၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်အနေဖြင့် သမ္မတ ဦးသိန်းစိန် ကို ပြုပြင် ပြောင်းလဲရေး သမားတဦးဟု ယုံကြည်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးနှင့် အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး အတွက် သမ္မတ ဦးသိန်းစိန် နှင့် လက်တွဲ သွားမည်ဟု ပြောဆိုလိုက်သည်။
စက်တင်ဘာလ ၁၄ ရက်နေ့ နေပြည်တော်ရှိ သမ္မတ လယ်တောအိမ်တွင် သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များ ၃ နာရီ ကြာ တွေ့ဆုံခဲ့ပြီးနောက် ၈၈ ကျောင်းသား ခေါင်းဆောင်များက ထိုသို့ ပြောဆိုခြင်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံစဉ် ဦးသိန်းစိန်က ၈၈ မျိုးဆက် ကျောင်းသား များ လုပ်ဆောင် နေသော နိုင်ငံရေး၊ လူမှုရေး လုပ်ဆောင်ချက်များကို ထောက်ခံအားပေးသည်ဟု ပြောဆိုကြောင်း သိရှိ ရသည်။
“သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး သမား အဖြစ် ကျနော် တို့ ယုံကြည်မှု ရှိပါတယ်။ သူက ပြုပြင် ပြောင်းလဲရေး အတွက် အကောင်းဆုံး ကြိုးစားနေတဲ့ ပုဂ္ဂိုလ်ပါ ။ သမ္မတက ကျနော် တို့ကို ပါတီ ထောင်ခိုင်းတာမျိုး မရှိပါဘူး။ ကျနော်တို့ ယုံကြည်ရာကို ရပ်တည်ဖို့ အားပေး ထောက်ခံတယ်ဆိုတဲ့ သဘောပါပဲ”ဟု ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဦးဂျင်မီက ဧရာဝတီသို့ ပြောသည်။
လတ်တလော အစိုးရနှင့် လွှတ်တော်အကြား ပွတ်တိုက်မှု ရှိနေခြင်းသည် အာဏာခွဲဝေ ကျင့်သုံးရေးတွင် ကျင့်သား မရှိသေးမှု ကြောင့် ဖြစ်ပြီး လက်ရှိတွင် နိုင်ငံရေး ပြဿနာ တချို့ရှိနေကြောင်း၊ သို့ရာတွင် အမျိုးသား ပြန်လည် သင့်မြတ်ရေး ၊ ပြည်တွင်း ငြိမ်းချမ်းရေး ၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် သမ္မတမှ စ၍ အောက်ခြေ ဝန်ထမ်း အထိ စိတ်ဆန္ဒရှိသူ မည်သူနှင့် မဆို လက်တွဲသွားမည်ဟု ၈၈ မျိုးဆက်ကျောင်းသားများက ဆိုသည်။
” သမ္မတကြီး လည်း ပြီးခဲ့တဲ့ ကာလတွေမှာ မှားယွင်းတဲ့ အုပ်ချုပ်ရေးပုံစံတွေ လုပ်ခဲ့တယ်ဆိုတာ သဘောပေါက်ပုံရတယ်။ သူ့အနေနဲ့ ပြည်သူတွေကို အာမခံချက်ရှိတဲ့ မျှော်လင့်ချက်ရှိတဲ့ အနာဂတ် ဖြစ်အောင် လုပ်ဖို့လိုအပ်တယ်ဆိုတာလည်း သိပုံရတယ်။ တကယ့် နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုဟာ ၂၀၁၅ နောက်ပိုင်းမှာ ဖြစ်လိမ့်မယ်။ ၂၀၁၅ မတိုင်ခင်မှာ နိုင်ငံရေး အခြေခံကောင်း တွေ ရအောင် လုပ်ပေးခဲ့မယ် ဆိုတဲ့ ပုံစံကို သမ္မတက ပြောပါတယ် ” ဟု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် တဦး ဖြစ်သူ ဦးဌေးကြွယ်ကဆိုသည်။
သမ္မတနှင့် တွေ့ဆုံပွဲတွင် သဘောတူညီချက် တချို့ရရှိခဲ့ပြီး တိုင်းပြည် ပြန်လည် တည်ဆောက်ရေးတွင် အားလုံး ပါဝင်နိုင်ရန်နှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် မတူညီသော အယူအဆများကို စေ့စပ်ညှိနှိုင်းသော နည်းဖြင့်သာ အဖြေရှာရန် ဟူသော အချက် ၂ ချက်ကို သမ္မတဦးသိန်းစိန်နှင့် သဘောတူညီခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားများ ထံမှ သိရှိရသည်။
”အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်စဉ်မှာ သက်ဆိုင်တဲ့သူ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်တစ်ခု ဖြစ်ဖို့
ပြောတယ်။ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးမှာလည်း နိုင်ငံရေးယဉ်ကျေးမှု ဖြစ်တဲ့ တူတာတွေ တွဲလုပ်ပြီး မတူတာတွေကို စေ့စပ် ညှိနှိုင်း အဖြေရှာသွားရေး ဆိုတဲ့ နိုင်ငံရေး ယဉ်ကျေးမှု ခိုင်မာအားကောင်းရေးပေါ့။ အဲဒီ ၂ ချက် မှာ ကျနော်တို့ သဘော တူညီချက် ရခဲ့တယ် ”ဟု ဦးဂျင်မီက ပြောသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေး ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုများ တွင် လွှတ်တော်၊ အစိုးရ အဖွဲ့၊ လွှတ်တော် ပြင်ပရှိ တိုင်းရင်းသား အင်အားစုများ၊ နိုင်ငံရေး အင်အားစုများ ၊ အရပ်ဘက် အဖွဲ့အစည်းများ အားလုံး ပါဝင်နိုင်ရေး ၊ အရပ်ဘက် အဖွဲ့အစည်းများ အားကောင်းရေး၊ အစိုးရအုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နှင့်
အရပ်ဘက် အဖွဲ့အစည်းများ အပြန်အလှန် ပူးပေါင်း ဆောင်ရွက်ရေး၊ လယ်ယာမြေ ပြဿနာများ ဖြေရှင်းရေးတို့ကို လည်း သမ္မတ ဦးသိန်းစိန်နှင့် ဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
” ၈ လေးလုံးငွေရတု အခမ်းအနားမှာ ကျနော်တို့ ချမှတ်ခဲ့တဲ့ နိုင်ငံရေး ရည်ရွယ်ချက်တွေ ရှိပါတယ်။ အဲဒီကိစ္စတွေကို အကောင် အထည်ဖော်ဖို့ ကြိုးစားနေတယ်လို့ ကျနော်တို့ ပြောပြတဲ့အခါ သမ္မတက ဘာပြောလဲဆိုတော့ ကိုယ့်ရဲ့ ရပ်တည်ချက် တွေနဲ့ ကိုယ်ရှိကြတယ်။ အားလုံး ပါဝင်နိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ် ကို သူလည်း သွားချင်ပါတယ်လို့ ခိုင်ခိုင်မာမာ ပြောတယ်” ဟု ဦးဌေးကြွယ်က ပြောသည်။
ဦးသိန်းစိန်နှင့် သူရဦးရွှေမန်းတို့ အကြား နိုင်ငံရေး အားပြိုင်မှုများ ပေါ်ပေါက်နေချိန်တွင် သမ္မတဦးသိန်းစိန် အနေဖြင့် အားကောင်းသော ပြင်ပနိုင်ငံရေး အင်အားစု တခုဖြစ်သည့် ၈၈ မျိုးဆက်ကျောင်းသားများနှင့် တွေ့ဆုံခြင်း သည် စိတ်ဝင်စားဖွယ်ကောင်းကြောင်း၊ အထူးသဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ အောက်တိုဘာလ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး နီးကပ်လာချိန်တွင် ပြင်ပနိုင်ငံရေး အင်အားစုများ တွေ့ဆုံခြင်းဖြင့် သမ္မတဦးသိန်းစိန် သည် နိုင်ငံရေး ချိန်ခွင်လျှာ ညှိသော လုပ်ရပ်ဖြစ်နိုင်သည်ဟု နိုင်ငံရေးအသိုင်းအဝိုင်းက သုံးသပ် ပြောဆိုသည်။