တနင်္သာရီတိုင်း ကော့သောင်းမြို့ရှိ အကျဉ်းထောင်၌ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့သည့် အတွက် အကျဉ်းသား ၁ ဦး သေ ဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထိုအမှုနှင့်ဆက်စပ်၍ ထောင်တွင်းရှိ အကျဉ်းသားများသည် ယနေ့တွင်လည်း အသံတိတ် ဆန္ဒပြနေကြကြောင်း၊ အကျဉ်း သား တချို့မှာ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေကြကြောင်း၊ ထောင်ထဲတွင် အကျဉ်းသား ၇၀၀ ဝန်းကျင် ရှိကြောင်း အကျဉ်း သားများအား ကူညီပေးနေသူနှင့် ဒီမိုကရက်တစ် ပါတီ(မြန်မာ) ၏ တနင်္သာရီတိုင်း စည်းရုံးရေးမှူး ဦးသန်းထွန်းက ဧရာဝတီ ကို ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့ ညတွင် အကျဉ်းသား ညီအစ်ကို နှစ်ဦး အချင်းများရာမှ စတင်ခဲ့သော ထောင်တွင်း ပဋိပက္ခ ကြောင့် သက်ဆိုင်ရာ ထောင်အာဏာပိုင်တို့က ပစ်ခတ်လူစုခွဲရာ ကိုဌေးငယ် ဆိုသူ သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိ၍ ဆေးရုံ တင် ထားရကြောင်း ကော့သောင်းမြို့ခံလည်း ဖြစ်သူ ဦးသန်းထွန်းက ပြောသည်။
ထောင်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများသည် ထောင်သားများ ထောင်ဖောက်၍ ထွက်ပြေးရန် ကြိုးပမ်းမှုကြောင့် သက်ဆိုင် ရာက အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ သတင်း ထုတ်လွှင့်ခဲ့ကြောင်း၊ ထိုသတင်းကို မကျေ နပ်သည့်အတွက် ယမန်နေ့က စတင်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ထောင်ပိုင်လူသတ်သမား အလိုမရှိ၊ လူသတ်သမား ချက်ချင်း အရေးယူပေး၊ မြန်မာ့ ရုပ်မြင်သံကြားက သတင်းမှား ထုတ် လွှင့်ပေးတာကို ဖြေရှင်းပေးဖို့ ထောင်တွင်းသို့ သတင်းမီဒီယာတွေ ချက်ချင်း ခေါ်သွင်းပေး ဆိုပြီးတော့ မနေ့က ကြွေးကြော် ဆန္ဒပြတယ်၊ ဒီနေ့တော့ အသံတိတ်ပြကြတာပါ”ဟု ဦးသန်းထွန်း က ဆိုသည်။
ထောင်သားများ ထောင်ဖောက်ထွက်ရန် ကြိုးပမ်းသည်ဟု အာဏာပိုင်များက သတင်းလွှင့်ခြင်းသည် မဟုတ်မှန်
ကြောင်း လည်း ၎င်းက ပြောသည်။
အကျဉ်းသား ကိုရဲကိုလှှိုင်နှင့် ကိုညီညီလှှိုင် ဆိုသူ ညီအစ်ကို နှစ်ဦး စကားများရန်ဖြစ်ကြရာ ထောင်တန်းစီး ဦးထွန်းထွန်း က တားဆီးဟန့်တားသည့်တိုင် တားမရ၍ ထောင်ပြင်သို့ ခေါ်ထုတ်ပြီး ထောင် အာဏာပိုင်တို့က ရိုက်နှက် ထိုးကြိတ် ကြောင်း၊ ထို့ကြောင့် ကိုရဲကိုလှှိုင်တွင် လက်တဖက် ဒဏ်ရာ ရသွားကြောင်း သိရသည်။
“ညီအစ်ကို နှစ်ယောက်ကို ထောင်အာဏာပိုင် လေး ငါး ဆယ်ယောက် လောက် ဝိုင်းရိုက်တာ၊ ကန်ကျောက် တာတွေ ကို ထောင်သားတွေက မြင်တော့ မခံမရပ်နိုင်ဖြစ်ပြီးတော့ ရုန်းရင်းဆန်ခတ်ဖြစ်တယ်၊ ဒါကို ပစ်ခတ် လူစုခွဲတော့ ကိုဌေးငယ် ဆိုတဲ့ တယောက်က သေဆုံးတယ်”ဟု ဦးသန်းထွန်း က ပြောသည်။
ယမန်နေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြရာတွင် ထောင်တွင်းရှိ အကျဉ်းသားများသည် ထောင်ဖောက်၍ ထွက်ပြေးရန် ကြိုးပမ်းမှုတခု ဖြစ်ပွား၍ တဦး သေဆုံးကာ ၇ ဦး ဒဏ်ရာ ရရှိကြောင်း ရေးသားထားသည်။
အကျဉ်းသား ရဲကိုလှှိုင်နှင့် ညီညီလှှိုင်တို့ ညီအစ်ကို နှစ်ဦး စကားများရန်ဖြစ်ရာမှ အစပြုခဲ့သော ရုန်းရင်း ဆန်ခတ်မှုကို အခွင့် ကောင်းယူ၍ အိပ်ဆောင် ၁ မှ အကျဉ်းသားများက ဆူပူမှု ဖြစ်စေရန် ဖန်တီးခဲ့ကြောင်း၊ ဆူပူမှု မဖြစ်ရေး တာဝန်ရှိသူများ က အသံချဲ့စက်ဖြင့် အသိပေး ထိန်းသိမ်းကြောင်းလည်း သတင်းစာက ဖော်ပြသည်။
အကျဉ်းသားများသည် အိပ်ဆောင် အောက်ထပ်ရှိ ကော်ရစ်တာတို့အား မီးရှှို့ခြင်း၊ လျှပ်စစ်မီး ဆလိုက်များအား ခဲဖြင့်ပစ် ပေါက်ခြင်းတို့ ပြုလုပ်ပြီး အိပ်ဆောင်အတွင်းမှ ဖောက်ထွက်၍ ထောင်တွင်းဆူပူမှုကို အရှိန်မြှင့်လုပ်ဆောင်ရန် ကြိုးစားခဲ့ကြ ကြောင်းနှင့် ထိုဆူပူမှုကို ထိန်းသိမ်းရန် ပွိုင့် ၃၀၃ ရိုင်ဖယ်နှင့် ဘီအေ ၅၂ တို့ဖြင့် သတိပေး ပစ်ခတ်ခဲ့ကြောင်း အစိုးရ သတင်းစာ က ဆိုသည်။
ဒဏ်ရာ ရရှိထားသူများအား ကော့သောင်း ဆေးရုံကြီး၌ ဆေးဝါး ကုသပေးထားကြောင်း၊ ထောင်ဆူပူမှု ဖြစ်စေရန် ဖန်တီးပြီး ထောင်ဖောက်ထွက်ရန် ကြိုးစားသူများကို ဖော်ထုတ်၍ ဆက်လက်အရေးယူ အပြစ်ပေး သွားမည်ဖြစ်ကြောင်းလည်း သတင်းစာ များက ဖော်ပြထားသည်။
ဒဏ်ရာရသူ ၇ ဦး အနက် ၃ ဦးသည် ဒဏ်ရာပြင်းထန်၍ မြိတ်မြို့ ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှု ခံယူနေရကြောင်း ကော့ သောင်း ဒေသခံတချို့က ဧရာဝတီ ကို ပြောပြသည်။