချဲ့ရန်လိုအပ်နေပြီး ထိုသို့ တိုးချဲ့ရာတွင်လည်း ရန်ကုန်မြို့တဝန်း တပြေးညီ ဖွံ့ဖြိုးရေးအတွက် စည်ကားမှုနည်းနေသော အဝေးပြေးလမ်းမကြီး များ ဘေးတွင် ထပ်မံ တိုးချဲ့သင့်ကြောင်း၊ အထူးသဖြင့် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းတို့နှင့် ထိစပ် နေသော အမှတ် ၂ လမ်းမကြီး၊ သန်လျင်မြို့နယ် နှင့် ဒဂုံဆိပ်ကမ်းမြို့နယ်တို့နှင့် ထိစပ်နေသော အမှတ် ၆ လမ်းမကြီး၊ ယခု မြို့ပတ် လမ်း ဟု ခေါ်တွင်နေသာ အမှတ် ၇ လမ်းမကြီးများဘေးတွင် စီမံကိန်းများ ထပ်မံတိုးချဲ့ရန် တိုင်းဒေသကြီး လွှတ်တော်သို့ အဆို တင်သွင်းခြင်းဖြစ်ကြောင်း၊ လွှတ်တော်ကလည်း ယင်းအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပြီး ရန်ကုန်တိုင်း အစိုးရကလည်း ပြည်ထောင်စုအစိုးရနှင့်ညှိနှိုင်း ဆောင်ရွက်သွားမည်ဟု တုံ့ပြန်ပြောဆိုကြောင်း ဦးခင်မောင်ထူးက ဧရာဝတီသို့ ရှင်းပြသည်။
“ပွဲရုံတွေ၊ ကားဝင်းတွေနဲ့ စီမံကိန်းတွေ ရန်ကုန်မှာ ထပ်တိုးချဲ့ဖို့ ပြည်ထောင်စုအစိုးရနဲ့ ညှိနှိုင်းပြီးတော့ ဆောင်ရွက်မယ် မြို့တော်ဝန်က ပြောပါတယ်။ အဓိက က အမှတ် ၂ လမ်းမကြီး၊ အမှတ် ၆ လမ်းမကြီး၊ အမှတ် ၇ လမ်းမကြီးဆိုတဲ့ မြို့ပတ်လမ်းပေါ့။ အဲဒီလမ်းမကြီးတွေဘေးမှာ တိုးချဲ့ဖို့ ပြောတာ။ စော်ဘွားကြီးကုန်းဆိုတာ အရင်တုန်းက တောကြီး၊ သူ့ဘေးမှာ ကားဝင်းတွေရှိလာတော့ အရမ်းစည်သွားတယ်။ ဆိုလိုတာက မစည်ကား သေးတဲ့ အဝေးပြေး လမ်းမကြီး တွေဘေးမှာ စီမံကိန်းတွေ ထပ်လုပ်သင့်တာပေါ့” ဟု ဦးခင်မောင်ထူးက ဆိုသည်။
ရန်ကုန်မြို့တဝန်း စီမံကိန်းများ ထပ်မံတိုးချဲ့ခြင်းဖြင့် နေရာဒေသ အသီးသီးတွင် ဟန်ချက်ညီညီ စီးပွားရေးဖွံ့ဖြိုး တိုးတက်ပြီး အလုပ်အကိုင်ရရှိမှုနှင့် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအတွက် တဘက်တလမ်းမှ အထောက် အကူ ပြုလိမ့်မည် ဟု ယုံကြည်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေအသင်းဒုတိယဥက္ကဋ္ဌ ဦးသန်းဦးကမူ ရန်ကုန်လမ်းမကြီးများ ဘေးတွင် ကားဝင်း၊ အဝေးပြေးဝင်းနှင့် စီမံကိန်းများ ထပ်မံတိုးချဲ့မည်ဆိုပါက တိုးချဲ့မည့်နေရာ ပတ်ဝန်းကျင်တွင် အိမ်ခြံမြေဈေးများ မြင့်တက်လာမည်ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“စီမံကိန်း တိုးချဲ့မယ်ဆိုရင် အဲဒီစီမံကိန်း နားမှာ ဈေးတွေ တက်တာက ဒီမှာ ရောဂါတခုလို ဖြစ်နေပြီ။ အမှတ် ၂ လမ်းမကြီး ဆိုတာက ရွာသာကြီးဘက်မှာ ရှိတယ်။ အဲဒီဘက်တွေမှာ စီမံကိန်းလုပ်မယ်ဆိုရင် ဈေးတွေ တက်လာမှာပေါ့။ ဒါက ထုံးစံပဲ” ဟု ဦးသန်းဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ အမှတ် ၁ လမ်းမကြီး ဘေးတွင် စော်ဘွားကြီးကုန်း ပွဲရုံဝင်း၊ အမှတ် ၃ လမ်းမကြီးဘေးတွင် အောင်မင်္ဂလာ အဝေးပြေး ကားဝင်း၊ အမှတ် ၅ လမ်းမကြီးဘေးတွင် ဒဂုံဧရာအဝေးပြေးကားဝင်း၊ အမှတ် ၄ လမ်းမကြီးဘေးတွင် ရွှေပြည်သာ စက်မှုဇုန်များ ဖြင့် စည်ကားဖွံ့ဖြိုးလျက်ရှိသည်။