ဧရာဝတီမြစ်ရေနှင့် ဒုဋ္ဌဝတီမြစ်ရေမှာ စိုးရိမ်ရေမှတ်ကို ကျော်လွန်သွားကြောင်း မန္တလေးတိုင်းဒေသကြီး မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ ထုတ်ပြန်ထားပြီး ရေဘေးသင့် ဒေသများတွင် အစားအသောက်နှင့် အကူအညီ လိုအပ်နေကြောင်း သိရသည်။
ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် စက်တင်ဘာလ ၉ရက်နေ့ ည ၇ နာရီခွဲစတင်ပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်း စိုးရိမ်ရေအမှတ်မှ ယနေ့အချိန်အထိ ဆက်လက်တည်ရှိနေပြီး မိုးဇလ၏ တိုင်းထွာချက်များအရ စိုးရိမ်ရေအမှတ် အထက် ၇၃ စင်တီမီတာ (၂ ဒသမ ၄ ပေခန့်) ကျော်လွန်နေကြောင်း သိရသည်။
ဧရာဝတီမြစ်ရေသည် စက်တင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲတွင် မန္တလေးမြို့၏ စိုးရိမ်ရေအမှတ်ကို စတင်ရောက်ရှိခဲ့ပြီး စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၁ နာရီတွင် ညောင်ဦးမြို့၏ စိုးရိမ်ရေအမှတ်ထက် ၂၅ စင်တီမီတာအထိ ကျော်လွန်ခဲ့ကြောင်း တိုင်းဒေသကြီး မိုးဇလက၏ ထုတ်ပြန်ချက်က ဆိုသည်။
၂၀၀၄ ခုနှစ်တွင် ဧရာဝတီမြစ်ရေသည် ၁၀ ရက်ခန့် တန့်နေပြီး မြစ်ရေများ မန္တလေးမြို့တွင်းသို့ ဝင်ရောက်ကာ တမြို့လုံးနီးပါး ဆိုးဝါးစွာ ရေကြီးဖူးကြောင်း မန္တလေးမြို့ခံများက ပြောသည်။
မန္တလေးမြို့နှင့် စစ်ကိုင်းမြို့များတွင် ဧရာဝတီမြစ်ရေ တက်မှုကြောင့် ကျေးရွာအချို့ ရေနစ်မြှုပ်လျက်ရှိကြောင်း၊ ဒုဋ္ဌဝတီမြစ်ရေ တက်မှုကြောင့် အမရပူရမြို့နယ်ရှိ ကျေးရွာများလည်း ရေနစ်မြှုပ်ကာ အစားအသောက်နှင့် သောက်သုံးရေ အခက်အခဲရှိကြောင်း စုံစမ်းသိရှိရသည်။
မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံး၏ ကောက်ထားသော စာရင်းများအရ ဧရာဝတီမြစ်ရေ တက်မှုကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ညောင်ဦးမြို့နယ်ရှိ အိမ်ခြေ ၁၀၈ အိမ်၊ ကြအိုကျေးရွာရှိ အိမ်ခြေ ၂၃၄ အိမ်၊ စဉ့်ကူအုပ်စု ကျွန်းမကြီးရွာတွင် အိမ်ခြေ ၉၁ အိမ်၊ ရှမ်းကလေးကျွန်း အိမ်ထောင်စု ၈၃ စု ရေလွှမ်းခံနေရကြောင်း သိရသည်။
မန္တလေးခရိုင် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ် ရပ်ကွက်ရှိ အိမ်ထောင်စု ၂၇ စု၊ ရွှေဂွမ်းထုပ်ရပ်ကွက်ရှိ အိမ်ထောင်စု ၉၂ စုတို့ ရေဘေးသင့်ခံနေရပြီး နီးစပ်ရာနေရာများနှင့် ဆွေမျိုးများထံသို့ သွားရောက် ခိုလှုံနေရသည်။
တောင်သမန် ကျေးရွာလည်း ရေနစ်မြှုပ်လျက်ရှိပြီး ရတနာပုံ တက္ကသိုလ်မှာ အောက်ခြေ ၃ ပေကျော် ရေနစ်မြှုပ်လျက် ရှိကြောင်း၊ တက္ကသိုလ် ရေနစ်မြှုပ်နေသော်လည်း စာမေးပွဲကို ဆက်လက်ကျင်းပလျက် ရှိကြောင်း သိရသည်။
“တက္ကသိုလ်က ရေမြှုပ်နေပေမဲ့လည်း စာမေးပွဲရက်ကို နောက်ဆုတ်မပေးပါဘူး။ အခုကျမတို့ ရေတောထဲမှာ စာမေးပွဲ ဖြေရတာပါ။ စာမေးပွဲဖြေဖို့အတွက် ရေနစ်နေတဲ့လမ်းတွေကို လမ်းလျှောက်ပြီး လာခဲ့ရတာပါ” ဟု ရတနာပုံ တက္ကသိုလ် ကျောင်းသူတဦးက ပြောသည်။
ထို့အတူ တံတားဦးမြို့နယ်တွင်လည်း မြစ်ရေကြီးမှုကြောင့် မြစ်ရိုးတလျှောက်ရှိ ကျေးရွာများမှ မူလတန်းကျောင်းများ ခေတ္တပိတ်ထားရသည်။
ဒုဋ္ဌဝတီမြစ်ရေသည် ရဲရွာ ရေကာတာတမံ တည်ဆောက်ထားမှုကြောင့် ဒေသခံများအတွက် အထူးစိုးရိမ်စရာ ဖြစ်နေကြောင်း၊ မြစ်ရေတက်ရာတွင် တခြားမြစ်များနှင့် မတူဘဲ ရေထိန်းတမံကြောင့် မြစ်ရေ ဒလဟော ထိုးတက်လာခြင်း၊ ရေများကျသွားခြင်း မရှိဘဲ ရက်ပေါင်းများစွာ တင်ကျန်နေခြင်းတို့ကြောင့် ကျေးရွာသူ၊ ကျေးရွာသားများမှာ ဒုက္ခရောက်လျှက် ရှိကြောင်း သိရသည်။
မြစ်ရေကြီးသည့် နေရာများသို့ လူမှုရေးအဖွဲ့စည်းများနှင့် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့ သွားရောက်ကာ ထမင်းထုပ်များ၊ ရေသန့်ဗူးများ၊ ခေါက်ဆွဲခြောက်များ ပေးဝေလျက် ရှိပြီး လိုအပ်သည့် ဆေးဝါးများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများလည်း လုပ်ကိုင်လျက် ရှိသည်။
ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသောကြောင့် မန္တလေးမြို့တော် စည်ပင်မှ ဝန်ထမ်းများ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ဧရာဝတီမြစ်ဘေး တာပေါင်တလျှောက် လိုအပ်သည့်နေရာများတွင် သဲအိတ်များ စုပုံထားကာ ရေဝင်ရောက်မှုကို ကာကွယ်လျက်ရှိသည်။ သဲအိတ်များကို ဧရာဝတီမြစ် ကျွဲစွန်းဆိပ်ကမ်း မြောက်ဘက် ကမ်းနားလမ်း တလျှောက်တွင် လည်ကောင်း၊ ရွှေကြက်ယက်ကျေးရွာ ရတနာပုံတံတား အဝင်လမ်း တလျှောက်တွင် လည်ကောင်း ချထားလျက် ရှိသည်။
ပြည်မြို့တွင်လည်း မြစ်ရေတက်လာမှုကြောင့် မြို့မြောက်ဘက်ပိုင်းရှိ အနိမ့်ပိုင်း အိမ်ခြေများ ရေမြှုပ်လျက်ရှိကြောင်း၊ ယမန်နေ့ တိုင်းတက်ချက်များအရ ယခုနှစ်ထဲတွင် အမြင့်ဆုံးရေမှတ်ဖြစ်ကြောင်း သိရသည်။